ကင်ဆာေ၀ဒနာရှင်တွေကို ဘယ်လိုကူညီကြမလဲ
ကင်ဆာေ၀ဒနာရှင်ရဲ့ဘေးမှာ ပြုစုစောင့်ရှောက်ပေးမယ့် သူငယ်ချင်း၊ မိသားစု၀င်တွေ ၀န်းရံနေခြင်းဟာ လူနာအတွက်အင်အားတစ်ခုဖြစ်စေသလို ဆေးကုသမှုရလဒ်ကောင်းကိုရစေနိုင်ပါတယ်။ ေ၀ဒနာရှင်တွေဟာ ကင်ဆာရောဂါဖြစ်နေပြီလို့ စသိချိန်နှင့်ကင်ဆာရောဂါကုသမှုခံယူနေဆဲအချိန်တွေမှာ ရောဂါေ၀ဒနာကိုခံစားရသလို စိတ်ထဲမှာလည်းစိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။
ရောဂါခံစားနေရချိန်မှာလူနာအနေနဲ့ အစစအရာရာအားနည်းနေတဲ့အတွက် ပြုစုစောင့်ရှောက်ပေးမယ့်သူမရှိပါက ရောဂါအခြေအနေပိုဆိုးလာစေနိုင်ပြီး ဆေးကုသမှုဟာအရာမထင်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကင်ဆာေ၀ဒနာရှင်ရဲ့ ရောဂါတိုးတက်မှု ရှိ/မရှိဆိုတာ ဘေးနားမှာအားပေးကူညီဖေးမပေးမှု ရှိလား၊ မရှိလားဆိုတာနဲ့ များစွာသက်ဆိုင်ပါတယ်။ ဒါကြောင့် မိသားစု၀င်ထဲမှာဖြစ်စေ၊ သူငယ်ချင်းထဲမှာဖြစ်စေ ကင်ဆာရောဂါခံစားနေရသူရှိပါက လူနာရဲ့နံဘေးမှာနေပြီး ဘယ်လိုကူညီအားပေးအဖော်ပြုသင့်တယ်ဆိုတဲ့ နည်းလမ်းတွေကိုလေ့လာထားသင့်ပါတယ်။
1. လူနာကိုယ်စားဆောင်ရွက်ပါ။
ဆေးကုသမှုရက်ချိန်းတွေကို လူနာနဲ့အတူလိုက်သွားပါ။ ဆရာ၀န်ညွှန်ကြားတဲ့ ဆောင်ရန် ရှောင်ရန် အချက်အလက်တွေနဲ့ သောက်ရမယ့်ဆေးဝါးတွေကို လူနာကိုယ်စားသေသေချာချာမှတ်သားပေးထားပါ။
2. စိတ်ဓာတ်ခွန်အားပေးနိုင်သူတွေနဲ့ ဆက်သွယ်ပေးပါ။
ကင်ဆာရောဂါကိုစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဖြတ်ကျော်နေသူတွေနဲ့ ဖုန်းမှတဆင့်ဖြစ်စေ၊ လူကိုယ်တိုင်တွေ့ပြီးဖြစ်စေ စကားပြောစေခြင်းဟာ လူနာရဲ့စိတ်ဓာတ်ခွန်အားကိုမြင့်မားစေနိုင်တာကြောင့် ကင်ဆာရောဂါကိုအောင်မြင်စွာကျော်လွှားခဲ့သူ၊ ကင်ဆာရောဂါ ကိုစိတ်ဓာတ်ခိုင်မာစွာ ခုခံတွန်းလှန်နေသူတွေနဲ့ စကားပြောခွင့်ရအောင်ဆက်သွယ်ပေးပါ။
3. ရင်တွင်းစကားတွေကို နားထောင်ပေးပါ။
ကင်ဆာရောဂါေ၀ဒနာရှင်ရဲ့ စိတ်မှာခံစားနေရသမျှ ခံစားချက်တွေကိုစိတ်ရှည်ရှည်နဲ့ နားထောင်ပေးခြင်းဖြင့် လူနာရဲ့ဖြစ်ချင်နေတဲ့ဆန္ဒတွေ၊ ရောဂါနဲ့ပတ်သက်တဲ့စိုးရိမ််ကြောင့်ကြမှုတွေကိုသိနိုင်မှာဖြစ်ပြီး ၄င်းကဲ့သို့လူနာရဲ့ စိတ်ကူးဆန္ဒတွေကိုသိရမှသာ လူနာကိုအကောင်းဆုံးဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို သိမြင်နိုင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လူနာယုံကြည်စိတ်ချရလောက်တဲ့ နားထောင်သူအဖြစ်နေပေးပါ။
4. တက်တက်ကြွကြွ စိတ်အားထက်သန်စွာစောင့်ရှောက်ပေးပါ။
