လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ၀မ်းဗိုက်ချပ်ရပ်လှပစေမယ့် နည်းလမ်းများ
လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အိ်ပ်မက်တစ်ခုဖြစ်ပါတယ်။ ၀လာတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဗိုက်ခေါက်ထူလာခြင်းဟာ ခန္ဓာကိုယ်အနေအထား မလှပစေရုံသာမက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်းစတဲ့ ကျန်းမာရေးဆိုးကျိုးများနဲ့လဲ ဆက်စပ်နေပါတယ်။ ဒီလိုရောဂါမျိုးစုံ၀င်လာစေနိုင်တဲ့ ၀မ်းဗိုက်အဆီတွေကို ချေဖျက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်မျိုးကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အချိန်မပေးနိုင်သူတွေအတွက်ကတော့ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ အခက်အခဲရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်စရာမလိုဘဲ ၀မ်းဗိုက်အဆီလျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို သတင်းကောင်းပါးလိုက်ပါရစေ။
1. ကယ်လိုရီလွန်ကဲစာလျှော့ချပါ
ကယ်လိုရီအများအပြားပါ၀င်တဲ့ ဆီကြော်စာ၊ ပြုပြင်ထုပ်ပိုးထားသော အစားအစာများ စားသုံးမှုကို လျှော့ချသင့်တဲ့အပြင် ဆိုဒါသောက်သုံးမှုကိုလည်း လျှော့ချဖို့လိုအပ်ပါတယ်။ ယင်းအစားအသောက်တွေအစား ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများကို စားသုံးပါ။ အိပ်ရာ၀င်ချိန်နီးမှ အစာစားခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။
2. ကာဗိိုဟိုက်ဒရိတ် (ကစီဓာတ်) လျှော့ချပါ
အာလူးချောင်းကြော်၊ ဆန်ဖြူ၊ ချိုတဲ့ကွေကာ၊ အဖြူရောင်ပေါင်မုန့်စတဲ့ ကာဗိုဟိုက်ဒရိတ် စားသုံးမှုလျှော့ချသင့်ပြီး အသားဓာတ်များများစားသုံးသင့်ပါတယ်။ စားအုန်းဆီကိုရှောင်ကြဉ်သင့် ပြီးပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီကိုသာရွေးချယ်သင့်ပါတယ်။
3. စိတ်ဖိစီးမှုလျှော့ချပါ
စိတ်ဖိစီးမှုများခြင်းဟာ အဆီတည်ဆောက်မှုကို အားပေးသောကော်တီဇုန်းအဆင့်ကို မြင့်တက်စေပြီး ၀မ်းဗိုက်အဆီကိုစုပုံလာစေပါတယ်။ ဒါကြောင့် တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဝါသနာပါရာလုပ်ငန်းတစ်ခုတွင် အာရုံစူးစိုက်ကာလုပ်ဆောင်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုလျှော့ချသင့်ပါတယ်။
4. အိပ်ရေး၀၀အိပ်ပါ
အိပ်စက်ချိန်နည်းလွန်းခြင်းဟာ လေးလံထိုင်းမှိုင်းစေတဲ့အပြင် အစားအစာကိုလိုအပ်တာထက် ပိုမိုစားသုံးမိစေနိုင်ပါတယ်။ တစ်ညမှာ 7-8 နာရီ အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန်ထိန်းရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ညဘက်မှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အသုံးပြုချိန်ကိုလျှော့ချပြီး စိတ်နဲ့ခန္ဓာကိုပြည့်၀စွာ အနားပေးသင့်ပါတယ်။
5. ရေဓာတ်ဖြည့်ပါ
ရေဓာတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တာကြောင့် ရေဓာတ်ပြည့်၀နေဖို့ လိုအပ်ပါတယ်။ ဗိုက်ခေါက်ရှိအဆီပြင်တွေ ဖယ်ရှားနိုင်ဖို့အတွက် ခန္ဓာကိုယ်မှာရေဓာတ်လုံလောက်နေမှဖြစ်မှာပါ။
အကောင်းဆုံးရရှိနိုင်တဲ့ ရေဓာတ်အရင်းအမြစ်ကတော့ သဘာ၀သောက်ရေသန့်နှင့် လက်ဖက်စိမ်း လက်ဖက်ရည်ဖြစ်ပါတယ်။ အစာမစားမီရေသောက်ပေးပါ။ ဒါမှသာ အစားအလွန်အကျူးစားမိခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဗိုက်အဆီများအလွယ်တကူကျသွားစေနိုင်ဖို့ လက်ဖက်စိမ်းလက်ဖက်ရည် နေ့စဉ်သောက်ပေးသင့်ပါတယ်။
ထို့ပြင် သစ်သီးဖျော်ရည်များသောက်ခြင်းဖြင့် ရေဓာတ်ဖြတ်တင်းနိုင်တဲ့အပြင် ဖရဲသီး၊ မက်မွန်သီး၊ လိမေ္မာ်သီးစတဲ့ အသီးအနှံများစားသုံးခြင်းဖြင့်လည်း ရေဓာတ်လုံလောက်စွာရရှိနိုင်ပါတယ်။
