/
news/အလှအပနှင့်ကျန်းမာရေး/အရေပြားယားယံရခြင်းအကြောင်းရင်းများ

အရေပြားယားယံရခြင်းအကြောင်းရင်းများ

Category
အလှအပနှင့်ကျန်းမာရေး

         အချို့သူများတွင် မကြာခဏအရေပြားယားယံခြင်းများကြုံတွေ့ရတတ်ပြီး တိကျသည့် အကြောင်းရင်းရှာမရဖြစ်တတ်သည်။ အရေပြားယားယံခြင်းသည် ဓာတ်မတည့်ခြင်း၊ အင်ပြင်ထခြင်း တို့ကြောင့် ဖြစ်နိုင်သကဲ့သို့ အခြားအရေပြားရောဂါများကြောင့်လည်းဖြစ်နိုင်သည်။ တစ်ခါတရံတွင် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါကဲ့သို့သော ပြင်းထန်သောရောဂါများကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။

♦ အရေပြားယားယံရောင်ရမ်းခြင်း

          အရေပြားတွင် ခန္ဓာကိုယ်ခုခံကာကွယ်စနစ်၏ အထူးဆဲလ်များပါဝင်ပြီး အရေပြားနှင့်ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးမွှားများနှင့် အခြားဥပဒ်အန္တရာယ်များမှ ကာကွယ်ပေးနိုင်သည်။ ရောဂါပိုးမွှားများ အပါအဝင် ခန္ဓာကိုယ်ကိုအန္တရာယ်ပြုနိုင်သည်ဟုယူဆရသော အရာဝတၳုများဝင်ရောက်လာလျှင် အရေပြား အထူးဆဲလ်များတွင် ဓာတ်ပြုမှုဖြစ်ပေါ်ပြီး နီခြင်း၊ နာခြင်း၊ ရောင်ရမ်းခြင်းတို့နှင့် အချို့တွင် အရေကြည်ဖုများ အထိဖြစ်ပေါ်နိုင်သည်။ အရေပြားယားယံခြင်းသည် အရေပြားတွင်ဖြစ်ပွားသောရောဂါများ၊ ပြဿနာများ အားလုံးတွင် အဖြစ်များဆုံးသော လက္ခဏာတစ်ခုဖြစ်သည်။

အရေပြားယားယံခြင်းတွင် အဖြစ်များသောအကြောင်းရင်းများ -

(1) အရေပြားခြောက်သွေ့ကွဲအက်ခြင်း (Dry Skin)

        အရေပြားခြောက်ခြင်း၊ ကွဲခြင်းသည် အရေပြားယားယံခြင်းကိုဖြစ်ပေါ်စေသော အဖြစ်များဆုံး အကြောင်းရင်းတစ်ခုဖြစ်သည်။ အရေပြားတွင်နီရဲသောအဖုအပိမ့်များ မတွေ့ရှိရတတ်ပေ။ ပူလွန်း၊ အေးလွန်း၍ ခြောက်သွေ့သောရာသီဥတုအခြေအနေကလည်း အရေပြားခြောက်သွေ့ကွဲအက်ခြင်းကို ပိုမိုဖြစ်ပေါ်စေတတ်သည်။ အသက်အရွယ်မရွေးဖြစ်ပေါ်နိုင်သော်လညး် အသက်အရွယ်ကြီးရင့်လာလျှင် အရေပြားပိုမိုပါးလွှာခြောက်သွေ့လွယ်သည်။ လက္ခဏာများအနေဖြင့် ခန္ဓာကိုယ်တစ်ကို်ယ်လုံးရှိအရေပြားတွင် အကြေးကွက်များထသကဲ့သို့ ကွဲအက်လွယ်သော (သို့မဟုတ်) ကြမ်းတမ်းသော အသားအရေမျိုးဖြစ်ခြင်း၊ အသားအရေညိုမည်းမွဲခြောက်ခြင်း၊ အလွန်အမင်း ယားယံခြင်း၊ အရေပြားအက်ကွဲကြောင်းများ ထပြီး သွေးထွက်လွယ်ခြင်း၊ နှုတ်ခမ်းများကွဲခြင်းတို့ဖြစ်ပေါ်လေ့ရှိသည်။ အလွန်အမင်းခြောက်သွေ့သော အသားအရေပိုင်ဆိုင်သူများအနေဖြင့် အရေပြားကွဲကြောင်းများမှတဆင့် ပိုးမွှားများဝင်ရောက်လွယ်သဖြင့် တတ်ကျွမ်းနားလည်သည့်ဆရာဝန်နှင့် ပြသသင့်သည်။ အထူးအစိုဓာတ်ထိန်းဆေးကို တစ်နေကုန် လိမ်းထားရန် (သို့မဟုတ်) အရေပြားပေါ်သို့တိုက်ရိုက်လိမ်းနိုင်သောဆေးကို လိမ်းရန်ညွှန်ကြားလေ့ရှိသည်။

