/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများမှာ-ပိုဖြစ်လေ့ရှိတဲ့-ရောဂါအခြေအနေ-8-မျိုး

အမျိုးသားများမှာ ပိုဖြစ်လေ့ရှိတဲ့ ရောဂါအခြေအနေ 8 မျိုး

Category
အမျိုးသားများနှင့်ကျန်းမာရေး

1.  အရောင်အချို့ကိုမမြင်ခြင်း (Color blindness)

            Color blindness ဟာအမျိုးသားတွေမှာပိုပြီး အဖြစ်များလေ့ရှိပါတယ်။ Color blindness ဖြစ်ခြင်းရှိမရှိကို X ခရိုမိုဇုန်းမှာရှိတဲ့ မျိုးရိုးဗီဇကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ အမျိုးသားတွေမှာ X ခရိုမိုဇုန်းတစ်ခုပဲရှိတာကြောင့် ၎င်းခရိုမိုဇုန်းတွင် Color blindness ဖြစ်စေတဲ့ မျိုးရိုးဗီဇပါလာပါက ထိုအမျိုးသားဟာ Color blindness ကိုခံစားရမှာဖြစ်ပါတယ်။ အမျိုးသမီးတွေမှာတော့ X ခရိုမိုဇုန်းနှစ်ခုပါတာကြောင့် Color blindness ကို ဖြစ်စေတဲ့ မျိုးရိုးဗီဇပါလာသော်လည်း ရောဂါလက္ခဏာ မပြဘဲရောဂါ သယ်ဆောင်သူအဖြစ်သာတွေ့ရမှာဖြစ်ပါတယ်။

 

2.  Fragile X Syndrome

            အဖြစ်အများဆုံး ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းမှုဆိုင်ရာ ရောဂါလက္ခဏာစုဖြစ်ပါတယ်။ အမျိုးသား 4000 လျှင် 1 ယောက်နှုန်းခံစားရလေ့ရှိပြီး ဖြစ်ပွားနှုန်းကတော့ အမျိုးသမီးတွေနဲ့ယှဉ်လျှင် အမျိုးသားတွေမှာ 2 ဆခန့် ပိုမိုဖြစ်ပွားတာကိုတွေ့ရပါတယ်။ ၎င်းလက​္ခဏာစုဟာ X ခရိုမိုဇုန်းပေါ်မှာရှိတဲ့ FMR 1 မျိုးရိုးဇီဇမူမမှန်ခြင်းကြောင့်ဖြစ်ပြီး အမျိုးသားတွေမှာ X ခရိုမိုဇုန်းက တစ်ခုပဲရှိတာကြောင့် ဒီရောဂါလက္ခဏာစုဟာ အမျိုးသားတွေမှာ ပိုဖြစ်နိုင်တာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ သင်ကြားမှုတွင် အခက်အခဲရှိခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျခြင်း၊ နှုတ်စွမ်းရည်နိမ့်ကျခြင်း၊ အပြုအမူပိုင်းဆိုင်ရာခက်ခဲမှုရှိခြင်း၊ လှုပ်ရှားမှုပိုင်းဆိုင်ရာတို့တွင် ခက်ခဲမှုရှိခြင်းတို့ကိုတွေ့ရပါတယ်။ ရုပ်ရည်အားဖြင့်လည်း ရှည်လျားသောမျက်နှာ၊ ကြီးမားကျယ်ပြန့်သောနှဖူး၊ ပြားသောခြေထောက်နဲ့ ကြီးမားသောကိုယ်ထည်ရှိတာကိုတွေ့ရပါတယ်။

 

3. ခါးဆစ်ရိုးကျီးပေါင်းတက်ခြင်း

            အကြောင်းရင်းကို အတိအကျမသိရသော်လည်း အမိျုးသမီးတွေနှင့်ယှဉ်ရင် အမျိုးသားတွေက ကျီးပေါင်းရောဂါရဲ့လက္ခဏာတွေကို ပိုမိုပြင်းထန်စွာခံစားရတယ်လို့ သုတေသီတွေကဆိုပါတယ်။

 

4. ဂေါက် ရောဂါ

            ဘီယာသောက်သုံးခြင်းနဲ့ အီစထရိုဂျင်ဟော်မုန်းနည်းပါးခြင်းတို့ကြောင့် အမျိုးသားတွေမှာဂေါက်ရောဂါပိုပြီး အဖြစ်များပါတယ်။

 

5. နှလုံးရောဂါ

            အမျိုးသားအများစုက နှလုံးရောဂါနှင့် သေဆုံးလေ့ရှိပါတယ်။ အသက် 55 နှစ်မှ 64 နှစ်အရွယ် အမျိုးသား 1000 မှာ 185 ယောက်က နှလုံးရောဂါနှင့် သေဆုံးကြတယ်လို့ လေ့လာမှု တစ်ခုမှာဖော်ပြထားပါတယ်။

 

6. အဆုတ်ကင်ဆာ

            အမျိုးသားတွေဟာအမျိုးသမီးတွေနဲ့ ယှဉ်ရင် ဆေးလိပ်အလွန်အကျွံသောက်တာကြောင့် အဆုတ်ကင်ဆာနှင့် သေဆုံးနှုန်းဟာလည်း မြင့်မားလျက်ရှိပါတယ်။

 

7. Mesothelioma

          Mesothelioma ဆိုတာကျောက်ဂွမ်း (Asbestos) နဲ့ ထိတွေ့မှုများခြင်းကြောင့် အဆုတ်နဲ့ ရင်ခေါင်းရှိတစ်သျှူးများမှာဖြစ်ပေါ်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ သငေ်္ဘာတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရတဲ့အမျိုးသားတွေမှာ ၎င်းကင်ဆာရောဂါပိုမိုဖြစ်နိုင်ပါတယ်။

 

8. သတ်သေရန်ကြိုးစားခြင်း

            စစ်တမ်းများအရအမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး သတ်သေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာသတ်သေရန်ကြိုးစားရာမှာလည်း ဆွဲကြိုးချခြင်း၊ အဆိပ်ပြင်းများသောက်ခြင်းစတဲ့ နည်းလမ်းတွေကို ပိုမိုအသုံးပြုတယ်လို့သိရပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com