အလှပြင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သောကျန်းမာရေးပစ္စည်းများ
အချို့သောကျန်းမာရေးသုံးပစ္စည်းများကို အလှပြင်ပစ္စည်းအဖြစ် အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့် အလှပြင်ပစ္စည်းများ၀ယ်ဖို့ အချိန်မရှိတော့ဘူးဆိုရင်တောင် အောက်ဖော်ပြပါပစ္စည်းများကို အစားထိုးပြီး သုံးစွဲကြည့်ပါ။ အကျိုးထူးတာကိုတွေ့ရပါလိမ့်မယ်။
1. ကလေးတင်ပွန်း၊ ပေါင်ပွန်းလိမ်းခရင်မ် (Diaper Rash Cream)
Diaper Rash Cream ဆိုတာကလေးငယ်များတွင် အသုံးပြုသော (အညစ်အကြေးခံ ဘောင်းဘီများ (Diaper) ကြောင့် ပွန်းပဲ့ခြင်းကိုသက်သာစေတဲ့ ခရင်မ်ဖြစ်ပါတယ်။ ၎င်းခရင်မ်မှာ ဇင့်အောက်ဆိုဒ်(Zinc Oxide) ပါ၀င်တာကြောင့် အသားအရေကိုနူးညံ့စေပြီး အသားအရေပွန်းပဲ့ခြင်းကို သက်သာစေပါတယ်။ ဒါကြောင့် အမွှေးအမျှင်ရိတ်ခြင်းကြောင့် ဖြစ်ပေါ်လာသောဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများအတွက် အလွန်အသုံး၀င်ပါတယ်။ ညအခါမှာ ၎င်းခရင်မ်ကိုလိမ်းပြီး မနက်ကျလျှင် ရေဖြင့်ဆေးကြောပါ။
2. အမွှေးရိတ်ပြီးနောက်ပိုင်းလိမ်းရသောဂျယ် (Chafing Relief Powder Gel)
ယခုအခါမှာ မိတ်ကပ်မလိမ်းမီအောက်ခံအဖြစ် Primer လိမ်းတဲ့ အလေ့အကျင့်မှာလည်း တွင်ကျယ်လာပြီဖြစ်ပါတယ်။ Primer မှာ အဓိကပါ၀င်တာကတော့ ဒီမီသီကုန်း(Dimethicone) ပဲ ဖြစ်ပါတယ်။ Dimethicone ဟာ အရေပြားကိုချောမွေ့စေပြီး အရေးအကြောင်းများကိုလည်း ဖုံးကွယ်ပေးနိုင်ပါ တယ်။ ချေွးပေါက်များကိုပိတ်ဆို့ခြင်းမရှိတာကြောင့် ၀က်ခြံဖြစ်မှာကိုလည်းစိတ်မပူရပါဘူး။ Dimethicone ကိုအမွှေးအမျှင်ရိတ်ပြီးနောက် လိမ်းရတဲ့ Chafing Relief Powder Gel များမှာလည်းတွေ့ရပါတယ်။ ဒါကြောင့် Make up Primer ကုန်နေတယ်ဆိုရင်တော့ Chafing Relief Powder Gel ကို Primer အဖြစ် သုံးပေးနိုင်ပါတယ်။
3. ရေနံဂျယ်လီ (Petroleum Jelly)
ခြေဖနောင့်ကွဲရင်သုံးတဲ့ ရေနံဂျယ်လီကို မျက်လုံးမှာလိမ်းထားတဲ့မိတ်ကပ်တွေ ဖယ်ရှားဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာသစ်ဆေးများကို မျက်လုံးတစ်၀ိုက်မှာ အသုံးပြုတာကြောင့် ရောင်ရမ်းမှုကိုဖြစ်ပေါ်စေပြီး မျက်တောင်များကိုကျဲပါးစေပါတယ်။ ဒါကြောင့် မျက်လုံးတစ်၀ိုက်ကို မျက်နှာသစ်ဆေးကိုသုံးပြီးသန့်စင်မယ့်အစား မျက်လုံးတစ်၀ိုက်မှာ ရေနံဂျယ်လီကိုလိမ်းပြီး ဝါဂွမ်းစဖြင့် အသာအယာသုတ်ပေးပါ။ ရေနံဂျယ်လီကမိတ်ကပ်များကို ဖယ်ရှားပေးနိုင်စွမ်းရှိရုံ သာမက နူးညံ့သောမျက်ခွံကိုလည်းစိုပြေစေမှာပါ။
4. ဗိုက်ကြောပြတ်ခြင်းကိုသက်သာစေသည့် ခရင်မ် (Stretch Mark Oil or Cream)
Stretch mark oil တွေမှာ Shea Butter, Silicone နဲ့ အုန်းဆီတို့ပါ၀င်တာကြောင့် အသားအေရေအတွက် ရေဓာတ်ကိုထိန်းသိမ်းပေးတဲ့ အစိုဓာတ်ထိန်းခရင်မ်အဖြစ် သုံးနိုင်ပါတယ်။
5. နှာခေါင်းပိတ်တာကိုသက်သာစေသည့် ဖျန်းဆေးများ (Decongestant nasal spray)
အပူအစပ်နဲ့အရက်သေစာသောက်သုံးခြင်းကြောင့် အရေပြားနီမြန်းနေပါသလား။ နှာခေါင်းပွင့်စေတဲ့ ဖျန်းဆေးကိုမျက်နှာပေါ်မှာဖျန်းပြီး လက်ချောင်းဖြင့် အသာအယာပုတ်ပေးပါ။ နှာခေါင်းပွင့်စေတဲ့ ဖျန်းဆေးတွေက သွေးကြောများကို ကျဉ်းစေပြီး ရောင်ရမ်းမှုကိုဟန့်တားပေးနိုင်ပါတယ်။
6. ကလေးပေါင်ဒါ (Baby Powder)
ခေါင်းလျှော်ဖို့ အချိန်မရှိဘူးဆိုရင်တော့ Baby Powder ကိုခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ ပေါင်ဒါအနည်းငယ်ကိုယူပြီး ဦးရေပြားပေါ်သို့ဖြူးပေးပါ။ ထို့နောက် ဘီးဖြင့်ဖြီးချလိုက်ပါ။ ကလေးပေါင်ဒါမှာတယ်ကမ်(Talcum) ပါ၀င်တာကြောင့် အဆီများကိုစုပ်ယူပေးနိုင်ပါတယ်။
Htet






























