/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကင်ဆာရောဂါမှကာကွယ်နိုင်မည့်-နည်းလမ်းများ

ကင်ဆာရောဂါမှကာကွယ်နိုင်မည့် နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ဆေးလိပ်နှင့် ဆေးရွက်ကြီးကို လုံးဝရှောင်ကြဉ်ပါ။

         ဆေးရွက်ကြီးကို ဘယ်လိုပုံစံနဲ့ပဲစားစား ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာ၊ ပါးစပ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ လေပြွန်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ စတဲ့ကင်ဆာရောဂါအမျိုးမျိုးနဲ့ ဆက်စပ်နေပါတယ်။ ဆေးရွက်ကြီး ဝါးခြင်းဖြင့် ခံတွင်းနဲ့ မုန့်ချိုအိတ်ကင်ဆာတွေဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီးတွေ ကိုယ်တိုင်သုံးစွဲမှုမရှိဘူးဆိုရင်တောင် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

        ဆေးလိပ်၊ ဆေးရွက်ကြီး လုံးဝရှောင်ကြဉ်ခြင်း၊ ဖြတ်ခြင်းက ကင်ဆာကာကွယ်ဖို့ အရမ်းအရေးကြီးပြီးတော့ ကျန်းမာရေးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါ တယ်။ ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်မယ့် နည်းလမ်းအမျိုးမျိုးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။

2. ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားသုံးပါ။

 

- သစ်သီးနှင့် ဟင်းသီးဟင်းရွက်များများစားပါ။

- သန့်စင်ထားသောသကြားများ၊ တိရိစၧာန်မှရရှိသောအဆီများအပါအဝင် ကယ်လိုရီများတဲ့ အစားအစာတွေကို အနည်းငယ်သာစားသုံးပါ။

- အရက်သောက်တတ်လျှင် အတန်အသင့်သာ သောက်သုံးပါ။ အရက်သောက်ခြင်းဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ် ကင်ဆာ၊ အသည်းနဲ့ ကျောက်ကပ်ကင်ဆာစတဲ့ကင်ဆာအမျိုးမျိုးဖြစ်နိုင်ချေ များလာပါတယ်။

- ကြာရှည်ခံအောင်ပြုပြင်ထားတဲ့ အသားတွေကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

 

3. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ကိုယ်အလေးချိန်အတွင်း ထိန်းသိမ်းထားပါ။ ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။

        အဝမလွန်အောင်ထိန်းသိမ်းထားခြင်းဖြင့် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးနဲ့ ကျောက်ကပ်ကင်ဆာ စတဲ့ကင်ဆာအမျိုးမျိုးဖြင်နိုင်ချေကို လျော့ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တဲ့အပြင် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။

        ကျန်းမာရေးအကျိုးကျေးဇူးတွေ ကြာရှည်စွာရနိုင်ဖို့အတွက် အသင့်အတင့်အေရိုးဗစ်လေ့ကျင့်ခန်း အနည်းဆုံးတစ်ပတ်လျှင် 150 မိနစ်၊ (သို့) ပြင်းထန်လေ့ကျင့်ခန်း အနည်းဆုံး တစ်ပတ်လျှင် 75 မိနစ် လုပ်ဖို့လိုအပ်ပါတယ်။ ယေဘူယျအားဖြင့်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်နေ့လျှင် အနည်းဆုံး မိနစ် 30 ခန့် လုပ်ဖို့လိုပါတယ်။ ဒီထက်ပိုလုပ်နိုင်ရင် ပိုကောင်းပါတယ်။

4. နေရောင်ခြည်ထိတွေ့မှုမှ ကာကွယ်ပါ။

        အရေပြားကင်ဆာဟာ ကာကွယ်လို့ရတဲ့ကင်ဆာတစ်မျိုးဖြစ်ပါတယ်။

- နေအပြင်းဆုံးအချိန်ဖြစ်တဲ့ မနက် 10 နာရီမှ ညနေ 4 နာရီအတွင်း နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကိုရှောင်ကြဉ်ပါ။

- အရိပ်ထဲမှာနေပါ။ အပြင်ထွက်ရင်တောင် တတ်နိုင်သလောက်အရိပ်ရတဲ့နေရာမှာနေပါ။ နေကာမျက်မှန်၊ ဦးထုပ်များ ဝတ်ဆင်ပါ။

