ကဏန်း ကြိုက်သူတို့အတွက်
အရသာ ပြေပြစ်လှပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရသာသွင်း ချက်ထားတဲ့ ကဏန်းဟင်းလျာဟာ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အနံ့အရသာကို စုပ်ယူထားနိုင်တာကြောင့် မွေးပျံ့ပြီး စားချင်စရာကောင်းလှတဲ့ ကဏန်းဟင်းလျားတွေက လူကြိုက်များတဲ့ အစားအစာ ဖြစ်နေတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အခုအချိန်မှ ပင်လယ်စာ စတင် မြည်းစမ်းကြည့်မယ်ဆိုရင်တော့ ကဏန်းကို ရွေးချယ်ဖို့ အကြံပေးပါရစေ။
ကဏန်းမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ သက်စောင့်ဓာတ်တွေ ပါ၀င်တာကြောင့် ကဏန်းကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် စွမ်းအင်တွေ ရရှိခြင်း၊ ဆဲလ်များရဲ့ လုပ်ဆောင်ရည် ပိုမိုကောင်းမွန်လာခြင်း၊ သွေးနီဥများရဲ့ စွမ်းဆောင်ရည် ကောင်းလာခြင်း၊ အရိုးအဆစ်များ သန်မာလာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
အရသာရှိတဲ့ အစားအစာလည်း စားချင်တယ်၊ အသားဓာတ်လည်း ရချင်တယ်ဆို ကဏန်းဟင်းလျားတွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။ ကျန်းမာတဲ့ ကြွက်သားတွေကို တည်ဆောက်နိုင်ဖို့ အသားဓာတ်ကို အမျိုးသားရော၊ အမျိုးသမီးပါ လိုအပ်ပါတယ်။ တစ်နေ့တာ လိုအပ်ချက်က အမျိုးသား (၅၆ ဂရမ်) ရှိပြီး အမျိုးသမီး (၄၆ ဂရမ်) ဖြစ်ပါတယ်။ ကဏန်း ၃ အောင်စမှာ ပရိုတင်း ၁၆.၅ ဂရမ်ကျော် ပါ၀င်ပြီး ပရိုတင်းအသစ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၂၀ ကျော် ပါ၀င်တာကြောင့် အသားဓာတ် ဖြည့်တင်းဖို့အတွက် ပြီးပြည့်စုံတဲ့ အစားအစာလို့တောင် ဆိုရမှာပါ။
သွေးဆဲလ်ထုတ်လုပ်ခြင်းတွေကို အားပေးပြီး အာရုံကြောကို အားကောင်းစေတဲ့ ဗီတာမင် B12 ဟာ နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ တစ်နေ့တာ လိုအပ်ချက်က ၂.၄ မိုက်ခရိုဂရမ်ဖြစ်ပြီး ကဏန်း ၃ အောင်စ စားသုံးမယ်ဆိုရင် B12 ၉.၃၇ ဂရမ် ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကဏန်းမှာ အရိုးသန်မာဖို့အတွက် ဖော့စရပ်၊ ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိ Selenium နဲ့ ဗီတာမင် B6 ၊ သွပ်ဓာတ်နဲ့ ကယ်လ်ဆီယမ်တွေ ပါ၀င်နေပြန်ပါတယ်။
ကိုယ်အလေးချိန် ထိန်းချင်သူတွေ စားကြည့်သင့်တဲ့ အစားအစာပါပဲ။ ကယ်လိုရီ ပါ၀င်မှု နည်းပါးပြီး ကာဗိုဟိုက်ဒရိတ် ပါ၀င်မှုက ကဏန်း ၃ အောင်စမှာ အဆီပါ၀င်မှု ၁ ဂရမ် ဖြစ်တာကြောင့် ပရိုတင်းဓာတ် သီးသန့်ပေးစွမ်းနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။
ကဏန်းကို မျိုးစုံလုပ်စားလို့ ရပါတယ်။ သူ့ချည်းသက်သက်လည်း ကောင်းသလို အသုတ်တွေမှာ taste အနေနဲ့ ကဏန်းသားချောင်းကို ဖြူးပြီး စားမယ်ဆိုရင်လည်း လိုက်ဖက်တာပါပဲ။ ဒိန်ချဉ်၊ သံပရာသီးတို့နှင့် တွဲဖက်ပြီး အသားညှပ်ပေါင်မုန့်နဲ့ စားဦးမလား အရသာရှိနေမှာ အသေအချာပါပဲ။ ဒါပေမဲ့ ပြင်ဆင်ပုံကလည်း အရေးကြီး ပြန်ပါတယ်။
ကဏန်းကို အကြော်အလှော်ပုံစံမျိုးနဲ့ ပြင်ဆင်စားသောက်မယ်ဆိုရင်တော့ ဆီကြော်ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
စားရတာ အရသာရှိသလောက် မလုပ်တတ်ရင် အလုပ်ရှုပ်တာ ကဏန်းပါပဲ။ စာရေးသူ ပထမအကြိမ် စားတုန်းကဆိုရင် အခွံထဲက အသားကို မဆွဲထုတ်တတ်တာကြောင့် တော်တော်အခက်တွေ့ခဲ့ရတာပါ။ ကဏန်းလက်မကို ခွာဖို့အတွက်ညှပ်ရယ် ဘယ်နေရာကနေ ခွာရမယ်ဆိုတာ သိရင်ရပါပြီ။ ကဏန်းလက်မကို ခွာရတာ လက်၀င်တယ်၊ အလုပ်ရှုပ်တယ် ထင်ရင် စားသောက်ဆိုင်ကို အကူအညီ တောင်းလို့ ရပါတယ်။
ခွာရတာလည်း လက်၀င်၊ အချိန်လည်း ပေးရတာ ကြာပါတယ်။ ကဏန်း စားမယ်ဆို စိတ်ရှည်ဖို့ လိုပါတယ်။
ကဏန်း စားမယ်ဆိုရင် ရင်ဆိုင်ရမယ့် နောက်ပြဿနာတစ်ခုကတော့ ဈေးကြီးတာပါပဲ။ ဗိုက်၀အောင် စားမယ်ဆိုရင် အများကြီး ၀ယ်ရမှာပါ။ တစ်ခါတလေ ကဏန်းလက်မကို ခွာလိုက်တဲ့အခါမှာ အသားနည်းနည်းပဲ ပါတာကို ကြုံဖူးကြမှာပါ။ အသားပြည့်လေ ဈေးပိုပေးရလေပါပဲ။
Dr. Htet Htet Aung (www.drmyanmar.com)






























