ရင်သားပုံမှန်အရွယ်အစားဖြစ်အောင် ခွဲစိတ်ပြုပြင်ခြင်း
အမျိုးသမီးငယ်အများစုသည် မိမိတို့၏ ရင်သားဖွံ့ထွားစေရန်နည်းမျိုးစုံနှင့် ကြိုးစားလေ့ရှိကြသော်လည်း အချို့သောအမျိုးသမီးများအတွက်မူ ရင်သားအရွယ်ငယ်စေရန် ခွဲစိတ်ပြုပြင်ရခြင်းကို ကြုံတွေ့ရလေ့ရှိပေသည်။ ရင်သားကြီးလွန်းခြင်းသည် ခါးနာခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုကျဆင်း စေခြင်းစသည့် ဆိုးဝါးသည့် အတွေ့အကြုံများကို တွေ့ကြုံရတတ်ရာ ရင်သားအရွယ်ပုံမှန်ဖြစ်အောင် ခွဲစိတ်ပြုပြင်ရန်နည်းလမ်းကို မဖြစ်မနေသုံးရသည့် အခြေအနေများရှိတတ်သည်။ ရင်သားသေးငယ်စေရန်အတွက် မခွဲစိတ်မီ အောက်ပါ အချက်များကို ဦးစွာသိထားသင့်ပါသည်။
၁။ ရင်သားအရွယ်ငယ်စေရန်ခွဲစိတ်ပြုပြင်ခြင်းသည် လုပ်ဆောင်မှုအဆင့်များစွာဖြတ်သန်းရန်လိုသည်။
ခွဲစိတ်ပြုပြင်ရာတွင် ထပ်မံလုပ်ဆောင်ရန်လိုအပ်သည့် အဆင့်များမှာ ကုန်ကျစရိတ်မနည်းသည့်အပြင် နာကျင်မှုများစွာကိုလည်း ခံစားရလေ့ရှိသည်။ ရင်သားခွဲစိတ်ပြုပြင်ခြင်းအပြင် ရင်သား တဝိုက်နေရာများနှင့် ချိုင်းအောက်နေရာများတွင် ပုံသွင်းခြင်းလုပ်ငန်းစဉ်များလုပ်ဆောင်ရသည်ဖြစ်ရာ စိတ်ရှည်ရန်လည်း လိုအပ်ပါသည်။
၂။ ခွဲစိတ်ပြုပြင်ပြီး ပုံမှန်ဖြစ်ရန် လနှင့်ချီကြာနိုင်သည်။
ခွဲစိတ်ပြုပြင်ပြီးနောက် အနာကျက်ရန်၊ နေပြန်ကောင်းရန် မကြာမြင့်သော်လည်း ရင်သားပုံမှန် သဘာဝအတိုင်းပြန်ဖြစ်ရန်ကိုမူ အချိန်စောင့်ရလေ့ရှိသည်။ ၃ပတ် ၄ပတ်ကြာလျှင် အနာကောင်းမွန်စွာ ကျက်ပြီဖြစ်သော်လည်း ပုံမှန်သဘာဝအတိုင်းလှပမှုကိုမူ လအနည်းငယ်ထပ်မံစောင့်ဆိုင်းရန် လိုအပ်ပေသည်။
၄။ ခွဲစိတ်ပြီးနောက်တွင် ကလေးနို့တိုက်၍ မရဖြစ်နိုင်သည်။
ငယ်ရွယ်သူဖြစ်ပြီး ကလေးမရှိသေးပါက ရင်သားအရွယ်သေးငယ်စေမည့်ခွဲစိတ်ပြုပြင်မှုကို ထပ်မံစဉ်းစားကြည့်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်ပြုပြင်ပြီးပါက ကလေးမွေးပြီး နောက် တွင် နို့တိုက်၍ မရဖြစ်နိုင်ပါသည်။ ရင်သားသေးငယ်စေရန် ခွဲစိတ်ရာ၌ ရင်သားတစ်သျှူးများကို ဖယ်ထုတ်ရသည်ဖြစ်ရာ ကလေးအား နို့တိုက်နိုင်စွမ်း၊ နို့ထွက်နိုင်စွမ်း ကျဆင်းတတ်ပါသည်။ ခွဲစိတ်မှုပြီးနောက် ကလေးနို့တိုက်နိုင်ခြေ ၅၀ ရာခိုင်နှုန်းသာရှိပါသည်။
