/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အိုဂျီနှင့်ပြသဖို့-လိုအပ်နေပြီဖြစ်ကြောင်း-အချက်ပေးနေသည့်

အိုဂျီနှင့်ပြသဖို့ လိုအပ်နေပြီဖြစ်ကြောင်း အချက်ပေးနေသည့် လက္ခဏာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          သတ်လတ်ပိုင်းနှင့် သက်နှောင်းပိုင်း အမျိုးသမီးများအနေဖြင့် အိုဂျိီနှင့် တစ်နှစ်တစ်ခါ အနည်းဆုံး ပြသဆွေးနွေးသင့်တယ်ဆိုတာ သိကြပြီး ဖြစ်ပါတယ်။

          သို့သော်လည်း အောက်ပါပြဿနာများနှင့်  ရင်ဆိုင်ကြုံတွေ့ရပါက တစ်နှစ်တစ်ခါ စစ်ဆေးမှုကို မစောင့်ဘဲ အိုဂျိီနှင့် ချက်ချင်း ပြသဖို့ လိုအပ်ပါတယ်။

 

(၁)    သားဆက်ခြား နည်းလမ်းအသစ်ကို စတင်အသုံးပြုနေခြင်း

          သားဆက်ခြား နည်းလမ်းများအနေဖြင့် သောက်ဆေး၊ ထိုးဆေးစသည်ဖြင့် လွယ်လင့်တကူ ရွေးချယ်နိုင်သော်လည်း လူတစ်ဦးချင်းပေါ် မူတည်ပြီး ဓာတ်မတည့်ခြင်းများ ဖြစ်နိုင်ပါတယ်။ သင်ဟာ ထိုးဆေးနှင့် မတည့်သူဖြစ်ပါက သောက်ဆေးကို ပြောင်းသုံးဖို့ စဉ်းစားမိမှာပါပဲ။ သို့ပေမယ့် သားဆက်ခြားနည်းတစ်ခုကနေ နောက်တစ်ခုကို မပြောင်းခင်မှာ အိုဂျိီနှင့်စနစ်တကျ တိုင်ပင်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်သည့်အပြင် အောင်မြင်သော သားဆက်ခြားခြင်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 

(၂)     လိင်ကတစ်ဆင့် ကူးစက်သောရောဂါများကို စစ်ဆေးခြင်း

          အရွယ်ရောက်ပြီး အမျိုးသမီးတိုင်းအနေဖြင့် လိင်ကတစ်ဆင့် ကူးစက်သောရောဂါများကို စစ်ဆေးထားသင့်ပါတယ်။ လိင်ကတစ်ဆင့် ကူးစက်သောရောဂါများကို မကုသဘဲထားပါက ကလေး မရနိုင်ခြင်းနှင့် နောက်ဆက်တွဲရောဂါဆိုးများကို ဖြစ်ပေါ်စေမှာပါ။ ကြောက်စရာကြီးနော်။ ဒါကြောင့် လိင်ကတစ်ဆင့် ကူးစက်သောရောဂါများကို စောစီးစွာ စစ်ဆေးခြင်းဖြင့် အချိန်မီကုသနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့စစ်ဆေးရာတွင်လည်း ကျွမ်းကျင်သော အိုဂျီနှင့် အရင်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

(၃)     ကလေး မယူခင်အချိန် ကြိုတင်ပြင်ဆင်ခြင်း

          သင်ဟာ ကလေးယူဖို့ ပြင်ဆင်နေသော မိခင်တစ်ဦးဆိုပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် အခြားနာတာရှည်ရောဂါများ ရှိ/မရှိ စစ်ဆေးသင့်သလို သားအိမ်အနေအထားနှင့် အမျိုးသမီးရောဂါများ ရှိ/မရှိကိုလည်း ကြိုတင်စစ်ဆေးသင့်ပါတယ်။

 

(၄)     ကိုယ်ဝန်ဆောင်နေချိန်

          ကိုယ်ဝန် အစောပိုင်းကာလကတည်းကပင် အိုဂျီထံမှာ ကိုယ်ဝန်အပ်ခြင်း ပြုလုပ်ရပါမယ်။ ကိုယ်ဝန်ကာလ တစ်လျှောက်လုံးတွင်လည်း အိုဂျီနှင့် ပုံမှန်ပြသခြင်းဖြင့် ကိုယ်ဝန်ပျက်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ကလေးအသေမွေးခြင်းစသော ပြဿနာများကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျန်းမာသော ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

 

(၅)     ရာသီများခြင်းနှင့် ရာသီလာစဉ် ကိုက်ခဲခြင်းများ ဖြစ်ပေါ်ခြင်း

          သင့်ရာသီသွေးဆင်းခြင်းဟာ ပုံမှန်ထက်များခြင်း သို့မဟုတ် ရာသီလာစဉ် အလွန်ကိုက်ခဲခြင်းတို့ရှိပါက သင့်တွင် မီးယပ်နှင့်ဆိုင်သော ရောဂါတစ်ခုခု ရှိနိုင်ပါတယ်။ ထို့သို့သော အခြေအနေမျိုးတွင် အိုဂျီနှင့် တိုင်ပင်ပြီး စစ်ဆေးမှုများ ပြုလုပ်ဖို့ လိုပါတယ်။

 

(၆)     ကလေးမရနိုင်ခြင်း

          သင်ဟာ ၆ လ ကျော်ကြာ ကြိုးစားတာတောင်မှ ကလေးမရနိုင်ခြင်း၊ အသက် ၃၅ နှစ်ကျော်သည်အထိ ကလေးမရနိုင်ခြင်းမျိုး ဖြစ်ပေါ်ပါက ကျွမ်းကျင်သော သားဖွားမီးယပ်ဆရာဝန်၏ အကူအညီ လိုအပ်နေပါပြီ။ ကလေးမရနိုင်ခြင်းကို အဖြေရှာဖို့ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကုသမှုများခံယူခြင်းဖြင့် ကလေးရရှိနိုင်အောင် ကြိုးစားနိုင်ပါတယ်။

 

(၇)     သွေးဆုံးကိုင်ဝေဒနာများ ခံစားနေရခြင်း

          အသက် ၄ဝ ကျော်ကနေ ၅၁ နှစ်အတွင်း အမျိုးသမီးများအနေဖြင့် သွေးဆုံးကိုင်ဝေဒနာများကို စတင်ခံစားကြရပါတယ်။ ထိုအခါမျိုးတွင်လည်း အိုဂျီထံ ပြသပြီး လိုအပ်သော ကုသမှုခံယူခြင်းဖြင့် ဝေဒနာများ သက်သာနိုင်ပါတယ်။

 

(၈)     ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းနှင့် ရင်သားပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း

          သင့်ရင်သားတွင် အလုံးအကြိတ်များ ဖြစ်ပေါ်ခြင်း သို့မဟုတ် မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းတို့ ဖြစ်ပေါ်ပါက အိုဂျိီနှင့် အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

 

(၉)     အိုဂျီနှင့် တိုင်ပင်ပြသဖူးခြင်း မရှိသူများ

          သင်ဟာ အရွယ်ရောက်ပြီး အမျိုးသမီး သို့မဟုတ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်ပါက အိုဂျီနှင့် အနည်းဆုံး တစ်ခါတော့ ပြသတိုင်ပင်သင့်ပါတယ်။ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် မလိုလားအပ်သော ရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)