ကင်ဆာဆိုတိုင်း လက်မလျှော့လိုက်ပါနဲ့ ... အဆုတ်ကင်ဆာ ခံစားနေသူတစ်ဦးရဲ့ကိုယ်တွေ့
" ပြီးခဲ့တဲ့လတွေက အကြောင်းရင်း မယ်မယ်ရရမရှိဘဲ နုံးခွေပြီး အားမရှိသလိုပဲ။ အစတုန်းက ဆေးစစ်ပေမယ့် ရောဂါလည်း မတွေ့ ... အမောမခံနိုင်သလိုဖြစ်လို့ ဆရာဝန်ပြကြည့်တော့လည်း ပန်းနာရင်ကြပ်ရောဂါလို့ အမည်တပ်တယ် ... အခုတော့ မခံစားနိုင်လောက်အောင် ကျွန်တော် တော်တော်မောနေတယ် ... ရောဂါကို သိရပြီ။ အဆုတ်ထဲမှာ ကင်ဆာကျိတ် တွေ့နေတယ်တဲ့ဗျာ "
အဆုတ်ကင်ဆာဆိုတာ အကျိတ်ရဲ့သဘောသဘာဝပေါ် မူတည်ပြီး အသက်ရှင်နိုင်စွမ်း အင်မတန်နည်းပါးတဲ့ရောဂါလို့ ပြောလို့ရပါတယ်။ ဒီလူရဲ့ အတွေ့အကြုံအရတော့ မျှော်လင့်ချက်မဲ့ပြီး တော်တော်စိတ်ပျက်စရာကောင်းတဲ့ဘဝကို ဆက်လက်ဖြတ်သန်းရဖို့ များနေပါတယ်။
" ကင်ဆာကျိတ်က ခွဲစိတ်ဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေကို ရောက်နေတယ်.. ခင်ဗျားအဆုတ်ထဲမှာလည်း ရေတွေပြည့်နေတယ် ... "
ကုသမှုပေးနေတဲ့ဆေးပညာရှင်တွေရဲ့ စကားတွေက သူ့ကို နှစ်သိမ့်မှု လုံးဝမပေးနိုင်ခဲ့ပါဘူး။ လက်မခံနိုင်ပေမယ့် အဆိုးဆုံးကို ရောက်နေပြီဆိုတာ ဘယ်လိုမှရပ်တန့်လို့မရတဲ့ အမှန်တရား ဖြစ်ပါတယ်။ ဒီထက် အဆိုးဆုံး အမှန်တရားတစ်ခုကတော့ သူ့အနေနဲ့ အသက်ရှင်သန်ဖို့ တစ်နှစ်အတွင်းသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းပါပဲ။ မကြားချင်ဆုံးစကားပေမယ့် သိထားရမှာပါပဲ။
မိသားစု၊ ငွေကြေး၊ အလုပ် သူ စွန့်လွှတ်ထားခဲ့ရမှာတွေအတွက် သူ့မှာ အင်မတန် ဗျာများနေပါတယ်။ စိတ်ဆင်းရဲပေမယ့် အထိတ်တလန့်ဖြစ်ရတာက အရာအားလုံးကို လွှမ်းမိုးပါတယ်။
အင်တာနက်ကနေ ရှာတယ်။ အချက်အလက်တွေ စုဆောင်းတယ်။ အင်တာနက်ကနေ စာနဲ့ပေနဲ့ မှတ်ကျောက်တင်ထားတဲ့ အချက်တွေမှာ သူ့အတွက် အကောင်းတစ်ခုမှ မပါပါဘူး။ အဆိုးဆုံးအတွက် ပြင်ဆင်ရတော့မယ်။ ကင်ဆာကျိတ်ကို အသားစ အဖြေယူပြီး စစ်ဆေးလိုက်တော့လည်း လုံးဝသေချာသလောက်ပါပဲ။ ခွဲစိတ်ဖို့ လုံးဝမဖြစ်နိုင်တဲ့ အကြောင်းမထူးတဲ့ရောဂါ။ မျှော်လင့်ချက်မဲ့နေတဲ့ အဆုတ်ကင်ဆာ။
အဆိုးထဲကနေ အကောင်းလေးတစ်ခု ထွက်လာခဲ့တယ်။ သူ့မှာ မူမမှန် မျိုးရိုးဗီဇပြောင်းလဲမှုတစ်ခု ရှိနေပါသတဲ့။ အဲဒီပြောင်းလဲမှုကို အသုံးချတဲ့ အဆုတ်ကင်ဆာဆေးတစ်လက်က သူ့ရဲ့အကျိတ် ဆက်လက်ကြီးထွားပျံ့နှံ့မှုကို ရပ်တန့်စေခဲ့ပါတယ်။ ကင်ဆာဆေး စတင်သုံးစွဲပြီး ခြောက်လအကြာမှာ သိသိသာသာ တုံ့ပြန်မှုပြလာတာ ဖြစ်ပါတယ်။ တစ်နှစ်အတွင်းသာ အသက်ရှင်မယ်လို့ အသိပေးခံထားရပေမယ့် အခု သူ အသက်ရှင်နေတာ နှစ်နှစ်ရှိပြီ။ နုံးချိတာ၊ မောတာ၊ နေလို့မကောင်းတာတွေလည်း သိသိသာသာ သက်သာလာပါတယ်။ မသေချာ မရေရာမှုနဲ့ ရှင်သန်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကြုံဖူးမှသိကြမှာ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ပူနေ၊ ကြောက်နေရတာက တကယ်လို့ လက်ရှိအသုံးပြုနေတဲ့ဆေးဝါးသာ အရင်လို ဆေးစွမ်းမပြတော့ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေး ဖြစ်ပါတယ်။ အဲဒီအတွေးက သူ့ကို ထာဝစဉ်ခြောက်လှန့်ပေမယ့် လောလောဆယ်တော့ ဘဝကို အကောင်းဆုံး နေထိုင်ပြီး ကင်ဆာနဲ့ အတူတကွ ရှင်သန်နေဆဲပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























