အရေပြားလေးဖက်နာရောဂါ ဖြစ်တဲ့အခါ
အရေပြားလေးဖက်နာဆိုတာ နာတာရှည်ရောဂါတစ်မျိုးဖြစ်တာမို့ အရာရာတိုင်းကို သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ အရေပြားလေးဖက်နာဖြစ်သူ အမျိုးသမီး အတော်များများဟာ ဘဝကို ကျန်းမာပျော်ရွှင်စွာနဲ့ တာရှည်နေနိုင်ကြပါတယ်။ အရေပြားလေးဖက်နာလက္ခဏာတွေကို ထိန်းချုပ်ဖို့၊ ရောဂါထကြွတာကိုကာကွယ်ဖို့၊ ရောဂါရဲ့စိန်ခေါ်မှုတွေကိုကျော်လွှားဖို့ မိမိကိုယ်တိုင် လုပ်ဆောင်ရမယ့်အချက်တွေကို လိုက်နာဖို့လိုပါတယ်နော်။
>> အရေပြားလေးဖက်နာလက္ခဏာတွေ သက်သာစေဖို့ ဘာတွေလုပ်ပေးရမလဲ?
အရေပြားလေးဖက်နာကို ထိန်းချုပ်ဖို့အတွက် ဒီကုထုံးတွေကို သေချာလိုက်နာပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေကို လိုက်နာကြည့်ပါ။
● ရောဂါထကြွတော့မယ်ဆိုရင် ဘာတွေဖြစ်သလဲဆိုတာ သိအောင်လုပ်ထားပါ။
● ဆရာဝန်နဲ့မှန်မှန်ပြသပါ။
● ကိုယ့်ကိုယ်ကို တကယ်ဖြစ်နိုင်တဲ့ပန်းတိုင်လေးတွေ ချမှတ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။
● နေရောင်ခြည်၊ ရောင်ပြန်အလင်းတွေကို တတ်နိုင်သလောက် ရှောင်ရှားပါ။
● ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို အများဆုံး ရွေးချယ်စားသောက်ပါ။
● အိပ်ချိန်၊ နားချိန် ကောင်းကောင်းရပါစေ။
● ဆရာဝန်ကလည်း လက်ခံတယ်၊ ကိုယ်တိုင်ကလည်း နေထိုင်ကောင်းတယ်ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လေးလုပ်ပေးပါ။
● ကိုယ်ကိုယ်တိုင် ယုံကြည်ရပြီး အကူအညီတောင်းနိုင်တဲ့ အဖွဲ့အစည်းလေးတွေမှာ ပါဝင်ပါ။
ဒီလိုနည်းတွေကို ကြိုးစားလုပ်ဆောင်ပြီး အကောင်းဆုံးဂရုစိုက်နေရက်နဲ့ကို အရေပြားလေးဖက်နာလက္ခဏာတွေ ပိုဆိုးလာတဲ့အချိန်မျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး သက်သာမယ့်နည်းလမ်းတွေ လုပ်ဆောင်ပါ။
>> အရေပြားလေးဖက်နာ ဖြစ်နေတာကြောင့် စားသောက်တာကို ပြောင်းလဲဖို့လိုမလား?
လိုနိုင်ပါတယ်။ ရောဂါလက္ခဏာနဲ့ ဆေးတွေပေါ် မူတည်ပြီး စားသောက်ပုံပြောင်းလဲဖို့ လိုနိုင်ပါတယ်။ ဆရာဝန်၊ ဆရာမနဲ့ တိုင်ပင်ပါ။
● ရောဂါကြောင့် သွေးတွင်းအဆီများနေခဲ့ရင် အဆီနည်းတဲ့အစားအသောက်တွေကို ရွေးစားဖို့ လိုပါတယ်။
● စတီးရွိုက်တွေ၊ တခြားဆေးတွေကြောင့် ကိုယ်အလေးချိန်တက်လာခဲ့ရင် ကယ်လိုရီနည်းတဲ့ အစားအသောက်တွေ စားပေးဖို့ လိုပါတယ်။
● နေရောင်ကို ရှောင်ဖို့လိုတာမို့ ဗီတာမင်ဒီ ချို့တဲ့နိုင်ပါတယ်။ အားဆေးသောက်ဖို့ လို၊ မလို ဆရာဝန်နဲ့ တိုင်ပင်ပါ။
>> အရေပြားလေးဖက်နာရှိရင် ကာကွယ်ဆေးထိုးလို့ရလား?
ကာကွယ်ဆေးတွေ ထိုးလို့ရပါတယ်။ အားလုံးတော့မရပါဘူး။ ပိုးအရှင်ကနေ ထုတ်ထားတဲ့ ကာကွယ်ဆေးတွေဆိုရင်တော့ ထိုးလို့မရပါဘူး။ အရေပြားလေးဖက်နာရှိသူတွေမှာ တုပ်ကွေး၊ နမိုးနီးယားဖြစ်နိုင်ခြေ ပိုများတာမို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကာကွယ်ဆေးတွေ ကြိုထိုးဖို့လိုပါတယ်။
>> အရေပြားလေးဖက်နာရှိသူတွေနဲ့ တည့်တဲ့ကာကွယ်ဆေးတွေကတော့ -
● တုပ်ကွေးကာကွယ်ဆေး (နှာခေါင်းတွင်းဖြန်း ကာကွယ်ဆေးမဟုတ်ဘဲ ထိုးဆေးပါ။ နှာခေါင်းတွင်းဖြန်း ကာကွယ်ဆေးမှာ ပိုးအရှင်ပါတာမို့ အရေပြားလေးဖက်နာသမားနဲ့ မသင့်တော်ပါ။)
● အဆုတ်ရောင်ကာကွယ်ဆေး
● သားအိမ်ခေါင်းကင်ဆာပိုးကာကွယ်ဆေး
● ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး စတာတွေ ဖြစ်ပါတယ်။
>> ပိုးအရှင်ပါဝင်ပြီး အရေပြားလေးဖက်နာသမားတွေအတွက် မသင့်တော်တဲ့ကာကွယ်ဆေးတွေကတော့ -
● တုပ်ကွေးနှာခေါင်းတွင်းဖြန်းကာကွယ်ဆေး
● ရေကျောက်ကာကွယ်ဆေး
● ရေယုန်ကာကွယ်ဆေး
● ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးတွေပါပဲ။
ဒါပေမဲ့ တချို့အရေပြားလေးဖက်နာသမားတွေမှာတော့ ဒီကာကွယ်ဆေးတွေထိုးလည်း ဘာမှမဖြစ်တာမို့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်။
>> အရေပြားလေးဖက်နာကို ကျော်လွှားနိုင်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ?
အရေပြားလေးဖက်နာလိုမျိုး နာတာရှည်ရောဂါကို ကျော်လွှားဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကိုယ့်ကျန်းမာရေး၊ ကိုယ့်အလုပ်နဲ့မိသားစုဘဝအပေါ် သက်ရောက်မှု စတာတွေဟာ စိတ်ဖိစီးမှု များလှပါတယ်။ ကိုယ့်လက္ခဏာတွေနဲ့ ခံစားချက်တွေအကြောင်းကို ဆရာဝန်နဲ့ ဆွေးနွေးပါ။ အရေပြားလေးဖက်နာ ဝေမျှရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဝေမျှနိုင်ပါတယ်။ ကိုယ်နဲ့ဘဝတူ၊ ခံစားချက်တူသူတွေနဲ့ စကားပြော ရင်ဖွင့်ရတာ အင်မတန်မှ စိတ်သက်သာစေပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















