အိပ်ပျော်နေစဉ် ကလေးငယ်ရုတ်တရက်သေဆုံးခြင်း
SIDS (Sudden Infant death Syndrome) ဆိုသည်မှာ အိပ်ပျော်နေစဉ် အတောအတွင်း ရောဂါတစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ ကလေးငယ်ရုတ်တရက်သေဆုံးသွားခြင်းကို ဆိုလိုပါတယ်။ SIDS သည် တစ်နှစ်အောက်ကလေးများတွင် သေဆုံးမှု၏အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီး အသက် 1လမှ 4 လ အရွယ်ကလေးငယ်လေးများတွင် အဖြစ်အများဆုံးဖြစ်ပါတယ်။
♦ ဖြစ်ပွားရသည့်အကြောင်းရင်း
SIDSကိုဖြစ်ပွားစေသည့် အကြောင်းရင်းများကတော့
- အသက်ရူခြင်းကိုထိန်းချုပ်ပေးသော ဦးနှောက်အစိတ်အပိုင်းချို့ယွင်းနေခြင်း၊
- ပေါင်မပြည့်ဘဲမွေးခြင်း၊ ပေါင်မပြည့်ဘဲမွေးလာသောကလေးများတွင် အသက်ရူခြင်းနှင့် နှလုံးခုန်နှုန်းတွင် ထိန်းချုပ်နိုင်စွမ်းနည်းပါးတာကြောင့် အသက်ရူရပ်၍ သေဆုံးတတ်ပါတယ်။
- အအေးမိခြင်း၊
- ကလေးငယ်ကိုမှောက်ခုံသိပ်မိခြင်း၊
- နူးညံ့သောမျက်နှာပြင်ပေါ်တွင် မျက်နှာအပ်၍အိပ်မိခြင်း၊
- မိဘနှစ်ပါးကြားတွင် ကလေးငယ်ကိုသိပ်ခြင်း (အိပ်ပျော်နေစဉ်အတောအတွင်း ကလေးငယ်အား အမှတ်တမဲ့ဖိမိရာမှ အသက်ဆုံးရှုံးနိုင်ပါတယ်) တို့ဖြစ်ပါတယ်။
♦ SIDS ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းရင်း
SIDS ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းရင်းများမှာ
- ယောကျ်ားလေးများ၊
- အသက် 1 လ မှ 4 လအရွယ်ကလေးများ၊
- အမေရိကန်လူမျိုး၊ အိန္ဒိယလူမျိုးနှင့်လူမည်းများ၊
- မိသားစုမျိုးရိုးရှိသူများ၊
- ဆေးလိပ်ငွေ့ရှူရှိုက်ရသော ကလေးငယ်များ၊
- ကိုယ်၀န်ဆောင်နေစဉ် အတောအတွင်းမိခင်ဆေးလိပ်သောက်ခြင်း၊
- ကိုယ်၀န်ဆောင်နေစဉ် အတောအတွင်းအရက်သောက်ခြင်း၊
- ကိုယ်၀န်ဆောင်နေစဉ် အတောအတွင်းမူးယစ်ဆေးသုံးစွဲခြင်း
- အသက် 20 အရွယ်မတိုင်မီ ကိုယ်၀န်ဆောင်သောအမျိုးသမီးမှ မွေးလာသောကလေးငယ်များတို့ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးခြင်း၊ အော့အန်ခြင်းတို့သည် SIDS ကို ဖြစ်စေခြင်းမရှိပါဘူး။
♦ ကာကွယ်ခြင်း
Sudden Infant Death Syndrome ကိုကာကွယ်နိုင်ရန် အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက် သင့်ပါတယ်။
- ကလေးငယ်ကိုမှောက်လျက်သိပ်ခြင်း၊ ဘေးတစောင်းသိပ်ခြင်းမလုပ်ပါနှင့်။
- ကလေးငယ်၏ပုခက်ကိုမိဘများ၏ လက်တကမ်းတွင်သာထားရှိပါ။
- မိဘနှစ်ပါးနှင့်အတူကလေးငယ်အားမသိပ်ပါနှင့်။ အမှတ်မထင် မိဖိသွားနိုင်ပါတယ်။
- ပုခက်ထဲတွင် ပစ္စည်းများ၊ အရုပ်များဖြင့် ရှုပ်ပွမနေစေပါနှင့်။ အရုပ်များနှင့်ကလေးမျက်နှာအပ်မိပြီး ကလေးငယ်အား အသက်ရှူရပ်စေနိုင်ပါတယ်။
- ကလေးငယ်အား စောင်များဖြင့် ထုတ်ပိုးထားခြင်းကို ရှောင်ရှားပါ။
- မိခင်နို့ရည်တိုက်ကျေွးပါ။
- အိပ်ပျော်နေစဉ်အတောအတွင်း ကလေးငယ်အား ချိုလိမ်ပေးထားပါ။
ကိုယ်၀န်ဆောင်နေစဉ်အတောအတွင်းနှင့် ကလေးနို့တိုက်စဉ် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုရှောင်ရှားပါ။ ကလေးငယ်ကိုစောင့်ရှောက်မည့်သူအား ကလေးငယ်နှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို ကြိုတင်ပြောပြထားပါ။
Dr. Htet Htet Aung (www.drmyanmar.com)





























