/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကယ်ဆီယမ်ချို့တဲ့တဲ့-လက္ခဏာတွေ

ကယ်ဆီယမ်ချို့တဲ့တဲ့ လက္ခဏာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်နေ့ကို နွားနို့တစ်ခွက်သောက်ရုံနဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်ဆီယမ်ပမာဏ လုံလုံလောက်လောက်ရပြီလို့ထင်ပါသလား။ တကယ်တော့ ဒီလောက်နဲ့ မလုံလောက်ပါဘူး။ ကယ်ဆီယမ်က ကျန်းမာသန်စွမ်းတဲ့အရိုးတွေကို ထိန်းသိမ်းတဲ့နေရာမှာသာမကဘဲ သွေးခဲတဲ့ဖြစ်စဉ်၊ အစောပိုင်း ဖွံ့ဖြိုးမှုတွေနဲ့ ကြွက်သားတွေကျုံ့ရာဆန့်ရာတွေမှာ ကူညီပေးပါတယ်။ ကယ်ဆီယမ်ကို အရွက်တွေ၊ ဒိန်ချဉ်၊ အခွံမာသီးနဲ့ ဒိန်ခဲတွေက အလွယ်တကူ ရနိုင်ပေမယ့်လည်း ကောင်းကောင်း မစုပ်ယူနိုင်တဲ့အတွက် ချို့တဲ့မှုတွေ ဖြစ်ရပါတယ်။

 

>>    ကယ်ဆီယမ်ချို့တဲ့တဲ့ လက္ခဏာတွေကတော့ -

●        ကြွက်တက်ခြင်း

        မကြာခဏ ကြွက်တက်နေပြီးတော့ သွေးနီဥလည်း အလုံအလောက်ရှိတယ်၊ ရေလည်း လုံလောက်စွာ သောက်တယ်ဆိုရင် ကယ်ဆီယမ်ဓာတ် ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ပေါင်နဲ့ ခြေသလုံးကြွက်သားတွေမှာ ကြွက်တက်ပြီးတော့ နာကျင်ကိုက်ခဲမှုကို ခံစားရပါတယ်။

 

●      အရိုးသိပ်သည်းဆ နည်းခြင်း

          အသက်ကြီးလာတဲ့အခါမှာ အရိုးရဲ့သိပ်သည်းဆ ကောင်းစေဖို့အတွက် ကယ်ဆီယမ်ကို လိုအပ်ပါတယ်။ ကယ်ဆီယမ်နည်းရင် အရိုးသိပ်သည်းဆကို ကျစေပြီးတော့ အရိုးပွခြင်းနဲ့ အရိုးကျိုးနိုင်ချေကို များစေပါတယ်။

 

       ခြေသည်းလက်သည်းများ ကြွတ်ဆတ်ခြင်း

          အရိုးတွေလိုပဲ လက်သည်းခြေသည်းတွေ သန်မာစေဖို့လည်း ကယ်ဆီယမ်ကို လိုအပ်ပါတယ်။

 

       သွားကိုက်ခြင်း

          ခန္ဓာကိုယ်ထဲက ကယ်ဆီယမ် 99% ကို အရိုးနဲ့သွားတွေထဲမှာ သိုလှောင်ထားပါတယ်။ ဒီတော့ ကယ်ဆီယမ်ပမာဏ နည်းသွားရင် သွားကိုက်တာ၊ သွားပိုးစားတာတွေကို ခံစားရစေပါတယ်။ ကလေးတွေမှာ ကယ်ဆီယမ်ချို့တဲ့တာက သွားဖွံ့ဖြိုးမှုနှေးတာ၊ သွား ပုံမှန်မဟုတ်တာတွေနဲ့ ဆက်စပ်နေပါတယ်။

 

       ရာသီမလာမီ နာကျင်ကိုက်ခဲခြင်း

          ကယ်ဆီယမ်ဓာတ် ချို့တဲ့တဲ့ အမျိုးသမီးတွေမှာ ရာသီလာရင် နာကျင်ကိုက်ခဲမှုတွေကို အများကြီး ခံစားကြရပါတယ်။ ကယ်ဆီယမ်က ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေလား ဆိုတာကို အတိအကျ မသိသေးပေမယ့်လည်း ကြွက်သားတွေ ကျုံ့ရာဆန့်ရာမှာတော့ အရေးပါပါတယ်။ နာကျင်ကိုက်ခဲတာတွေအပြင် ကယ်ဆီယမ်ဓာတ် ချို့တဲ့တာက ရာသီပုံမှန်မလာတာ၊ သွေးဆင်းများတာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ပြီးတော့ ကယ်ဆီယမ်က အမျိုးသမီးတွေမှာ သားအိမ်နဲ့ သားဥအိမ်ဟော်မုန်းတွေ ပုံမှန်ဖွံ့ဖြိုးဖို့အတွက်လည်း ပါဝင်ပါသေးတယ်။

 

       မကြာခဏ နေမကောင်းဖြစ်ခြင်း

          ကယ်ဆီယမ်က ကိုယ်ခံအားစနစ် အားကောင်းစေဖို့ရာမှာလည်း အရေးကြီးပါတယ်။ ကယ်ဆီယမ် ချို့တဲ့ရင် ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်နိုင်စွမ်းကို ကျစေပြီးတော့ အသက်ရှူလမ်းကြောင်းနဲ့ အူလမ်းကြောင်း ပိုးဝင်ခြင်းတွေ မကြာခဏ ဖြစ်စေပါတယ်။

 

       ပင်ပန်းနွမ်းနယ်ခြင်း

          ကယ်ဆီယမ်ဓာတ် နည်းတဲ့အခါမှာ အိပ်မပျော်ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်း၊ စိတ်မတည်ငြိမ်ခြင်းတွေဖြစ်ပြီးတော့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရစေပါတယ်။ တစ်ချိန်လုံး ပျင်းရိပြီးတော့ ဖြူဖျော့နေတာကို တွေ့ရပါလိမ့်မယ်။ ကလေးမွေးပြီးစ အမျိုးသမီးတွေမှာ ကယ်ဆီယမ် ချို့တဲ့ရင်လည်း ပင်ပန်းနွမ်းနယ်တာ အဖြစ်များပါတယ်။ ဒီအခါမှာ နို့ထွက်နည်းတာ၊ အာရုံမစိုက်နိုင်တာ၊ အရမ်း ပင်ပန်းနွမ်းနယ်တာတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် မိခင်တွေအနေနဲ့ တစ်နေ့ကို ကယ်ဆီယမ် 1000-1200 mg ပုံမှန်သောက်သင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)