/
news/အလှအပနှင့်ကျန်းမာရေး/အဆီခဲများ

အဆီခဲများ

Category
အလှအပနှင့်ကျန်းမာရေး

          ပေါင်၊ တင်ပဆုံ၊ တင်ပါးနဲ့ ဝမ်းဗိုက်တွေမှာရှိတဲ့ အသားစိုင်အသားခဲတွေကိုခေါ်တာဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေမှာ ပိုမိုအဖြစ်များလေ့ရှိပါတယ်။ အဆီခဲတွေဟာ အရေးကြီးတဲ့ ကျန်းမာရေးပြဿနာမဟုတ်ပေမယ့်လည်း အတိုအပြတ်တွေ (သို့) ရေကူးဝတ်စုံတွေ ဝတ်တဲ့အခါမှာတော့ မိမိကိုယ်ကို ယုံကြည်မှုနည်းစေပါတယ်။

ရောဂါလက္ခဏာများ

        အဆီခဲတွေဟာ အရေပြားပေါ်မှာအချိုင့် (သို့) အဖုတွေအနေနဲ့ရှိနိုင်ပြီး တခါတရံမှာတော့ လိမေ္မာ်သီးခွံကဲ့သို့ကြမ်းတမ်းနေနိုင်ပါတယ်။ သာမန်အဆီခဲတွေကိုဆို အရေပြားကိုဆွဲကြည့်မှသိနိုင်ပြီးတော့ ပိုမိုဆိုးရွားတဲ့အဆီခဲတွေကို အဖုတွေအနေနဲ့တွေ့ရနိုင်ပါတယ်။

          အဆီခဲတွေကို ပေါင်ရင်းနဲ့ တင်ပါးမှာအများဆုံးတွေ့ရနိုင်သော်လည်း ရင်သား၊ ဝမ်းဗိုက်အောက်ပိုင်းနဲ့ လက်မောင်းတွေမှာလည်း တွေ့နိုင်ပါတယ်။

ဆရာဝန်နှင့်မည်သည့်အချိန်တွင် ပြသသင့်သနည်း

        အဆီခဲတွေဟာ ပြင်းထန်တဲ့ကျန်းမာရေးအခြေအနေမဟုတ်တာကြောင့် ကုသဖို့လည်းမလိုအပ်ပါဘူး။ တကယ်တော့ အဆီခဲတွေကို ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေလို့ပဲ ဆရာဝန်တွေကယူဆကြပါတယ်။ ဒါပေမယ့်လည်း အမြင်အရအဆင်မပြေတာကို စိတ်ပူပန်နေတယ်ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်းအရင်းများ

        အဆီခဲတွေဆိုတာ အရေပြားနဲ့ကြွက်သားတွေကိုချိတ်ဆက်ထားတဲ့ တွယ်ဆက်မျှင်တွေမှတဆင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ အဆီဆဲလ်တွေစုပုံလာတာနဲ့အမျှ အရေပြားဟာ အပေါ်သို့ကြွတက်လာပြီး တွယ်ဆက်မျှင်ကတော့ အောက်ကိုဆွဲပါတယ်။ ဒါကြောင့် မျက်နှာပြင်မညီညာမှုတွေ (သို့) ချိုင့်ခွက်တွေဖြစ်လာရခြင်းဖြစ်ပါတယ်။

ဖြစ်နိုင်ချေကို မြင့်မားစေနိုင်သောအချက်များ

        အဆီခဲတွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ အမှန်တော့ အမျိုးသမီးအများစုမှာ အဆီခဲတွေဟာရှိနှင့်ပြီးသားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေမှာ အဆီတွေဟာ ပေါင်၊ တင်ပဆုံနဲ့ တင်ပါးတွေမှာစုပြုံနေလေ့ရှိပြီး အဲဒီနေရာတွေဟာလည်း အဆီခဲတွေဖြစ်လေ့ရှိလို့ပဲဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားဟာကျသွားတာကြောင့် အသက်အရွယ်ကြီးသူတွေမှာလည်း ပိုဖြစ်နိုင်ပါတယ်။

          ကိုယ်အလေးချိန်တိုးလာတာကြောင့် အဆီခဲတွေကိုပိုပြီးမြင်သာထင်သာဖြစ်စေနိုင်ပေမယ့် ပိန်တဲ့သူတွေမှာလည်း အဆီခဲတွေရှိနိုင်ပါတယ်။ မိသားစုဝင်မှာဖြစ်လေ့ရှိတာကြောင့် မျိုးရိုးဗီဇကလည်း အဆီခဲတွေဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကဲ့သို့ လှုပ်ရှားမှုနည်းပါးသောလူနေမှုပုံစံကလည်း အဆီခဲဖြစ်ခြင်းကိုပိုမိုတွန်းအားပေးနိုင်ပါတယ်။

