/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသား-စွမ်းဆောင်ရည်မြင့်ဆေးတွေက-တကယ်ရော-အကျိုးရှိရဲ့လား

အမျိုးသား စွမ်းဆောင်ရည်မြင့်ဆေးတွေက တကယ်ရော အကျိုးရှိရဲ့လား

Category
အမျိုးသားများနှင့်ကျန်းမာရေး

          ကနေဒါက နိုင်အာဂရာရေတံခွန်တော့ မဟုတ်ဘူး။ သူ့နာမည်က ဗိုင်အာဂရာတဲ့ ... ရေတံခွန်ချင်းတော့ တူတယ်။ တည်နေရာ ကွာတယ်ပေါ့နော်။ နိုင်အာဂရာရဲ့ညီ ဗိုင်အာဂရာကတော့ ကျားစွမ်းဆောင်ရည် မြင့်စေမယ့် ကျားဆိုမှကျား လုံးရာက မပြားတဲ့ကျား ... စစ်မှစစ်တဲ့ကျား ... လာထား အာဘွား ... ဆိုတဲ့ ဆေးပါ။ အဲဒီဆေးက လိင်တံထောင်မတ်တာကို ရပ်တန့်စေတဲ့ အမ်ဇိုင်းတစ်မျိုးကို တားဆီးပေးပြီးလိင်တံထောင်မတ်တာကို ထိန်းထားပေးတာ ဖြစ်ပါတယ်။  လိင်ဆန္ဒ ပိုကောင်းလာစေတဲ့ဆေး လုံးဝမဟုတ်ပါဘူးနော်။

●        ကျားဆိုမှကျား ဆေးကို အမျိုးသားအဂါၤထောင်မတ်ဖို့ သုံးကြပါတယ်။ ဟဲ့ ... မိအေး ... လက်သည်ချည်း အားမကိုးနဲ့ ... ညည်းကလည်း ညှစ်ဦး … သူ့ချည်းပါလား ... ဆိုတော့ ဆားနဲ့ပါဘုရား ... လုံလောက်တဲ့ စိတ်အားကိုယ်အား တက်ကြွ စိတ်ပါဖို့လေးတော့ လိုသေးတာပေါ့လေ။ ဆေးကူထားပြီဆိုပြီး တစ်ကိုယ်ကောင်း မဆန်ရဘူး။ ကောင်မလေးက အမျိုးသားနဲ့ အတူမနေချင်ဘူး ... အတူအိပ်တိုင်း သာယာမှုမရရှိဘူးဆိုရင် ... စစဉ်းစားရမှာ အမျိုးသားဘက်ကနော်။

1.       ကိုယ့်တစ်ကိုယ်တည်းအတွက်ပဲ မြန်မြန်ပြီး စေချင်မိသလား။

2.       အတူမနေခင် လုံလောက်တဲ့ လှုံဆော်မှုပေးရဲ့လား။ ဥပမာ - ပွေ့ဖက်တာ၊ နမ်းရှုံ့တာ

3.       အမျိုးသမီးဘက်က လိုအပ်ချက်ကိုမေးမြန်းပြီး သူမဘက်ကို စိတ်ရှိလက်ရှိ ဖြည့်ဆည်းပေးဖို့ စဉ်းစားရဲ့လား။

4.       ကိုယ်ကရော တစ်ဖက်နဲ့ အတိုင်အဖောက်ညီညီ လမ်းခင်းပေးခဲ့ရဲ့လား။

●        ဆေးက ချောကလက်ချောင်းလေးဆီကို သွေးစီးဆင်းမှု များစေသတဲ့။ တဝေါဝါနဲ့စီးတော့ ချောကလက်လေးက ရဲတောင် ရဲတက်လာတတ်သတဲ့။ ရှက်သွေးဖြာတယ်ပေါ့လေ။ လေဖြတ်ထားရင်၊ နှလုံးရောဂါရှိရင် မသုံးရဘူး။ ကျားဆိုမှကျားနေတုန်း အသက်ပါ,ပါသွားမယ်။

●        သူက အစွမ်းထက်ပြတာ နည်းနည်းလွန်တတ်တယ်။ ဟိုကိစ္စပြီးပါပြီဆိုရင်တောင် ဆေးတော်ကြီးက ဗလပြလို့ကောင်းတုန်း။ ရုံးပလွေသီးလေးလို ထောင်နေတော့ ကြာတော့ တအား နာလာတတ်တယ်။

●        အခုနကလိုပဲ ဆားလေးထည့်မှ လေးပင်တာ။ စိတ်အားကိုယ်အား ဘာမှမတက်ကြွဘဲ သွားမသောက်ရဘူး။ အမျိုးသမီးတွေကို အတူမနေခင် ပွတ်သတ်တာ၊ ပွေ့ဖက်တာ၊ နမ်းတာတွေကို  လုံလောက်စွာ ပြုလုပ်ပေးပါ။

1.       အေးဆေးသာယာပြီး အနှောင့်အယှက် ကင်းတဲ့နေရာလေး ဖန်တီးပေးပါ။

2.       သူမ ပြောစကားတွေကို နားထောင်ပေးပါ။ အဆင်သင့်မဖြစ်ဘဲ သွားသောက်ရင် ဆေးဆိုးကျိုးဖြစ်တဲ့ ခေါင်းကိုက်တာရယ်၊ နားအူတာရယ်နဲ့ပဲ ဇာတ်လမ်းဆုံးသွားတတ်တယ်။

●        ရင်တွေ ပူပါတယ် ... မင်းရဲ့အကြည့်ကြောင့်ကွယ် ...

          ဆေးက အစာမကြေဘူး၊ ရင်ပူတတ်တယ်၊ အစောကြီး မသောက်ထားရဘူး။ ဇာတ်လမ်းမစမီ တစ်နာရီ စောသောက်ပါလေ။ ပြီးမှ ဆေးရဲ့ ၈၀ ရာခိုင်နှုန်းက အီးအီးထဲကနေ ထွက်တော်မူတယ်။ ကျန်တာက ရှူးရှူးနဲ့ ပါသွားသတဲ့။ ပုရိသတို့ မှတ်ကြလေကုန်။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)