/
news/အလှအပနှင့်ကျန်းမာရေး/ချေးတွန်းကျောက်တုံးရဲ့-ကောင်းကျိုးအထွေထွေ

ချေးတွန်းကျောက်တုံးရဲ့ ကောင်းကျိုးအထွေထွေ

Category
အလှအပနှင့်ကျန်းမာရေး

          ချေးတွန်းကျောက်တုံး (Pumic stone) ဆိုတာ အရေပြားပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားဖို့ အသုံးပြုတဲ့ မီးခိုးရောင်ကျောက်တုံးတစ်တုံးပါ။ ခြေထောက်မှာရှိတဲ့ အသားမာတွေပျောက်ဖို့အတွက်လည်း သုံးနိုင်ပြီး ချေးချွတ်နိုင်သလို အသားအရေကို ပိုလှအောင်လုပ်ပေးပါတယ်။

          ဒီကျောက်တုံးက ဘာအတွက်ကောင်းလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

 

1. Pumic stone က အသားရောင်ကို ကောင်းမွန်စေပါတယ်။

         အသားအရေထိန်းသိမ်းခြင်းက နေ့စဉ်လုပ်ရမယ့် အရေးကြီးတဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့အသားအရေရှိရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။

        ချေးတွန်းတဲ့ကျောက်တုံးနဲ့ ခန္ဓာကိုယ်ကို နေ့စဉ်ညင်သာစွာပွတ်တိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး အရေပြားကို သဘာဝအတိုင်း ပန်းရောင်သန်းနေစေပါတယ်။

 

2. အသားအရေခြောက်သွေ့မှုကို ပျောက်ကင်းစေနိုင်ပါတယ်။

        ဆောင်းရာသီမှာ ခြောက်သွေ့တဲ့အသားအရေကြောင့် ယားယံခြင်း၊ အရေပြားကွာခြင်း၊ အသားကွဲခြင်း၊ သွေးထွက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

       ကုထုံးကတော့ ချေးတွန်းကျောက်တုံးကို ဆပ်ပြာရည်ထဲမှာစိမ်ထားပြီး အရေပြားကိုပွတ်တိုက်ပေးပါ။ နေ့တိုင်း အချိန်အနည်းငယ်ပေးပြီး ပျောက်ကင်းတဲ့အထိလုပ်ပါ။

 

3. ခြေဖနောင့်ကွဲခြင်းကို ကုသပေးနိုင်ပါတယ်။

       ခြေဖနောင့်ကွဲခြင်းက အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီး အိပ်မက်ဆိုးတစ်ခုလို့တောင်တင်စားနိုင်ပါတယ်။ အများအားဖြင့် နာကျင်မှုမခံစားရဘဲနဲ့တောင် ကွဲပြီးသွေးထွက်စေနိုင်ပါတယ်။ ပူနွေးတဲ့ရာသီမှာ ခြေညှပ်ဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေစီးရင် အဖြစ်များပါတယ်။ တစ်ခါတစ်ရံမှာ ကွဲတဲ့နေရာက မနာရင်တောင် ခြေဖနောင့်ကွဲတာနက်တယ်ဆိုရင် စိတ်ဒုက္ခရောက်စေပါတယ်။ ဒါကိုမကုသဘဲထားရင်တော့ ရောဂါပိုးဝင်နိုင်ပါတယ်။

ကုထုံး - ခြေထောက်ကို ဆပ်ပြာရည်ထဲမှာ 15 မိနစ်ခန့်စိမ်ထားပြီး ချေးတွန်းကျောက်တုံးနဲ့ ကွဲတဲ့နေရာကို ညင်သာစွာပွတ်တိုက်ပေးပါ။ တစ်ပတ်ကို နှစ်ခါပြုလုပ်ပေးရင် တစ်လအတွင်းသိသာတဲ့ ပြောင်းလဲမှုကိုတွေ့ရပါလိမ့်မယ်။

 

4. အသားမာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

        အရေပြားကို ပွတ်တိုက်မှုများလို့ ဆဲလ်အသေတွေ ထူထဲစွာကြီးထွားနေတဲ့နေရာကို အသားမာလို့ခေါ်ပါတယ်။ နာတော့မနာပေမယ့် လမ်းလျှောက်ရခက်စေပါတယ်။ ရေချိုးတိုင်း အသားမာကို ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးမယ်ဆိုရင် ဆဲလ်အသေတွေ ဖြည်းဖြည်းချင်း ကွာကျသွားပါလိမ့်မယ်။

 

5. လက်တွေကို ပိုပြီးနူးညံ့စေပါတယ်။

         အမျိုးသားတွေက ကြမ်းတမ်းတဲ့အသားအရေရှိတာကို ဂုဏ်ယူလေ့ရှိကြပေမယ့် အမျိုးသမီးတွေကတော့ နူးညံ့တဲ့လက်တွေကို ပိုင်ဆိုင်ချင်ကြပါတယ်။

        တစ်ပတ်ကို အကြိမ်အနည်းငယ် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပြီး လက်ဆေးပေးပါ။ ဒီလိုလုပ်ခြင်းဖြင့် သင့်ရဲ့လက်လေးတွေကို နူးညံ့လာစေပါလိမ့်မယ်။

 

6. အမဲစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

        ဝက်ခြံကြောင့်ဖြစ်တဲ့ အမဲစက်တွေ မျက်နှာပေါ်မှာထွက်လာရင် ကြည့်ရဆိုးပါတယ်။ ဝက်ခြံတွေက ဆွဲဆောင်မှုကို လျော့နည်းစေပြီး ပေါက်ထွက်မယ်ဆိုရင်တော့ စိတ်ဒုက္ခဖြစ်စေပါတယ်။ ဒီအမဲစက်တွေကခဏတာပါပဲ။ သို့သော်လည်း မဖယ်ရှားဘဲထားရင်တော့ အကြာကြီးရှိစေနိုင်ပါတယ်။ ချေးတွန်းကျောက်တုံးသုံးခြင်းဖြင့် အမဲစက်တွေကိုအောင်မြင်စွာဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် ချေးတွန်းကျောက်နဲ့တွန်းမယ်ဆိုရင်တော့ အရေပြားကကောင်းမွန်ပြီး နူးညံ့နေဖို့လိုပါတယ်။

         ဒီအချက်တွေကတော့ ချေးတွန်းကျောက်ကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်ပြီး သူ့ရဲ့အသုံးဝင်ပုံကတော့ အများကြီးရှိပါသေးတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)