ကလေးမရတဲ့ပြဿနာကို ဘယ်လို ကုစားကြမလဲ
>> ဘယ်လိုအကြောင်းအရင်းတွေကြောင့် ကလေးမရတာလဲ
အမျိုးသမီးတွေမှာတော့ သားဥကြွေရာမှာ ပြဿနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကတော့ အောက်ပါရောဂါတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။
● သားဥအိမ်တွင် ရေအိတ်များစွာဖြစ်သောရောဂါ
● သားဥပြွန် ပိတ်ဆို့နေခြင်း
● သားအိမ်ပြဿနာများ
● အသက်ကလည်း အရေးကြီးပါသေးတယ်။ အမျိုးသမီးတစ်ယောက်က အသက် ၃၀ ကျော် ၄၀ တွင်းကို ဝင်လာပြီဆိုတာနဲ့ သားဥကြွေတဲ့ အရည်အတွက်နဲ့ အရည်အသွေး စပြီးကျဆင်းလာပါတယ်။
အမျိုးသားတွေမှာတော့ အောက်ပါပြဿနာတွေအပါအဝင် ပြဿနာမျိုးစုံကြောင့် ကလေးမရဖြစ်စေနိုင်ပါတယ်။
● ဝှေးစေ့ရှိ သွေးပြန်ကြောများရောင်ခြင်း
● သုတ်ပိုးပြဿနာတွေဖြစ်တဲ့ သုတ်ပိုးအရေအတွက်၊ ပုံစံ၊ လှုပ်ရှားမှုစတာတွေမှာ ပြဿနာဖြစ်အောင် ရောဂါပိုးဝင်ခြင်း
● ဟော်မုန်းပြဿနာများ
ကလေးရဖို့ ကြိုးစားတာ ၆ လကနေ တစ်နှစ်လောက်ကြာတဲ့အထိ ကလေးမရခြင်း၊ အမျိုးသမီး အသက် ၃၅ နှစ်ထက် ကြီးခြင်း စတာတွေဖြစ်ရင်တော့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြသပါ။
ဆရာဝန်နဲ့ ပြသစစ်ဆေးပြီးနောက်မှာတော့ သင့်တော်တဲ့ကုထုံးကို ညွှန်ပါလိမ့်မယ်။
၁။ သောက်ဆေးများ
အမျိုးသမီးတွေအတွက် သားဥတစ်လုံးထက် ပိုကြွေစေမယ့်ဆေးတွေ သောက်လို့ရပါတယ်။ သားဥအိမ်ကနေ သားဥကြွေတာကို အားပေးစေဖို့အတွက် ဟော်မုန်းထိန်းဆေးတွေလည်း ညွှန်လေ့ရှိပါတယ်။
၂။ Intrauterine Insemination (သားအိမ်ထဲကို သုတ်ပိုးထည့်ပေးခြင်း)
ဒါကတော့ သားဥကြွေခါနီးအချိန်မှာ သုတ်ပိုးတွေကို သားအိမ်ထဲကို ဆေးထိုးပြီး ထည့်ပေးခြင်းအားဖြင့် သုတ်ပိုးနဲ့ မမျိုးဥ ထိတွေ့ပြီး သနေ္ဓအောင်နိုင်ဖို့ အခွင့်အရေးများပါတယ်။ သုတ်ပိုးတွေကတော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ဆီက ဖြစ်နိုင်သလို တခြားအလှူရှင်ဆီကလည်း ဖြစ်နိုင်ပါတယ်။
၃။ ဖန်ပြွန်သနေ္ဓ
ဒါကတော့ သုတ်ပိုးနဲ့ မမျိုးဥကို ဓာတ်ခွဲခန်းတစ်ခုထဲမှာ ပေါင်းစပ်ပေးပြီးတော့ မျိုးအောင်ပြီးတော့မှသာ သားအိမ်ထဲကို ပြန်ထည့်ပေးတာပါ။ ဒါကလည်း တစ်ခါတည်းနဲ့ တန်းအောင်မြင်မယ်လို့တော့ တပ်အပ်မပြောနိုင်ပါဘူး။
၄။ အငှားကိုယ်ဝန်ဆောင်ခြင်း
ဒါကတော့ ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲဖြစ်စေတဲ့ ကျန်းမာရေးပြသနာတွေရှိရင် တခြားတစ်ယောက်ကိုပဲ ကိုယ့်အစားကိုယ်ဝန်ဆောင်ခိုင်းလို့ရပါတယ်။ ကိုယ့်ရဲ့မမျိုးဥနဲ့ အိမ်ထောင်ဖက်ရဲ့သုတ်ပိုးကိုအပြင်မှာ သနေ္ဓအောင်စေပြီးတော့ သူ့သားအိမ်ထဲ ထည့်ပေးလို့ရသလို အလှူရှင်တွေရဲ့ သုတ်ပိုးနဲ့ မျိုးဥကိုသုံးလို့လည်း ရပါတယ်။
၅။ သားဥ (သို့) သုတ်ပိုးလှူဒါန်းခြင်း
Single mother တွေ၊ လိင်တူစုံတွဲတွေနဲ့ အသက်အရွယ် ကြီးတဲ့သူတွေအတွက် လိုအပ်တာ များပါတယ်။
၆။ ခွဲစိတ်ကုသမှု
အောက်ပါပြဿနာတွေရှိရင် ခွဲစိတ်ကုသဖို့ ညွှန်ကြားပါလိမ့်မယ်။
● Endometriosis
● သားအိမ်တွင် အလုံးဖြစ်ခြင်း၊
● မွေးရာပါ သားအိမ်ပုံစံမမှန်ခြင်း
● သားဥပြွန် ပိတ်ဆို့ခြင်း (သို့) ပျက်စီးခြင်း
အမျိုးသားတွေမှာ ဝှေးစေ့သွေးပြန်ကြော ရောင်တဲ့အခြေအနေအတွက်လည်း ခွဲစိတ်ကုသရနိုင်ပါတယ်။
၇။ နေထိုင်မှုပုံစံ အပြောင်းအလဲများ
ကျွမ်းကျင်သူတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားခြင်း၊ ကျန်းမာရေးနဲ့အညီ စားခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ မူးယစ်ဆေးမသုံးခြင်း၊ အရက်မသောက်ခြင်းတွေက ကလေးရဖို့ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဗီတာမင် C, CoQ10, ဗီတာမင် D နဲ့E တွေသောက်ရင်လည်းပဲ အထောက်အကူဖြစ်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























