ကြက်ဥအကာရဲ့ အလှအပဆိုင်ရာကောင်းကျိုးများ
ကြက်ဥအကာတွင် အသားဓာတ်များစွာပါဝင်၍ ကိုလက်စထရောလ်မပါဘဲ အဆီဓာတ်အနည်းငယ်သာပါရှိခြင်းကြောင့် ကြွက်သားသန်မာချင်သော ကျန်းမာရေးလိုက်စားသူများ၏ လက်စွဲဖြစ်နေရခြင်း ဖြစ်ပါတယ်။ အာဟာရဓာတ်မြင့်မားစွာပါဝင်တဲ့အပြင် ဆံပင်နှင့်အရေပြားကျန်းမာရေးအတွက် အလွန်ကောင်းမွန်တာကြောင့် ဈေးကြီးတဲ့အလှပြင်ပစ္စည်းတွေနေရာမှာ ကောင်းကောင်းအစားထိုးနိုင်ပါတယ်။
အောက်ပါတို့သည် ကြက်ဥအကာ၏ အစွမ်းထက်လှသော အလှအပဆိုင်ရာ သုံးစွဲခြင်းနည်းလမ်းများဖြစ်ပါတယ်။
1. အရေးအကြောင်းများကိုဖယ်ရှားခြင်း
ကြက်ဥအကာကို အမြှုပ်များထလာသည်အထိခေါက်၍ မျက်နှာပေါ်တွင် လိမ်းကျံပါ။ မျက်နှာတင်းလာသည်အထိထား၍ ရေနွေးဖြင့်မျက်နှာပြန်သစ်ပါ။ မျက်နှာတင်းလာခြင်းဟာ ကြက်ဥအကာမှာ အရေပြားကို တင်ရင်းစေသော အစွမ်းသတ္တိပါ၀င်တာကြောင့် ဖြစ်ပါတယ်။
2. ချွေးပေါက်များကိုကျဉ်းစေခြင်း
အရေပြားတင်းရင်းစေသော ဂုဏ်သတ္တိရှိသည့် ကြက်ဥအကာသည် ချွေးပေါက်များကိုကျဉ်းစေနိုင်သော အစွမ်းသတ္တိလည်းရှိပါတယ်။ ပြုလုပ်ရန်မှာ အမြှုပ်ထနေသော ကြက်ဥအကာကို ချွေးပေါက်ကျယ်သောနေရာများ (အထူးသဖြင့် နှာခေါင်းတစ်ဝိုက်) တွင်လိမ်းကျံပါ။ မျက်နှာတင်းလာပါက ရေနွေးဖြင့်ဆေးချပါ။ ထို့နောက်ရေအေးဖြင့်ထပ်ဆေးပါ။
3. မျက်လုံးမို့ခြင်းများကိုဖယ်ရှားခြင်း
မျက်လုံးအောက်ရှိ မျက်အိတ်နေရာတွေကို ကြက်ဥအကာလိမ်းပေး၍ တင်းလာပါက ရေနွေးဖြင့်ဆေးချပေးပါ။
4. အဆီစုပ်ပေးခြင်း
မျက်နှာမှာ အဆီပြန်ခြင်းဟာကြည့်ရဆိုးရုံမျှမက ဝက်ခြံထွက်နိုင်ချေကို ပိုမိုမြင့်မားစေတဲ့အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ အရေပြားကိုမထိခိုက်ဘဲ အဆီတွေကိုစုပ်ယူနိုင်ဖို့် ဂျုံမှုန့်အကြမ်းနဲ့ ကြက်ဥအကာကိုရောပြီး မျက်နှာပေါင်းတင်ပါ။ မိနစ်အနည်းငယ်ကြာပြီးနောက် ရေအေးဖြင့်မျက်နှာသစ်ပါ။ အဆီမပြန်တဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
5. ဝက်ခြံများကို လျှင်မြန်စွာပျောက်ကင်းစေခြင်း
ဝက်ခြံနှင့်ပတ်သက်လျှင် ကြက်ဥအကာသည် ကုန်ကျမှုနည်းနည်းနှင့် အထိရောက်ဆုံးဆေးတစ်လက်ဖြစ်ပါတယ်။ ကြက်ဥအကာမှာပါ၀င်တဲ့ အသားဓာတ်ဟာ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အပြင် အနာကျက်နှုန်းကိုလည်းမြန်စေပါတယ်။ ညအိပ်ခါနီးအချိန်တွင် ကြက်ဥအကာကိုယူ၍ ဝက်ခြံပေါ်မှာတို့ထားပြီးနောက် မနက်မိုးလင်းမှရေဖြင့်ဆေးချပါ။
6. ဆဲလ်အသေများကိုဖယ်ရှားခြင်း
အသားအရည်ကြည်လင်လှပစေဖို့အတွက် ဆဲလ်သေများကို ဖယ်ရှားဖို့ကလည်း အရေးကြီးလှပါတယ်။ မျက်နှာချွေးချွတ်ဆေးအနေဖြင့် အသုံးပြုရန် ကြက်ဥအကာကို ဂျုံမှုန့်အကြမ်း၊ ပျားရည်အနည်းငယ်တို့ဖြင့်ရောပါ။ ရလာသော အနှစ်ကိုမျက်နှာပေါ်တွင် စက်ဝိုင်းသဏ္႑ာန် ညင်သာစွာလိမ်းကျံပါ။ ရေနွေးဖြင့်သေချာစွာဆေးကြောပါ။ တစ်ပတ်လျှင် 1 ကြိမ် မှ 2 ကြိမ် ပြုလုပ်နိုင်ပါတယ်။
7. ပျက်စီးနေသောဆံပင်များအားကောင်းမွန်စေခြင်း
ဦးခေါင်းအရေပြားအဆီထွက်ခြင်းကြောင့် ဆံသားများစေးကပ်၍ ပျက်စီးနေသယောင်ထင်ရပါတယ်။ အရိုးရှင်းဆုံးနဲ့အသက်သာဆုံးနည်းလမ်းကတော့ ကြက်ဥအကာကို ဦးရေပြားနဲ့ဆံပင်အရင်းတွင် လိမ်းပေးခြင်းဖြင့် နဂိုဆံသားကိုပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။ မိနစ်အနည်းငယ်ထားပြီးနောက် ရေဆေးချ၍ ခေါင်းလျှော်ရည်ဖြင့် ခေါင်းပြန်လျှော်ပါ။
8. ဆံသားများကို ပျော့ပြောင်းစေခြင်း
ဆံပင်ကို ပုံမှန်ပေါင်းတင်ပေးခြင်းအားဖြင့် တောက်ပြောင်လှပသော ဆံသားများကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဆံပင်အတိုအရှည်ပေါ်မူတည်၍ ကြက်ဥအကာအနည်းငယ်ကိုယူပါ။ ဒိန်ချဉ်နှင့် သံလွင်ဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းရော၍ ဆံပင်ပေါင်းတင်ဆေးအဖြစ် ခေါင်းလျှော်ပြီးနောက် အသုံးပြုနိုင်ပါတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ရေဖြင့်သေချာဆေးချပါ။
Dr. Thinzar Wynn (www.drmyanmar.com)






























