ကပ်ရောဂါကို လျှော့မတွက်ပါနဲ့
ကိုဗစ်ဟာ စတင်ဖြစ်ပွားတာ ၁ နှစ်ပြည့်ပြီဆိုပေမယ့် အရှိန်ကောင်းကောင်းနဲ့ ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အားလုံးလည်း မပေါ့ကြသေးဘဲ သတိနဲ့နေကြဖို့ လိုပါတယ်။ ကိုဗစ်နဲ့ ပတ်သက်တာတွေကိုလည်း သေချာသိထားဖို့ လိုပါတယ်။
>> ကိုဗစ်ရဲ့လက္ခဏာတွေ
လူတော်တော်များများဟာ ဝေဒနာ အနည်းငယ်လောက်ပဲ ခံစားရတတ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။
● ဖျားမယ်
● ချောင်းဆိုးမယ်
● အသက်ရှူကြပ်၊ မောမယ်
● ချမ်းတုန်မယ်
● ကြွက်သားတွေ နာမယ်
● ခေါင်းကိုက်မယ်
● လည်ချောင်းနာမယ်
● အနံ့၊ အရသာ ပျောက်မယ်
● ဝမ်းလျှောတာ၊ တခြား အူလမ်းကြောင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ ပြတာလည်း များလာပါတယ်။
>> ဘယ်လိုကာကွယ်ကြမလဲ?
● လက်ဆေးပါ
တစ်ခါဆေးရင် စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့ ဆေးပါ။ အပြင်က ပြန်လာပြီးတိုင်း၊ နှာစေး၊ ချောင်းဆိုးပြီးတိုင်း လက်ဆေးပါ။ ဆပ်ပြာနဲ့ ရေမရှိရင် လက်သန့်ဆေးရည်နဲ့ ဆေးပါ။
● လူတွေနဲ့ ထိတွေ့မှုကို ရှောင်ပါ
လူစုလူဝေးကို ရှောင်ပါ။ နေမကောင်းဖြစ်နေတဲ့လူတွေနဲ့ မထိတွေ့ပါနဲ့။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၆ ပေ ခွာနေပါ။
● နှာခေါင်း၊ ပါးစပ်ကို ဖုံးအုပ်ထားပါ
နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူးနဲ့ အုပ်ပါ။ ပြီးတာနဲ့ အမှိုက်ပုံးထဲ ပစ်ပါ။ အပြင်ထွက်တိုင်း mask တပ်ပါ။
● ကိုယ် နေ့တိုင်း ကိုင်တွယ်ထိတွေ့နေတာတွေကို ဆေးကြော၊ ပိုးသတ်ပါ။
● သင်နေမကောင်း ဖြစ်ရင်
တတ်နိုင်သမျှ အိမ်မှာနေပါ။ တခြားလူတွေနဲ့ အတူရှိနေရင် mask တပ်ထားပါ။
>> ဘယ်လိုကုသကြမလဲ?
အခုချိန်မှာ ကိုဗစ် ကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးရော၊ ကာကွယ်ဆေးရော မရှိသေးပါဘူး။ အဲလို ပြောရောင်းနေတာတွေကိုလည်း မယုံကြပါနဲ့။ ဗိုင်းရပ်စ်ကို သတ်လို့မရဘဲ ဗိုင်းရပ်စ်ကြောင့် ပေါ်လာတဲ့ လက္ခဏာတွေကိုပဲ သက်သာအောင် လုပ်လို့ရပါတယ်။ မကြာခင်မှာတော့ ကာကွယ်ဆေးကို အသုံးပြုနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
● ဖျားရင်
အဖျားကျဆေး သောက်ပါ။ အရည်များများ သောက်ပါ။ ကောင်းကောင်း အနားယူပါ။
● ချောင်းဆိုးရင်
အရည်များများ တစ်နေကုန် သောက်ပါ။ ရေနွေး၊ စွပ်ပြုတ် စတဲ့ နွေးတဲ့အရည်တွေ သောက်ပါ။ ဆားရည်နဲ့ ပလုတ်ကျင်းပါ။ ရေနွေးငွေ့ရှူပါ။ ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပါ။ ချောင်းဆိုးပျောက်ဆေး၊ ငုံဆေး သောက်လို့ ရပါတယ်။
● မောရင်တော့
ကျန်းမာရေးဝန်ထမ်းတွေက စောင့်ရှောက်မှု ပေးပါလိမ့်မယ်။
● Mask တပ်ပါ
အပြင်ထွက်တိုင်း mask တပ်ဖို့ လိုပါတယ်။ အဝတ် mask ၊ ရိုးရိုး mask တွေ တပ်လို့ ရပါတယ်။ မျက်နှာရှေ့က ကာတာတစ်ခုထဲနဲ့ မလုံလောက်ပါဘူး။
နှာခေါင်းစည်းကို ချွတ်ရင် မျက်နှာကို လက်နဲ့မထိပါနဲ့။ ချွတ်ပြီးပြီးချင်း လက်ဆေးပါ။ နှာခေါင်းစည်းကိုလည်း သေချာစွန့်ပစ်ပါ။
Dr. Htar (www.drmyanmar.com)






























