/
news/အမျိုးသားများနှင့်ကျန်းမာရေး/ဆီးချိုသွေးချိုရောဂါရှိသူများ-ပန်းသေပန်းညှိုးခြင်းကို-ခံစားရတဲ့အခါ

ဆီးချိုသွေးချိုရောဂါရှိသူများ ပန်းသေပန်းညှိုးခြင်းကို ခံစားရတဲ့အခါ

Category
အမျိုးသားများနှင့်ကျန်းမာရေး

       ပန်းသေပန်းညှိုးခြင်းဆိုတာ ပြီးပြည့်စုံတဲ့လိင်ဆက်ဆံမှုရရှိဖို့အတွက် လိင်တံမထောင်မတ်နိုင်ခြင်း၊ လိင်တံထောင်မတ်တာကို ကြာရှည်စွာထိန်းမထားနိုင်ခြင်းဖြစ်ပြီး ဆီးချိုရောဂါရှိတဲ့အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အကြောင်းရင်းကတော့ ကာလကြာရှည်စွာ သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှုမကောင်းတဲ့အတွက် အာရုံကြောတွေနဲ့ သွေးကြောတွေပျက်စီးသွားလို့ ဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့တွဲပြီး သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့ အမျိုးသားတွေမှာ ဖြစ်လေ့ရှိပါတယ်။

         ပန်းသေပန်းညှိုးခြင်းဟာ  စိန်ခေါ်မှုတစ်ခုပါပဲ။ ကိုယ့်ရဲ့ ဆက်ဆံဖက်ကို စိတ်ပျက်၊ အလိုမကျမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါအတွက် အဖြေရှာပြီး ပုံမှန်လိင်ဆက်ဆံမှုရအောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။

 

ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

       အမျိုးသားအများစုက ပန်းသေပန်းညှိုးပြသနာကို ဆရာဝန်နဲ့တိုင်ပင်ဖို့ တွန့်ဆုတ်လေ့ရှိကြပါတယ်။ အကူအညီရယူဖို့အတွက် ရှက်စရာမလိုပါဘူး။ ခဏတာဆွေးနွေးမှုကနေ ကြီးမားတဲ့ပြေလည်မှုရရှိနိုင်ပါတယ်။ လိုက်နာသင့်တဲ့အချက်တွေကတော့ -

- ဆရာဝန်ကို မိမိဖြစ်နေတာတွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ဆရာဝန်က ပန်းသေပန်းညှိုးဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး ဆေးဝါးနဲ့ အခြားကုထုံးများကို ရှင်းပြပါလိမ့်မယ်။ သင့်လျော်တဲ့ ကုထုံးကိုရွေးချယ်နိုင်ပါတယ်။

- ဆီးချိုရောဂါကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းများကိုမေးမြန်းပါ။ သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်မှုက ပန်းသေပန်းညှိုးခြင်းဖြစ်စေတဲ့ အာရုံကြောနဲ့ သွေးကြောပျက်စီးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ယခုကျင့်သုံးနေတဲ့နည်းလမ်းတွေက ဆီးချိုရောဂါကုသဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေလားဆိုတာကို ပြောပြပြီးမေးမြန်းပါ။

- အခြားကျန်းမာရေးပြသနာများအကြောင်းကို မေးမြန်းပါ။ ဆီးချိုဝေဒနာရှင်တွေမှာ ပန်းသေပန်းညှိုးရောဂါကိုပိုဆိုးစေမယ့် အခြားနာတာရှည်ရောဂါတွေပါ တွဲဖြစ်လေ့ရှိပါတယ်။ ဆရာဝန်နဲ့ပြသပြီး အခြားရောဂါတွေရှိ/မရှိ စမ်းသပ်စစ်ဆေးသင့်ပါတယ်။

- လက်ရှိသောက်သုံးနေသောဆေးဝါးများကို စစ်ဆေးကြည့်ပါ။ စိတ်ကျရောဂါကုဆေးတွေနဲ့ သွေးကျဆေးတွေကဲ့သို့ အချို့သောဆေးဝါးတွေဟာ ဒီရောဂါကိုပိုဆိုးစေလို့ သောက်နေကျဆေးတွေကို ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်ပါ။