 

 

(2) နှင်းခူရောဂါ (Eczema or atopic dermatitis)

          နှင်းခူရောဂါသည် ကလေးငယ်များတွင် အဖြစ်များဆုံးသော အရေပြားရောဂါတစ်မျိုးဖြစ်သည်။ တစ်နှစ်အောက် ကလေးငယ် 5 ဦးလျှင် 1 ဦးမှာ နှင်းခူရောဂါဖြစ်ပွားတတ်ပြီး လူကြီးများတွင်မူ လူ 50 ဦးလျှင် တစ်ဦးသာ ဖြစ်ပွားတတ်သည်ဟုဆိုသည်။ အရေပြားတွင် အနီရောင်အစက်အပြောက်များ အင်ပြင်သဖွယ် (Skin Rash) ထွက်တတ်ပြီး ကလေးငယ်များတွင် မျက်နှာနှင့် တံတောင်တို့၌ အဖြစ်များသော်လည်း အခြားကိုယ်ခန္ဓာနေရာအနှံ့အပြားဖြစ်ပေါ်နိုင်သည်။ အရေပြားအတွင်း ပိုးများဝင်ရောက်လွယ်သဖြင့် အထူးသတိပြုရန်လိုအပ်ပြီး အရေပြားအစိုဓာတ် ထိန်းသိမ်းပေးရန် အရေးကြီးသည်။ သို့ရာတွင် နှင်းခူရောဂါမှာ အချိန်ကြာမြင့်သည်နှင့်အမျှ သက်သာပျောက်ကင်းလာလေ့ရှိသည်။ Steroid ပါဝင်သောလိမ်းဆေးများကို အရေပြားအထူးကုဆရာဝန် ညွှန်ကြားချက်နှင့်သာသုံးစွဲသင့်ပြီး ယားယံမှုသက်သာစေရန် ဘာမီတွန်ကဲ့သို့သော (Antihistamines) သောက်ဆေးကို သုံးနိုင်သည်။

 

(3) ဓာတ်မတည့်ခြင်း (Allergies)

 

          အရေပြားနှင့် ဓာတ်မတည့်သောအရာတစ်ခု တိုက်ရိုက်တွေ့ထိမိလျှင် အရေပြားရောင်ရမ်း၊ ယားယံခြင်း (Allergic contact dermatitis) ဖြစ်ပေါ်တတ်ပြီး နီရဲယားယံသော အစက်အပြောက်၊ အဖုအပိတ်များမှ မီးလောင်ဖုကဲ့သို့သော အရည်ကြည်ဖုငယ်များအထိပါဝင်နိုင်သည်။ အဝတ်အစားများ၊ အိမ်မွေးတိရစၧာန်များ၊ ဓာတုပစ္စည်းများ၊ ဆပ်ပြာများ၊ အလှကုန်ပစ္စည်းများ အစရှိသည်တို့နှင့်ထိတွေ့မိရာမှ အရေပြားဓာတ်မတည့်မှုများဖြစ်ပေါ်တတ်သည်။ အချို့မတည့်သောအစားအစာများကြောင့်လည်း အရေပြားယားယံခြင်းဖြစ်ပေါ်နိုင်သည်။ ဓာတ်မတည့်သောအရာနှင့်ထိတွေ့ပြီး အချိန်အနည်းငယ်ကြာမှသာ ဓာတ်မတည့်မှုဖြစ်စဉ်ဖြစ်ပေါ်သည်။ နစ်ကယ်သတၳုဓာတ်နှင့် ဓာတ်မတည့်မှု (Nickel Allergies) မှာလည်း အဖြစ်များပြီး နစ်ကယ်ဓာတ်အနည်းငယ်မျှပါဝင်သော လက်ဝတ်ရတနာများဝတ်ဆင်မိလျှင်ပင်ဖြစ်ပေါ်နိုင်သည်။ ဓာတ်မတည့်သည့်ရောဂါအတွက် အကောင်းဆုံးသောကုသနည်းမှာ မတည့်သောအရာကိုရှောင်ကြဉ်ရန်ဖြစ်ပြီး အရေပြားဓာတ်မတည့်မှုဖြစ်ပေါ်ချိန်တွင် Zyrtec ၊Claritin နှင့် Benadryl ကဲ့သို့သော ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သောဆေးများနှင့် လိမ်းဆေးများကိုသုံးစွဲနိုင်ပြီး ဓာတ်မတည့်မှုဖြစ်စဉ်တွင်ပါဝင်သော Histamine ဓာတ်ကို ဆန့်ကျင်ကာကွယ်ပေးသည့် အယားသက်သာဆေး (Antihistamine) သောက်ဆေးများကို သုံးစွဲနိုင်ပါသည်။