နံဘေးမှာနေပြီးပြုစုပေးနေသူအနေနဲ့ တက်ကြွလန်းဆန်းနေမှသာလူနာရဲ့စိတ်ထဲမှာ သူ့ရောဂါရဲ့အခြေအနေက ထင်ထားသလောက်မဆိုးရွားဘူးလို့ ခံစားမိစေကာစိတ်ပေါ့ပါးသွားမှာပါ။ ဒါကြောင့် လူနာရှေ့မှာမိမိအနေနဲ့ စိုးရိမ်စိတ်လွှမ်းမိုးနေတဲ့ ဟန်ပန်အမူအရာဖြစ်သွားတာမျိုး မပေါ်ပေါက်စေဘဲ အစဉ်အမြဲတက်ကြွနေတဲ့အသွင်ကိုဆောင်နေဖို့ သတိမမေ့သင့်ပါဘူး။
5. အာရုံပြောင်းပေးပါ။
ရောဂါအပေါ်မှာပဲတစ်ချိန်လုံး အာရုံမရောက်နေစေဘဲ မကောင်းတဲ့အတွေးတွေးတောနေခြင်းမရှိစေဖို့ အနီးကပ်ပြုစုစောင့်ရှောက်နေသူအနေနဲ့ လူနာစိတ်ပျော်ရွှင်စေမယ့်၊ စိတ်ကြည်လင်အေးချမ်းစေမယ့် အကြောင်းအရာတွေကို ဦးတည်ကာပြောပေးသင့်ပြီး အတိတ်တစ်ချိန်က ကြည်နူးစရာကောင်းခဲ့တဲ့ ဖြစ်စဉ်တွေ ပြန်လည်အသက်၀င်လန်းဆန်းလာစေဖို့ ပြန်လည်နှိုးဆွတူးဖော်ပေးပါ။
6. လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါ။
လူနာအနေနဲ့ ဘယ်လိုအစားအစာတွေကြိုက်တတ်တယ်၊ မည်သည့်တံဆိပ် တစ်ကိုယ်ရည်သန့်ရှင်းရေးအသုံးအဆောင် ပစ္စည်းတွေသုံးနေကျဖြစ်တယ်ဆိုတာကို မှတ်သားထားပြီးလူနာပြုစုစောင့်ရှောက်နေသူကိုယ်တိုင် သွားမ၀ယ်နိုင်ရင်တောင် အခြားသူတစ်ဦးတစ်ယောက်ကို ၀ယ်လာပေးဖို့မှာကြားနိုင်ပါတယ်။ အစားအစာကိုတော့ လူနာကြိုက်တာထက် ဆရာ၀န်ကစားဖို့ညွှန်ကြားထားတဲ့ အစားအစာကိုသာဦးစားပေးကျေွးသင့်ပါတယ်။
၄င်းကဲ့သို့ အသေးစိတ်ဂရုစိုက်စောင့်ရှောက်ပေးခြင်းက လူနာအတွက်အားတက်စေသလို မိမိ်အပေါ်ယုံကြည်မှုတိုးစေတဲ့အတွက် လူနာအနေနဲ့ မိမိအပေါ်မှာအလုံးစုံမှီခိုအားကိုးလာနိုင်ပါတယ်။ ထို့အပြင် လူနာခံစားရသမျှကို ဖွင့်ဟတို်င်ပင်ပြောဆိုနိုင်လာတာကြောင့် လူနာစိတ်ဓာတ်ကျနေတယ်ဆိုလည်း စိတ်ဓာတ်မြှင့်တင်ပေးခွင့်ရှိတဲ့အပြင် မကောင်းတဲ့အတွေးတွေကို ဘယ်လိုတိုက်ထုတ်သင့်တယ်၊ စိတ်ပိုင်းဆိုင်ရာခံစားချက် ကောင်းမွန်အောင်ဘာတွေလုပ်ဆောင်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး အကြံဉာဏ်ကောင်းတွေပေးနိုင်မှာဖြစ်ပါတယ်။
7. စိတ်ပူပန်မှုမရှိရအောင် ဖြည့်ဆည်းလုပ်ကိုင်ပေးပါ။
ကင်ဆာဖြစ်နေသူမှာငယ်ရွယ်သေးတဲ့ ကလေးတွေရှိနေမယ်ဆိုရင် ကလေးအတွက်လူနာအနေနဲ့စိတ်ပူပန်မှုမရှိရအောင် လူနာကိုယ်စားအစစအရာရာ ဖြည့်ဆည်းလုပ်ကိုင်ပေးခြင်းဟာလည်း လူနာအနေနဲ့ ဆေးကုသရာမှာစိတ်ချလက်ချ ကုသမှုခံယူနိုင်ဖို့ အထောက်အကူကောင်းတစ်ခုဖြစ်စေပါတယ်။ လူနာအတွက် စိတ်ပူပန်မှု၊ နောက်ဆံတင်းရစေမယ့်ကိစ္စ အ၀၀တွေကိုသိရှိအောင်လေ့လာထားပြီး စေတနာထားကာကူညီပေးခြင်းဟာ လူနာအားစိတ်ဖိစီးမှုဖြစ်စေမယ့် ကိစ္စကိုလျော့ချပေး ခြင်းဖြစ်ပြီး ဆေးကုသရာမှာစိတ်အေးချမ်းသာစွာ ကုသနိုင်အောင်တစ်ဖက်တစ်လမ်းမှ အားပေးစောင့်ရှောက်ပေးခြင်းတစ်မျိုးပဲဖြစ်ပါတယ်။
