/
news/အလှအပနှင့်ကျန်းမာရေး/ကိုယ်အလေးချိန်လျှော့ချပြီးနောက်-အသားအရေတင်းရင်းစေရန်

ကိုယ်အလေးချိန်လျှော့ချပြီးနောက် အသားအရေတင်းရင်းစေရန်

Category
အလှအပနှင့်ကျန်းမာရေး

          ရုတ်တရက်ကိုယ်အလေးချိန် အလွန်အကျွံလျော့ချလိုက်ပါက အရေပြားကျုံ့နိုင်ရန် အချိန်မလုံလောက်တာကြောင့် အရေပြားတွဲခြင်းများဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာဟာ အဝလွန်နေသူတွေအတွက်သာမက ကိုယ်အလေးချိန်အများကြီးကို ရုတ်တရက်လျော့ချလိုက်သူတိုင်း ကြုံတွေ့ခံစားရတဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့ပေမယ့်လည်း နောက်ဆက်တွဲအနေနဲ့ အရေပြားလျော့တွဲခြင်းကြောင့်စိတ်ညစ်ရနိုင်ပါတယ်။ ဒါပေမယ့် အရေပြားပြန်လည်တင်းရင်းစေရန် ပြုလုပ်နိုင်တဲ့အစွမ်းထက်နည်းလမ်းများလည်း များစွာရှိပါတယ်။

 

1. အရေပြားအစိုဓာတ်ကို ထိန်းသိမ်းခြင်း

        ဗီတာမင် E ပါဝင်တဲ့ အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်ကိုလျော့ရဲနေတဲ့နေရာကို နေ့စဉ်နေ့တိုင်းလိမ်းပေးနိုင်ပါတယ်။ အရေပြားကိုနူးညံ့ပျော့ပျောင်းစေရုံသာမက ဆဲလ်အသစ်တွေဖြစ်ပေါ်နိုင်စေခြင်းကြောင့် တင်းတိတ်မှဲ့ခြောက်များဖြစ်ခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။

 

2. ကိုယ်အလေးချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပါ

        ကိုယ်အလေးချိန်လျှော့ချစဉ်အတွင်းမှာပင် အရေပြားလျော့ရဲလာသည်ကိုသတိထားမိပါက ပြန်လည်တင်းရင်းစေရန် အချိန်ယူတဲ့အနေနဲ့ ကိုယ်အလေးချိန်ချခြင်းအစီအစဉ်ကို ဖြည်းဖြည်းသာပြောင်းလဲပြုလုပ်ပါ။

 

3. ရေများများသောက်ပါ

        ရေဓာတ်ဆုံးရှုံးခြင်းကိုခံစားနေရပါက အရေပြားရဲ့တင်းအားကို လျော့ကျစေနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချနေစဉ်အတွင်းရော လျှော့ချပြီးနောက်တွင်ပါ ရေများများသောက်သင့်ပါတယ်။

 

4. နေရောင်ထဲတွင် မနေပါနှင့်

        နေရောင်သည် အရေပြားတင်းအားကို အကျိုးသက်ရောက်မှုရှိစေရုံသာမက အရေပြားလျော့တွဲခြင်းကိုလည်း ပိုမိုအကြည့်ရဆိုးစေပါတယ်။ ဒါကြောင့်နေရောင်အောက်တွင် အချိန်ကြာမြင့်စွာမနေသင့်ပေ။

 

5. ဆားကြမ်းကို ဂျီးချွတ်ဆေးအဖြစ်အသုံးပြုပါ

        ရေချိုးစဉ် ဆားကြမ်းဖြင့်ပွတ်တိုက်ပေးခြင်းဖြင့် အရေပြားကိုအာဟာရဖြည့်ပေးနိုင်ရုံသာမက သွေးလည်ပတ်မှုအားကိုလည်း ကောင်းစေပါတယ်။

 

6. အသားဓာတ်ပါဝင်များသော အစာများကိုပိုမိုစားသုံးပါ

        အသားဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို ပိုမိုစားသုံးခြင်းဖြင့် အရေပြားတင်းအားကိုကောင်းမွန်စေတဲ့ ကော်လဂျင်ကို တိုးပွားစေရုံသာမက ကြွက်သားအသစ်တည်ဆောက်မှုကိုလည်း အားပေးပါတယ်။ အရေပြားကျုံ့နိုင်ဆန့်နိုင်အားကောင်း၍ ကြွက်သားအသစ်ပိုမိုတည်ဆောက်နိုင်ပါက အရေပြားလျော့တွဲခြင်းကို အလျင်အမြန်သက်သာစေပါတယ်။

