/
news/ကလေးများနှင့်ကျန်းမာရေး/အိပ်ပျော်နေစဉ်-ကလေးငယ်ရုတ်တရက်သေဆုံးခြင်း

အိပ်ပျော်နေစဉ် ကလေးငယ်ရုတ်တရက်သေဆုံးခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

       SIDS (Sudden Infant death Syndrome) ဆိုသည်မှာ အိပ်ပျော်နေစဉ် အတောအတွင်း ရောဂါတစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ ကလေးငယ်ရုတ်တရက်သေဆုံးသွားခြင်းကို ဆိုလိုပါတယ်။ SIDS သည် တစ်နှစ်အောက်ကလေးများတွင် သေဆုံးမှု၏အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီး အသက် 1လမှ 4 လ အရွယ်ကလေးငယ်လေးများတွင် အဖြစ်အများဆုံးဖြစ်ပါတယ်။

 

♦ ဖြစ်ပွားရသည့်အကြောင်းရင်း 

 

        SIDSကိုဖြစ်ပွားစေသည့် အကြောင်းရင်းများကတော့

-      အသက်ရူခြင်းကိုထိန်းချုပ်ပေးသော ဦးနှောက်အစိတ်အပိုင်းချို့ယွင်းနေခြင်း၊

-      ပေါင်မပြည့်ဘဲမွေးခြင်း၊ ပေါင်မပြည့်ဘဲမွေးလာသောကလေးများတွင် အသက်ရူခြင်းနှင့် နှလုံးခုန်နှုန်းတွင် ထိန်းချုပ်နိုင်စွမ်းနည်းပါးတာကြောင့် အသက်ရူရပ်၍ သေဆုံးတတ်ပါတယ်။

-      အအေးမိခြင်း၊

-      ကလေးငယ်ကိုမှောက်ခုံသိပ်မိခြင်း၊

-      နူးညံ့သောမျက်နှာပြင်ပေါ်တွင် မျက်နှာအပ်၍အိပ်မိခြင်း၊

-      မိဘနှစ်ပါးကြားတွင် ကလေးငယ်ကိုသိပ်ခြင်း (အိပ်ပျော်နေစဉ်အတောအတွင်း ကလေးငယ်အား အမှတ်တမဲ့ဖိမိရာမှ အသက်ဆုံးရှုံးနိုင်ပါတယ်) တို့ဖြစ်ပါတယ်။

♦ SIDS ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းရင်း

 

        SIDS ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းရင်းများမှာ

-  ယောကျ်ားလေးများ၊

-  အသက် 1 လ မှ 4 လအရွယ်ကလေးများ၊

-  အမေရိကန်လူမျိုး၊  အိန္ဒိယလူမျိုးနှင့်လူမည်းများ၊

-  မိသားစုမျိုးရိုးရှိသူများ၊

-  ဆေးလိပ်ငွေ့ရှူရှိုက်ရသော ကလေးငယ်များ၊

-  ကိုယ်၀န်ဆောင်နေစဉ် အတောအတွင်းမိခင်ဆေးလိပ်သောက်ခြင်း၊

-  ကိုယ်၀န်ဆောင်နေစဉ် အတောအတွင်းအရက်သောက်ခြင်း၊

-  ကိုယ်၀န်ဆောင်နေစဉ် အတောအတွင်းမူးယစ်ဆေးသုံးစွဲခြင်း

-  အသက် 20 အရွယ်မတိုင်မီ ကိုယ်၀န်ဆောင်သောအမျိုးသမီးမှ မွေးလာသောကလေးငယ်များတို့ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးခြင်း၊ အော့အန်ခြင်းတို့သည် SIDS ကို ဖြစ်စေခြင်းမရှိပါဘူး။

♦ ကာကွယ်ခြင်း

 

        Sudden Infant Death Syndrome ကိုကာကွယ်နိုင်ရန် အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက် သင့်ပါတယ်။

-    ကလေးငယ်ကိုမှောက်လျက်သိပ်ခြင်း၊ ဘေးတစောင်းသိပ်ခြင်းမလုပ်ပါနှင့်။

-    ကလေးငယ်၏ပုခက်ကိုမိဘများ၏ လက်တကမ်းတွင်သာထားရှိပါ။

-    မိဘနှစ်ပါးနှင့်အတူကလေးငယ်အားမသိပ်ပါနှင့်။ အမှတ်မထင် မိဖိသွားနိုင်ပါတယ်။

-    ပုခက်ထဲတွင် ပစ္စည်းများ၊ အရုပ်များဖြင့် ရှုပ်ပွမနေစေပါနှင့်။ အရုပ်များနှင့်ကလေးမျက်နှာအပ်မိပြီး ကလေးငယ်အား အသက်ရှူရပ်စေနိုင်ပါတယ်။

-    ကလေးငယ်အား စောင်များဖြင့် ထုတ်ပိုးထားခြင်းကို ရှောင်ရှားပါ။

-    မိခင်နို့ရည်တိုက်ကျေွးပါ။

-    အိပ်ပျော်နေစဉ်အတောအတွင်း ကလေးငယ်အား ချိုလိမ်ပေးထားပါ။

 

       ကိုယ်၀န်ဆောင်နေစဉ်အတောအတွင်းနှင့် ကလေးနို့တိုက်စဉ် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုရှောင်ရှားပါ။ ကလေးငယ်ကိုစောင့်ရှောက်မည့်သူအား ကလေးငယ်နှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို ကြိုတင်ပြောပြထားပါ။

 

Dr. Htet Htet Aung (www.drmyanmar.com)