အလှကုန်ပစ္စည်းနဲ့ ကျန်းမာရေး
အခုခေတ်မှာ မိန်းကလေးအများစုအတွက် မိတ်ကပ်လိမ်းတာက နေ့စဉ်အလေ့အကျင့်လို ဖြစ်နေပါပြီ။ ကိုယ့်ရဲ့မျက်နှာပေါ်တင်မယ့် အလှကုန်တွေနဲ့ ပတ်သက်ပြီး သိထားဖို့လိုပါတယ်။
>> ဒီတော့ ကိုယ့်ရဲ့မိတ်ကပ်အိတ်၊ ဘူးကို အန္တရာယ်ကင်းအောင် ဘယ်လိုထားကြမလဲ
● သူများနဲ့ မျှဝေပြီးတော့ မသုံးပါနဲ့။ ကိုယ့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်းက နေကောင်းတယ်၊ ရောဂါမရှိဘူးလို့ ထင်ရရင်တောင်မှ ဘက်တီးရိးယားပိုးတွေက ကူးစက်နိုင်ပါတယ်။
● မိတ်ကပ်လိမ်းတဲ့အခါမှာ လက်က သန့်ရှင်းနေဖို့ လိုပါတယ်။ လက်မသန့်ရင် မိတ်ကပ်လည်း သန့်တော့မှာ မဟုတ်ပါဘူး။
● နေမကောင်း ဖြစ်နေချိန်မှာ မိတ်ကပ်မလိမ်းပါနဲ့။ မိတ်ကပ်ထဲမှာပါတဲ့ ရောဂါပိုးတွေကြောင့် ကိုယ်နေမကောင်းနေတာ ပိုကြာတာ၊ ပြန်နေမကောင်းဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
● မိတ်ကပ်မလိမ်းခင်မှာ မျက်နှာပေါ်မှာ ပေါက်ပြဲနေတဲ့အနာတွေ၊ ဝက်ခြံတွေ ရှိ/မရှိ သေချာကြည့်ပါ။ ဒီနေရာတွေကနေပြီး ရောဂါပိုး ဝင်နိုင်တဲ့အတွက်ကြောင့် မိတ်ကပ်လိမ်းရင် ပေါက်ပြဲနေတဲ့အနာတွေ၊ ဝက်ခြံတွေပေါ်မလိမ်းပါနဲ့။
● ပြီးတော့ မိတ်ကပ်ဆိုင်တွေမှာ sample ထားတဲ့ဟာတွေကို မလိမ်းပါနဲ့။ လေ့လာမှုတစ်ခုအရ ဒီလိုမျိုး နမူနာထားတဲ့မိတ်ကပ် 25 ခုမှာ 3 ခုက မှိုစွဲနေတာကို တွေ့ရပါတယ်။ ဒီမှိုကြောင့် မျက်လုံးနီတာနဲ့ အစက်အကွက်တွေ ဖြစ်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