 

7. သဘာဝအလှဆီများလိမ်းခြင်း

        သဘာဝအလှဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ အုန်းဆီ၊ နှင်းဆီအဆီနှင့် ထောပတ်သီးအဆီတွေကို လျော့ရဲနေတဲ့အရေပြားပေါ်မှာလိမ်းပြီး နှိပ်နယ်ပေးပါက အရေပြားကနူးညံ့စေရုံသာမက အရေပြားတင်းအားကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

 

8. ဗိုက်ချပ်လေ့ကျင့်ခန်း

        ရုတ်တရက်အလေးချိန်လျော့ချလိုက်ခြင်းကြောင့်ဖြစ်လာတဲ့ အရေပြားလျော့ရဲခြင်းကိုကူညီရန် ဗိုက်ချပ်လေ့ကျင့်ခန်းများဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားများကို အထောက်အကူပေးသော အိပ်ထမတင်၊ ထိုင်ထ စတဲ့လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ရိုးလုပ်စဉ်လေ့ကျင့်ခန်းများတွင် ထည့်သွင်းပြုလုပ်နိုင်ပါတယ်။

 

9. ဟင်းသီးဟင်းရွက် အစိမ်းများကိုစားသုံးပါ

        အစားအသောက်ချက်ပြုတ်လိုက်တဲ့အခါမှာဆိုရင် အချို့သောအာဟာရဓာတ်များသည် ပျက်ပြယ်သွားလေ့ရှိတာကြောင့် ဟင်းသီးဟင်းရွက်အစိမ်းများနှင့် သစ်သီးဝလံများကိုစားသုံးသင့်ပါတယ်။ ၎င်းတို့သည်အရေပြားကိုတင်းရင်း၍ လှပစေနိုင်သော်လည်း ကိုယ်အလေးချိန်ကိုမူမတိုးစေနိုင်ပါ။

 

10. နှိပ်နယ်ခြင်း

        ခန္ဓာကိုယ်ကို ပုံမှန်နှိပ်နယ်ပေးခြင်းဖြင့် သွေးလည်ပတ်စနစ်ကို ကောင်းမွန်စေရုံသာမက အရေပြားလျော့တွဲခြင်းကိုလည်း ပြန်လည်တင်းရင်းစေနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်နှင့် ရက်ချိန်းယူ၍သော်လည်းကောင်း၊ တခြားသူများကိုအကူအညီတောင်း၍သော်လည်းကောင်း နှိ်ပ်နယ်ခြင်းကိုပြုလုပ်နိုင်ပါတယ်။

 

11. ပင်လယ်ရေညှိဖြင့်ပေါင်းတင်ခြင်း

        အလှပြင်ဆိုင်အချို့တွင် အလွယ်တကူပြုလုပ်နိုင်သည့်အပြင် ပုံမှန်လုပ်ဆောင်ပါက အရေပြားလျော့ရဲခြင်းကို သက်သာစေနိုင်ပါတယ်။ မသေချာပါက ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်၍ မိမိနှင့်အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်နိုင်ပါတယ်။

 

12. ကြွက်သားတက်စေသော လေ့ကျင့်ခန်းများပြုလုပ်ခြင်း

        ကိုယ်အလေးချိန်လျှော့ချတဲ့အခါမှာ ကြွက်သားအချို့ကိုလည်းဆုံးရှုံးနိုင်တာကြောင့် အရေပြားလျော့ရဲမှုမှကာကွယ်ရန် ကြွက်သားတက်စေတဲ့ လေ့ကျင့်ခန်းများကိုပြုလုပ်ပေးရန် လိုအပ်လှပါတယ်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် အသားဓာတ်ပိုမိုစားသုံးသည်နှင့် အကျိုးအာနိသင်အတူတူရရှိနိုင်မှာဖြစ်ပါတယ်။

 