ကုသခြင်း

1. ကိုယ်အလေးချိန်လျှော့ချခြင်း

        အဆီခဲတွေကို ကုသနိုင်ဖို့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းတွေနဲ့ ကိုယ်အလေးချိန်ကိုလျှော့ချသင့်ပါတယ်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် ခြေသလုံး၊ ပေါင်၊ တင်ပါးနဲ့ ဝမ်းဗိုက်တွေမှာရှိတဲ့ ကြွက်သားတွေကိုသန်မာအောင်ပြုလုပ်သကဲ့သို့ဖြစ်ပြီး အရေပြားချိုင့်ဝင်ခြင်းကိုသက်သာစေပါတယ်။ ဒါပေမယ့်လည်း လုံး၀ပျောက်ကင်းသွားအောင်တော့ မစွမ်းဆောင်နိုင်ပါဘူး။

2. လေဆာနှင့် ရေဒီယိုလှိုင်းစနစ်

        ဒီစနစ်မှာပါဝင်တာတွေကတော့ တစ်သျှူးတွေကိုနှိပ်နယ်ခြင်း၊ ရေဒီယိုလှိုင်းနည်းပညာနဲ့ အနီအောက်ရောင်ခြည်တို့ဖြစ်ပြီး အဆီခဲတွေကိုကုသနိုင်တဲ့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

3. လေဆာအကူအညီဖြင့် အဆီစုပ်ထုတ်ယူခြင်း

          လေဆာအကူအညီနဲ့ အဆီစုပ်ထုတ်ခြင်းကတော့ နည်းပညာအသစ်တစ်ခုဖြစ်ပြီး အရေပြားတင်းရင်းစေရန် အဆီဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ခြင်းကြောင့် အဆီခဲတွေကိုကုသရာမှာ ပိုမိုထိရောက်ပါတယ်။

4. လိမ်းဆေးဖြင့်ကုသခြင်း

        ဗီတာမင် A (retinol) ခရင်မ်ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးခြင်းဖြင့် ခြောက်လအကြာတွင်တိုးတက်လာမှုကို တွေ့ရနိုင်ပါတယ်။

အိမ်တွင်းကုထုံးများ

        အဆီခဲတွေကိုကုသဖို့ စက်ပစ္စည်း၊ ထုတ်ကုန်ပစ္စည်းနှင့် ခရင်မ်အမြောက်အမြားရှိပေမယ့်လည်း ထိုအရာတွေကိုထောက်ခံဖို့အတွက် သိပ္ပံနည်းကျကျသုတေသနပြုလုပ်ထားတာတွေမရှိပါဘူး။ အဆီခဲကုသရာမှာ တိုးတက်မှုကိုခံစားခဲ့ရင်တောင်မှ ထိုရလဒ်ဟာကြာရှည်မခံပါဘူး။

          အောက်ပါတို့ဟာ အဆီခဲကုသမှုအတွက် သုံးနိုင်တယ်လို့ကြော်ငြာထားတဲ့အရာတွေပဲဖြစ်ပါတယ်။ သတိပြုသင့်တာကတော့ တကယ်အကျိုးရှိတယ်လို့ သက်သေပြတာမျိုးတော့မရှိပါဘူး။

1. ပြင်းပြင်းထန်ထန်နှိပ်နယ်ခြင်း

        ပြင်းပြင်းထန်ထန်နှိပ်ခြင်းဖြင့် သွေးစီးဆင်းမှုပိုမိုကောင်းမွန်လာခြင်း၊ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ခြင်းနဲ့ အဆီခဲတွေမှာအရည်စုမှုလျော့နည်းလာနိုင်ခြင်း စတဲ့အချက်တွေကိုအခြေခံပြီးတော့ ကုသမှုကိုပြုလုပ်ကြတာဖြစ်ပါတယ်။ အဆီချေခြင်းနည်းပညာကတော့ လက်ကိုင်စက်တစ်မျိ်ုးနဲ့ အရေပြားကိုလှိမ့်ပေးတာဖြစ်ပါတယ်။ ဒီကုသမှုခံယူပြီးပြီးချင်းမှာတော့ တိုးတက်မှုကိုခံစားရနိုင်သော်လည်း ရလဒ်ကတော့တာရှည်မခံပါဘူး။

2. အရေပြားအောက်သို့ဆေးထိုးခြင်း

        ဒီကုသမှုမှာ ပိုးဝင်ခြင်း၊ အနီစက်ထွက်ခြင်း၊ ဖူးယောင်ခြင်းနှင့် အရေပြားမညီခြင်း စတဲ့မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

3. အဆီခဲလိမ်းဆေးများ

        ဗီတာမင်၊ ဓာတ်ဆား၊ ဆေးမြစ်ရည်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေများစွာပါဝင်တဲ့ ခရင်မ်အမြောက်အများကို အဆီခဲကုသဆေးတွေအနေနဲ့ ဈေးကွက်မှာတွေ့ရပါတယ်။ ဒါပေမယ့်လည်း ၎င်းတို့ကိုသုံးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်မယ်လို့တော့ ဘယ်သူမှအာမ,မခံနိုင်ပါဘူး။

 

Dr. Thinzar Wynn

www.drmyanmar.com