- အရေပြားကို တတ်နိုင်သမျှ နေရောင်ခြည်မထိတွေ့အောင် ကာကွယ်ပါ။

- နေရောင်ကာခရင် လိမ်းဖို့မမေ့ပါနဲ့။ အပြင်ထွက်ရင် နေကာခရင်များများလိမ်းပါ။ မကြာခဏပြန်လိမ်းပေးပါ။

5. ကာကွယ်ဆေးများထိုးထားပါ။

- အသည်းရောင် အသားဝါ B ပိုး က အသည်းကင်ဆာဖြစ်နိုင်ချေများတဲ့အတွက် B ပိုးကာကွယ်ဆေးထိုးထားရပါမယ်။ အထူးသဖြင့် အဖြစ်များတဲ့အုပ်စုတွေဖြစ်တဲ့ လိင်ဆက်ဆံဖက်များသောသူများ၊ ကာလသားရောဂါရှိသူများ၊ မူးယစ်ဆေးထိုးသူများ၊ လိင်တူချစ်မြတ်နိုးသောအမျိုးသားများ၊ ရောဂါပိုးရှိသောသွေး၊ ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့မှုများသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် လူထုကိုကာကွယ်ပေးရသောသူများမှာ ပိုပြီးလိုအပ်ပါတယ်။

- သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ HPV ပိုးက လိင်ဆက်ဆံရာမှတဆင့်ကူးစက်တတ်ပြီး သားအိမ်ခေါင်းကင်ဆာနဲ့ အခြားလိင်အင်္ဂါကင်ဆာများကို ဖြစ်စေနိုင်တဲ့အပြင် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတွေဖြစ်စေနိုင်ပါတယ်။

6. အန္တရာယ်များတဲ့ အမူအကျင့်တွေကိုရှောင်ကြဉ်ပါ။

(1) အန္တရာယ်ကင်းသောလိင်ဆက်ဆံတဲ့နည်းလမ်းတွေသုံးပါ

        ဒါတွေကတော့ လိင်ဆက်ဆံဖက်ကန့်သတ်ထားခြင်း၊ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုခြင်း တို့ဖြစ်ပါတယ်။ လိင်ဆက်ဆံဖက်များလေလေ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေရနိုင်ချေများလေလေပါပဲ၊ HIV/AIDS ရောဂါရှိသူတွေမှာ စအို၊ အသည်းနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ချေများပါတယ်။ HPV ပိုးက သားအိမ်ခေါင်းကင်ဆာနဲ့ အများဆုံးသက်ဆိုင်ပေမယ့် အခြားကင်ဆာတွေဖြစ်တဲ့ စအို၊ လိင်တံ၊ လည်ချောင်း၊ မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်းကင်ဆာတွေလည်းဖြစ်စေနိုင်ပါတယ်။

(2) ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်းမပြုပါနဲ့

        ရောဂါပိုးရှိတဲ့သူတွေနဲ့ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်းဖြင့် HIV ရောဂါပိုးကူးစက်နိုင်သလို အသည်းကင်ဆာဖြစ်စေနိုင်တဲ့ အသည်းရောင်အသားဝါ B ပိုးနဲ့ C ပိုးတွေကိုလည်း ကူးစက်စေနိုင်ပါတယ်။

7. ပုံမှန်ဆေးစစ်ပါ။

        အရေပြားကင်ဆာ၊ အူမကြိီး၊ သားအိမ်ခေါင်းနဲ့ ရင်သားကင်ဆာတွေဖြစ်မဖြစ် မိမိကိုယ်မိမိ အမြဲသတိထားပြီး ဆန်းစစ်ကြည့်နေနိုင်သလို ပုံမှန်ဆေးစစ်မှုတွေလည်းပြုလုပ်သင့်ပါတယ်။ ကင်ဆာရောဂါလို့သံသယဖြစ်နိုင်တဲ့အချက်တွေ စောစောသတိမူမိလေ ကုသမှုအောင်မြင်ဖို့ အခွင့်အလမ်းများလေလေဖြစ်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com