13. ဆပ်ပြာအပြင်းစားများကို ရှောင်ရှားခြင်း

        ပြင်းထန်တဲ့ဓာတုပစ္စည်းနဲ့ ဆာလ်ဖိတ်ပါဝင်တဲ့ဆပ်ပြာတွေကို သုံးစွဲခြင်းဟာ အရေပြားကိုခြောက်သွေ့စေနိုင်တာကြောင့် အရေပြားတင်းရင်းခြင်းကို နှောင့်နှေးစေနိုင်ပါတယ်။

 

14. ယောဂကျင့်စဉ် ကျင့်ခြင်း

        လေ့ကျင့်ခန်းတစ်မျိုးတည်းကို ထပ်တလဲလဲပြုလုပ်ရမှာငြီးငွေ့နေကြတဲ့သူများအတွက် ယောဂကိုအစားထိုးလေ့ကျင့်နိုင်ပါတယ်။ ယောဂကစားခြင်းဖြင့် ခန္ဓာကိုယ်ပိုမိုပျော့ပြောင်းလာစေပြီး အညောင်းအညာပြေ၍ စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။

 

15. ခန္ဓာကိုယ်တွင် လိမ်းကျံသောခရင်မ်အနှစ်များ

        လိုးရှင်းများလိမ်းပေးခြင်းသည် အရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်ရုံသာမက ကော်လဂျင်နဲ့ အရေပြားကျုံ့နိုင်ဆန့်နိုင်တဲ့ ပစ္စည်းတွေထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ ကိုကိုး၊ မြေပဲစေ့တစ်မျိုးနဲ့ ရှားစောင်းလက်ပတ်မှထုတ်လုပ်တဲ့ ခရင်မ်အနှစ်တွေဟာ အရေပြားနူးညံ့စေရန်အတွက် နေ့စဉ်အသုံးပြုဖို့အကောင်းဆုံး အမျိုးအစားတွေဖြစ်ပါတယ်။

 

►► ခွဲစိတ်ကုသရန်လိုအပ်ပါသလား

        ခွဲစိတ်ခြင်းဟာ အနည်းနဲ့အများ အန္တရာယ်ရှိတာကြောင့် မလိုအပ်ဘဲမပြုလုပ်သင့်ပါ။ ဒါပေမဲ့ အဲဒီအတွက်စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေခံစားနေရပြီဆိုပါက (သို့) အလွန်ဆိုးရွားတဲ့အရေပြားလျော့ရဲမှုဆိုပါက ခွဲစိတ်ကုသရန်ဆရာဝန်ထံမှ အကြံဉာဏ်ရယူနိုင်ပါတယ်။

 

►►အချိန်ပေး၍ စောင့်ကြည့်ပါ

          ကိုယ်အလေးချိန်လျှော့ချတာကြောင့် ဖြစ်ပေါ်လာတဲ့နာကျင်ခြင်းဝေဒနာတွေ ပျောက်ကင်းသွားပြီဆိုလျှင် ပထမဆုံးရင်ဆိုင်ရမယ့်ပြဿနာဟာ အရေပြားလျော့ရဲခြင်းပဲဖြစ်ပါတယ်။ ရုတ်တရက်ကိုယ်အလေးချိန် လျှော့ချလိုက်တာကြောင့် အရေပြားကို ပုံမှန်အတိုင်းတင်းရင်းစေရန်အချိန်အတိုင်းအတာတစ်ခုထိ စိတ်ရှည်စွာစောင့်ပေးပါ။

 

►►အစားအသောက်ကိုပုံမှန်သာ စားသုံးပါ

          အရေပြားလျော့ရဲခြင်းမှကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကိုယ်အလေးချိန်ကို ဖြည်းညင်းစွာလျှော့ချရန်ပင် ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို အလျင်အမြန်လျှော့ချပြီးနောက် မြန်မြန်ဆန်ဆန်ပြန်၍ ကိုယ်အလေးချိန်တက်လာစေခြင်းသည် အရေပြားလျော့ရဲခြင်းကိုပါပိုဖြစ်စေနိုင်ပါတယ်။ အကယ်၍ ကိုယ်အလေးချိန်ကိုဖြည်းဖြည်းသာလျှော့ချ၍ ခန္ဓာကိုယ်ကိုလည်း ရေဓာတ်လုံလောက်စွာပေးနိုင်ပါက အရေပြားကျုံ့နိုင်ဖို့အတွက်များစွာအထောက်အကူပြုနိုင်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)