- နှစ်သိမ့်ဆွေးနွေးမှုခံယူပါ။ စိတ်လှုပ်ရှားခြင်းနဲ့ စိတ်ဖိစီးမှုတွေက ဒီရောဂါကိုပိုဆိုးစေပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ခြင်းဖြင့် စိတ်ဖိစီးမှုကိုသက်သာစေမယ့်နည်းလမ်းတွေရရှိနိုင်ပါတယ်။

 

ကုထုံးကိုရွေးချယ်ပါ

      ရောဂါကုသတဲ့နည်းလမ်းအမျိုးမျိုးရှိတဲ့အနက်က ဆရာဝန်နဲ့တိုင်ပင်ပြီး အဆင်ပြေမယ့်နည်းလမ်းကို ရွေးချယ်ပါ။

1. သောက်ဆေးများ - သောက်ဆေးတွေက လိင်တံသို့ သွေးစီးဆင်းမှုကောင်းစေခြင်းဖြင့် လိင်တံကိုအလွယ်တကူထောင်မတ်စေပါတယ်။

2. အခြားကုထုံးများ - တကယ်လို့ သောက်ဆေးတွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆရာဝန်က လိင်မဆက်ဆံမီ လိင်တံထဲကို ထည့်ရမယ့် ဆေးတောင့်တစ်မျိုးကို ညွှန်ကြားပါလိမ့်မယ်။ နောက်တစ်နည်းကတော့ လိင်တံရဲ့အရင်း (သို့) ဘေးကို ဆေးထိုးတဲ့နည်းပါ။ သောက်ဆေးတွေလိုပဲ ဒီဆေးတွေကလည်း လိင်တံဆီသွေးစီးဆင်းမှုကောင်းစေပြီး လိင်တံထောင်မတ်ဖို့နဲ့ ကြာရှည်ထိန်းထားနိုင်စေပါတယ်။

3. လိင်တံအတုထည့်ခြင်း - အပေါ်ကနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုရင်တော့ ခွဲစိတ်ပြုပြင်ပြီးအစားထိုးထည့်လို့ရပါတယ်။ ပန်းသေပန်းညှိုးတဲ့သူတွေအတွက် ဒီလိုကွေးဆန့်လို့ရတဲ့ အစားထိုးထည့်ခြင်းဟာလည်းစိတ်ချရပြီး အကျိုးရှိတဲ့ကုထုံးတစ်ခုပဲဖြစ်ပါတယ်။

 

နေထိုင်မှုပုံစံပြောင်းလဲကြည့်ပါ

ပြောင်းလဲနေထိုင်မှုအနည်းငယ်ကနေ ရရှိလာမယ့်အကျိုးကျေးဇူးကို အထင်သေးလို့မရပါဘူး။ ဒါကြောင့် ပန်းသေပန်းညှိုးကုသနိုင်ဖို့အတွက်သာမက ကျန်းမာရေးကောင်းမွန်စေဖို့ အောက်ပါနည်းလမ်းများကိုစမ်းသပ်လိုက်နာကြည့်ပါ။

- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းအပါအဝင် ဆေးရွက်ကြီးအသုံးပြုခြင်းဖြင့် သွေးကြော များကိုကျဉ်းစေပြီး ရောဂါပိုဆိုးစေပါတယ်။ ဒါ့အပြင် လိင်တံဆီသွေးစီးဆင်းမှုကိုကောင်းစေတဲ့ nitric oxide ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကိုလည်း လျော့နည်းစေပါတယ်။ အကယ်၍ဆေးလိပ်ဖြတ်ဖို့ ကိုယ့်ဟာကိုယ်ကြိုးစားပြီး မအောင်မြင်ဘူးဆိုရင်လည်း စိတ်မလျှော့ပါနဲ့။ အကူအညီရှာကြည့်ပါ။ ဆေးကုထုံးတွေအပါအဝင် ဆေးလိပ်ဖြတ်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။

- ကိုယ်အလေးချိန်လျှော့ချပါ။ အဝလွန်ခြင်းက ပန်းသေပန်းညှိုးခြင်းကို ပိုဆိုးစေပါတယ်။

- နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပန်းသေပန်းညှိုးဖြစ်ရတဲ့အကြောင်းတွေဖြစ်တဲ့ စိတ်ဖိစီးမှု လျော့ကျ စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်းနဲ့ သွေးစီးဆင်းမှုကောင်းစေခြင်း စတဲ့ကောင်းကျိုးများရရှိစေပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)