6. အာဟာရမပြည့်၀သောအစာကို ရှောင်ကြဉ်ပါ
လေ့ကျင့်ခန်းမလုပ်ဘဲ ဗိုက်အဆီလျှော့ချဖို့ဆိုတာ မိမိကိုယ်တိုင် ကယ်လိုရီများများ လောင်ကျွမ်းအောင် ပြုလုပ်နိုင်မှသာလျှင် ထိရောက်မှုရှိမှာပါ။ တစ်လတာအတွက် ၀မ်းဗိုက်အဆီတစ်ပေါင်ကျစေရန်မှာ တစ်နေ့တွင်ကယ်လိုရီ 500 လျော့ကျဖို့လိုပါတယ်။
အာဟာရမပြည့်၀သောအစားအစာတွေနဲ့ အဆီများသောအစားအစာ စားသုံးမှုလျှော့ချကာ အမျှင်ဓာတ်ကြွယ်၀သောအစာများကိုသာ ရွေးချယ်စားသုံးပါ။ ခန္ဓာကိုယ်၏ နေ့စဉ်လိုအပ်သော အာဟာရဓာတ်များပြည့်၀အောင် စားသုံးဖို့လိုပါတယ်။
7. ပြုပြင်ထုတ်လုပ်ထားတဲ့ တာရှည်ခံအစားအစာများကိုရှောင်ကြဉ်ပါ
အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ ဓာတုပစ္စည်းများနဲ့ တာရှည်ခံအောင် ပြုလုပ်ထားတာကြောင့် အာဟာရမပြည့်၀စေတဲ့အပြင် ကျန်းမာရေးဘေးဥပါဒ်ကိုသာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ချက်ပြုတ်တဲ့ အစားအစာနဲ့ အော်ဂဲနစ်အစားအစာများကိုသာ ရွေးချယ်စားသုံးပါ။
8. ညီညွတ်မျှတစွာစားသုံးပါ
အစာစားသုံးမှုမညီမျှခြင်း၊ အထိုင်များခြင်းတို့ဟာ ကိုယ်အလေးချိန်တက်လာစေဖို့အတွက် အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုလုံလောက်စွာ မလုပ်နိုင်ပါက အစားအသောက်ညီညွတ်မျှတစွာစားဖို့ လိုအပ်ပါတယ်။ အမျှင်ဓာတ်ကြွယ်၀သောအစားအစာ၊ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံမှပြုလုပ်သောအစားအစာများ (အညိုရောင်ပေါင်မုန့်၊ ဆန်လုံးညို၊ အခွံချွတ်မထားတဲ့ကောက်နှံနဲ့လုပ်တဲ့ ကွေကာ) စတဲ့ အစားအစာတွေက ၀မ်းဗိုက်အဆီကျစေဖို့ များစွာအထောက်အကူပြုပေးနိုင်ပါတယ်။
9. စာသုံးမှုပုံစံပြောင်းလဲပါ
တစ်ကြိမ်တည်းတွင် အစာများစွာစားသုံးခြင်းထက် နည်းနည်းချင်းစီမကြာခဏစားသုံးပေးခြင်းက အစာခြေဖျက်မှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး မလိုအပ်တဲ့အဆီများစုပုံလာမှုကိုလည်း တားဆီးပေးပါတယ်။ ခန္ဓာကိုယ်တွင်း ဇီ၀ဖြစ်ပျက်မှုကောင်းမွန်စေရန်၊ သွေးတွင်းသကြားဓာတ်ညီမျှစေရန်အတွက် ဟင်းသီးဟင်းရွက်ပါ၀င်အောင် စားသုံးပေးသင့်ပါတယ်။
10. အငန်စားသုံးမှုလျော့ချပါ
ဆိုဒီယမ်စားသုံးမှုများခြင်းကြောင့် ခန္ဓာကိုယ်မှရေဓာတ်လွန်စွာလိုအပ်လာပါတယ်။ ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်များဟာအဆိပ်အတောက်စွန့်ထုတ်ရမည့်ဖြစ်စဉ်တွင် လုပ်ဆောင်ခြင်းမပြုတော့ဘဲ ရေတွေဟာခန္ဓာကိုယ်ထဲမှာသာ တည်မြဲနေတတ်ပါတယ်။ ဒါကြောင့် ဗိုက်အဆီဖြစ်ခြင်းမှ ကင်းေ၀းစေဖို့က အငန်စားသုံးမှုလျော့ချသင့်ပါတယ်။
11. ဆေးလိပ်၊ အရက်ရှောင်ပါ
ဆေးလိပ်တွင်ပါ၀င်သော နီကိုတင်းဓာတ်ဟာ ကိုယ်အလေးချိန်တက်စေနိုင်သလို အရက်သောက်ခြင်းကြောင့်လည်း ကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ဘီယာဗိုက်ကဲ့သို့ ဗိုက်ရွှဲခြင်းမှ ကင်းေ၀းစေဖို့ ဆေးလိပ်၊ အရက်ရှောင်ကြဉ်သင့်ပါတယ်။
12. အသေးစား ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်ပါ
အားကစားရုံသွားခြင်း၊ ပြေးခြင်းစတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ သီးသန့်မလုပ်နိုင်လျင်လည်း အသေးစားလှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းဖြင့့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။ ကလေးငယ်များ၊ အိမ်မွေးတိရိစၧာန်လေးများနဲ့ ဆော့ကစားခြင်း၊ အတက်အဆင်းတွင် လှေကားအသုံးပြုခြင်း၊ ဈေး၀ယ်ထွက်ခြင်း စတဲ့လှုပ်ရှားမှုအနည်းငယ် လုပ်ဆောင်ပေးခြင်းဖြင့် ဘက်စုံကျန်းမာရေးအတွက် ကောင်းစေနိုင်တဲ့အပြင် ဗိုက်အဆီများကိုလည်း လျင်မြန်စွာလျော့ကျသွားစေနိုင်ပါတယ်။
CMS
