8. စိတ်ပျော်ရွှင်အောင် လုပ်ပေးပါ။
သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုးသားချင်းများထံမှ ဆုတောင်းမေတ္တာပို့သမှုများ ကြားသိရခြင်း၊ အားပေးစကားများ ကြားရခြင်းကြောင့် လူနာရဲ့စိတ်မှာကြည်နူးမိစေသလို စိတ်ဓာတ်ခွန်အားလည်းတက်စေနိုင် ါတယ်။ ဒါ့အပြင် တစ်မူထူးခြားဆန်းသစ်တဲ့ အပြုအမူမျိုးနဲ့အတူ အံ့အားသင့်အောင်လုပ်ဆောင်ခြင်းဟာလည်း စိတ်ပျော်ရွှင်စေပြီး ၄င်းကဲ့သို့တမူထူးခြားစွာခံစားလိုက်ရတဲ့ ပျော်ရွှင်မှုဟာစိတ်မှာစွဲထင်ကျန်ရစ်စေကာ ပြန်လည်တွေးတောမိတဲ့အခါ စိတ်မှာကြည်နူးမိစေနိုင်ပါတယ်။ လူနာအနေနဲ့ ပျော်စရာကောင်းတဲ့ အတွေးတွေ၊ ကြည်နူးစရာအဖြစ်များကိုသာ တွေးမိစေဖို့အတွက် ပျော်ရွှင်စရာအမှတ်တရများစွာကို ဖန်တီးပေးသင့်ပါတယ်။
9. ငြင်းဆန်ပါကလည်း စေတနာအပြည့်ဖြင့်ကူညီပေးပါ။
အားနာတတ်သူတွေဟာသူတပါးထံမှ အကူအညီတစ်ခုတောင်းဖို့ကို ၀န်လေးနေတတ်ပါတယ်။ ကင်ဆာေ၀ဒနာရှင်ဟာ အားနာတတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် သွေးသားအရင်းအချာမှလွဲပြီး တခြားသူတစ်ဦးထံမှ အကူအညီရယူဖို့ကို တွန့်ဆုတ်နေတတ်တာကြောင့် ကိုယ်တိုင်သာလုပ်ဖို့ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့် လူနာကိုအနီးကပ်ပြုစုမယ့်သူဟာ အိမ်နီးချင်းဒါမှမဟုတ် ဆွေမျိုးထဲမှဖြစ်မယ်ဆိုပါက လူနာအနေနဲ့ဆောင်ရွက်ဖို့ခက်ခဲမယ့်ကိစ္စတွေ အကုန်လုံးကိုရှေ့မှဦးဆောင်ကာ ကူညီလုပ်ဆောင်ပေးသင့်ပြီး ငြင်းဆန်ပါကလည်း ကူညီပေးလိုတဲ့မိမိရဲ့ စိတ်အားထက်သန်မှုကိုဖော်ကျူးပြသကာ လူနာအတွက် လိုအပ်ချက်မှန်သမျှက်ို စေတနာထက်သန်စွာဖေးမကူညီပေးသင့်ပါတယ်။
10. အထီးမကျန်အောင် ဘေးမှာအဖော်ပြုပေးပါ။
မည့်သည်ေ၀ဒနာမျိုးကိုမဆို ခံစားနေရချိန် အထူးသဖြင့် ကင်ဆာရောဂါဆိုးကိုခံစားနေရချိန်မှာ လူနာအနေနဲ့ အတွေးများစွာနဲ့ ပြည့်နှက်နေတတ်ပြီး ပူပန်ကြောင့်ကြစိတ်တွေလွှမ်းမိုးနေတတ်ပါတယ်။ ဒီလိုအဆိုးဘက်အတွေးအမြင်တွေ ကိန်းအောင်းနေချိန်မှာ အထီးကျန်နေမယ်ဆိုရင် အနာဂတ်မှာရင်ဆိုင်ရမှာတွေအတွက် တွေးပူပြီးချောက်ခြားလာနိုင်ပါတယ်။ ဒါကြောင့်လူနာကိုတစ်ယောက်တည်း ထားတာမျိုးမလုပ်သင့်ဘဲ လူနာဘေးမှာတစ်ယောက်မဟုတ်တစ်ယောက်က မပြတ်ရှိနေသင့်ပြီး လူနာနဲ့အတူရှေးဟောင်းနှောင်းဖြစ်အကြောင်းတွေပြောတာ၊ စိတ်၀င်စားစရာကောင်းတဲ့အကြောင်းတွေကို အားတက်သရောပြောဆိုပေးခြင်းက လူနာရဲ့စိတ်မှာမကောင်းတဲ့ အတွေးတွေ မတွေးမိစေဖို့အဟန့်အတားတစ်ခုဖြစ်စေပါတယ်။
CMS






























