/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကလေးဘဝမှ-မြီးကောင်ပေါက်အရွယ်သို့-ကူးပြောင်းခြင်း

ကလေးဘဝမှ မြီးကောင်ပေါက်အရွယ်သို့ ကူးပြောင်းခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကလေးများ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ်ကို အရွယ်ရောက်ချိန်လို့ သတ်မှတ်ကြပါတယ်။ ဒီကာလဟာ လူပျိုဖော်/အပျိုဖော်ဝင်ကာလလည်း ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ တဖြည်းဖြည်း ဖြစ်ပေါ်လာချိန်ဖြစ်ပြီး အခြားသော မျက်စိနှင့်မြင်နိုင်တဲ့ ပြောင်းလဲမှုများစွာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

>>  ယောကျ်ားလေးတို့ရဲ့ အရွယ်ရောက်ချိန် ပြောင်းလဲမှုများ
●  အသက် ၉.၅ နှစ်ကနေ ၁၄ နှစ်အတွင်းမှာ အရွယ်ရောက်ခြင်း စတင်ပါတယ်။
●  ပထမဆုံးပြောင်းလဲမှုကတော့ ဝှေးစေ့များကြီးလာခြင်း ဖြစ်ပါတယ်။
●  ဝှေးစေ့ကြီးပြီးနောက် တစ်နှစ်လောက်အကြာတွင် လိင်တံအရွယ်အစား ကြီးလာပါတယ်။
●  ၁၃ နှစ်ကျော်ကျော်လောက်မှာ ဆီးခုံမွေးများ စတင်ပေါက်လာပါတယ်။
●  အသက် ၁၄ နှစ်လောက်မှာ wet dreamတွေ ဖြစ်ပေါ်ပါပြီ။
●  ချိုင်းမွေးထွက်ခြင်း၊ အသံပြောင်းလဲခြင်းနှင့် ဝက်ခြံဖြစ်ခြင်းတို့ဟာ အသက် ၁၅ နှစ်ဝန်းကျင်တွင် ဖြစ်ပေါ်ပါတယ်။

>>  မိန်းကလေးတို့ရဲ့ အရွယ်ရောက်ချိန် ပြောင်းလဲမှုများ
●  အသက် ၈ နှစ်က ၁၃ နှစ်အတွင်း စတင်ပါတယ်။
●  ပထမဆုံးပြောင်းလဲမှုကတော့ ရင်သားများ ကြီးထွားလာခြင်းပါ။
●  ထိုနောက်မှာတော့ ဆီးခုံမွေးပေါက်ခြင်း ဖြစ်ပေါ်ပါတယ်။
●  အသက် ၁၂ နှစ်တွင် ချိုင်းမွေးများ ပေါက်လာပါတယ်။
●  ရာသီလာခြင်းကတော့ ၁၀ နှစ်ကနေ ၁၆ နှစ်ခွဲအတွင်း စတင်လေ့ရှိပါတယ်။

>>  အရွယ်ရောက်လာသော ကလေးများအနေနှင့် -
မိဘကို မမှီခိုလိုတော့ခြင်း၊ ချစ်သူရှာခြင်း၊ အပေါင်းအသင်းများစကားကိုယုံခြင်း၊ ရိုမန်တစ်ဆန်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာများကို စိတ်ဝင်စားခြင်း စတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပါတယ်။
မိဘများအနေနှင့် အရွယ်ရောက်ပြီးသော သားသမီးတွေကို အောက်ပါအတိုင်း ကူညီဖေးမသင့်ပါတယ်။
(၁)  စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နိုင်ဖို့ အားပေးခြင်း
(၂)  မိဘ သို့မဟုတ် ယုံကြည်ရသောတစ်ဦးဦးကိုသာ ပြဿနာများအကြောင်း ရင်ဖွင့်စေဖို့ သင်ကြားပေးခြင်း
(၃)  စိတ်ဖိစီးများကို ကောင်းစွာ ရင်ဆိုင်နိုင်အောင် အားပေးခြင်း
(၄)  မလျှော့မတင်းသောစည်းကမ်းများဖြင့် ကိုင်တွယ်ထိန်းချုပ်ခြင်း
(၅)  တတ်နိုင်သမျှ အချိန်ပေးပြီး နွေးထွေးမှုပေးခြင်း စတဲ့ အချက်တွေအတိုင်း ဆယ်ကျော်သက်သားသမီးတွေကို နည်းလမ်းမှန်စွာဖြင့် ထိန်းကျောင်းသင့်ပါတယ်။
ဒီအချိန်ဟာ မိဘနှင့်သားသမီးကြား ပဋိပက္ခများစွာ ဖြစ်ပေါ်ချိန်လည်းဖြစ်တာမို့ ကလေးနှင့်အပြိုင် အော်ဟစ်ပေါက်ကွဲတာထက်စာရင် နားလည်အောင် ရှင်းပြပေးခြင်း၊ နားဝင်အောင်ပြောဆိုခြင်း၊ သူ့ခံစားချက်များကို နားထောင်ခံစားပေးခြင်းတို့ ပြုလုပ်ကြဖို့လည်း အကြံပြုလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)