 

(4)  အင်ပြင်ထခြင်း (Hives)

          အင်ပြင်ထခြင်းသည် ခန္ဓာကိုယ်တွင်း Histamine အမည်ရှိ ဓာတ်ပစ္စည်း ထုတ်လွှတ်ခြင်းကြောင့် သွေးကြောမျှင်များမှ အရည်စိမ့်ထွက်၍ အရေပြားရောင်ရမ်းခြင်းဖြစ်သည်။ ချက်ချင်းလက်ငင်း အင်ပြင်ထခြင်း (Acute Hives) နှင့် နာတာရှည်အင်ပြင်ထခြင်း (Chronic Hives) ဟူ၍ (2) မျိုးခွဲခြားနိုင်ပြီး လက်ငင်းအင်ပြင်ထခြင်းသည် ဓာတ်မတည့်သောအစားအစာ (သို့မဟုတ်) ဆေးဝါး များသောက်သုံးခြင်းကြောင့် အဖြစ်များဆုံးဖြစ်ပြီး ဓာတ်မတည့်ခြင်းကြောင့်သာမကဘဲ ပူလွန်းအေးလွန်းသော ရာသီဥတု၊ နေလောင်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့်လည်းဖြစ်ပေါ်နိုင် သည်။ နာတာရှည်အင်ပြင်ထခြင်းတွင်မူ စတင်ဖြစ်ပေါ်စေသော တိကျသည့်အကြောင်းရင်းမရှိဘဲ နှစ်ရှည်လ များကြာသည်ထိဖြစ်ပေါ်နိုင်သည်။ အင်ပြင်ထခြင်းသည် ယားယံခြင်း၊ နာကျင်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဝေဒနာ ခံရသူအဖို့ မသက်မသာဖြစ်ရတတ်သော်လည်း မကူးစက်တတ်သောရောဂါဖြစ်သည်။ နှင်းခူရောဂါကဲ့သို့ပင် Steroid ပါဝင်သောလိမ်းဆေးများသည် ရောင်ရမ်းယားယံမှုကိုသက်သာစေနိုင်ပြီး အရေပြားအထူးကု ဆရာဝန်ညွှန်ကြားချက်နှင့်သာ သုံးစွဲသင့်သည်။ ယားယံမှုသက်သာစေရန် ဘာမီတွန်ကဲ့သို့သော အယားပျောက်ဆေး (Antihistamines) သောက်သုံးနိုင်သည်။

 

(5) အခြားအကြောင်းရင်းများ

          အရေပြားယားယံခြင်းသည် တုပ်ကောင်ကဲ့သို့သော သန်ရောဂါများ၊ ကပ်ပါးပိုးရောဂါများနှင့် သန်း၊ ခြင် အစရှိသည့် အင်းဆက်ပိုးမွှားများကြောင့်လည်းဖြစ်နိုင်သည်။ ပွေး၊ ယားနာကဲ့သို့သော အရေပြားမှိုရောဂါများကြောင့်လည်းဖြစ်တတ်သည်။ တစ်ခါတရံတွင် ပြင်းထန်သောရောဂါ အခြေအနေများနှင့်လည်း ဆက်စပ်လျက်ရှိသည်။ ဆီးချိုရောဂါနောက်ဆက်တွဲ အာရုံကြောရောဂါကြောင့် လည်းကောင်း၊ ခါးပတ်ရေယုန်ရောဂါတွင်လည်းကောင်း အလွန်အမင်းယားယံခြင်းမျိုး ဖြစ်ပေါ်နိုင်သည်။

          နာတာရှည်ကျောက်ကပ်အားနည်းသောရောဂါတွင်လည်း ယူရီးယားဓာတ်များ (Urea)၊ အခြား အဆိပ်အတောက်ဓာတ်များ ကျောက်ကပ်မှမစွန့်ထုတ်နိုင်ဘဲ အရေပြားယားယံခြင်း (CKD-associated pruritus) ဖြစ်နိုင်သည်။ ကျောက်ကပ်ရောဂါကြောင့်အရေပြားယားယံခြင်းသည် ကျောကုန်း၊ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် ဖြစ်ပေါ်လေ့ရှိပြီး ညအချိန်တွင် ပိုမိုဆိုးဝါးတတ်သည်။ ကျောက်ကပ်ရောဂါကြောင့် ဖြစ်ပေါ် တတ်သောအရေပြားယားယံခြင်းတွင် အယားသက်သာဆေးများကို သုံးစွဲရန်မသင့်လျော်ပါက အရေပြားအားခရမ်းလွန်ရောင်ခြည်ဓာတ်ပေး၍ကုသပေးသည့် အလင်းဓာတ်ကုထုံး (Phototherapy) ကို အသုံးပြုနိုင်သည်။

 

Dr. Thanda Lin

www.drmyanmar.com