၅။ ရင်သားအရွယ်ငယ်စေသည့် ခွဲစိတ်ပြုပြင်နည်း နှစ်နည်းရှိသည်။
အရွယ်အစားသိပ်မကြီးသော ရင်သားအားခွဲစိတ်ပြုပြင်နည်း (Lollipop Method or French vertical mammoplasty) သည် ရင်သားတစ်သျှူးများစွာ မဖယ်ထုတ်ရ၍ ပိုမို အန္တရာယ်ကင်းပြီး နို့သီးခေါင်းနားတွင် ကပ်ကျန်သောရင်သားတစ်သျှူးမှာလည်း ပိုမိုများပြားလျက် ပိုမိုသဘာဝကျ လုံးဝန်းသော ရင်သားကိုပိုင်ဆိုင်စေသည်။ သို့ရာတွင် အလွန်ကြီးသောရင်သားများအတွက်မူ တစ် သျှူးများပိုမိုလှီးထုတ်ရသည့်နည်းကိုအသုံးပြုရပြီး မည်သည့်ခွဲစိတ်နည်းနှင့် သင့်လျော်သည်ကို ဆရာဝန်နှင့် သေချာစွာတိုင်ပင်ဆွေးနွေးရန်လိုပါသည်။
၆။ နို့သီးခေါင်းတွင်အာရုံခံစားမှုပြောင်းလဲနိုင်သည်။
ရင်သားခွဲစိတ်ပြီးသောအမျိုးသမီးများစွာတွင် နို့သီးခေါင်းထိတွေ့သိအာရုံခံစားမှု နည်းပါးသွားတတ်ပြီး အချို့တွင်လည်း အာရုံခံမှုလွန်ကဲသွားတတ်သည်။ သို့ရာတွင် အာရုံခံစားမှုပုံမှန်အတိုင်း ကျန်ရှိနေသည့်အမျိုးသမီးများလည်း ရှိပေသည်။ အာရုံခံစားမှုပြောင်းလဲခြင်းမှာ ခွဲစိတ်သည့် နည်းလမ်းနှင့် ဆရာဝန်၏ကျွမ်းကျင်သေသပ်မှုအပေါ်တွင်လည်း မူတည်သည်ဖြစ်ရာ ခွဲစိတ်မှု ဆောင်ရွက်မည့်ဆေးခန်း ကိုလည်း ဂရုစိုက်ရွေးချယ်သင့်သည်။
၇။ ရောဂါပိုးဝင်နိုင်သည်။
ရင်သားသေးငယ်ရန်ခွဲစိတ်ပြုပြင်ခြင်းအပါအဝင် ခွဲစိတ်မှုတိုင်းတွင် ၄င်းနှင့်သက်ဆိုင်သည့် အန္တရာယ်များရှိသည့်အလျောက် ပိုးဝင်ခြင်းသည် အဖြစ်များဆုံးသော အန္တရာယ်တစ်ခုဖြစ်သည်။
အချုပ်ဆိုရသော် ခွဲစိတ်ပြီး ရက်၃၀အတွင်း နောက်ဆက်တွဲဆိုးကျိုးအန္တရာယ်များ ဖြစ်ပေါ် နိုင်သည့် အတွက် ခွဲစိတ်ထားသည့်နေရာတွင်တစ်ခုခုသံသယရှိပါက အချိန်မဆိုင်းဘဲ ဆရာဝန်ထံ ပြန်လည်ပြသသင့်သည်။
ရင်သားကြီးထွားစေရန် (သို့မဟုတ်) သေးငယ်စေရန်ခွဲစိတ်မပြုပြင်မီ စဉ်းစားရန်အချက် များစွာရှိပြီး အဝလွန်သူဖြစ်လျှင် ခွဲစိတ်မှုမတိုင်မီ ကိုယ်အလေးချိန်လျှော့ချသင့်သည်။ ခွဲစိတ်မှု အတွက် ဆရာဝန်များစွာနှင့်ဆွေးနွေးတိုင်ပင်ကြည့်ရန်လိုအပ်ပြီး ငွေကြေးဆိုင်ရာ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ များစွာပြင်ဆင်ထားရန်လည်းလိုအပ်ပါသည်။
Dr. Thanda Lin
















