/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကလေးအရမ်းလိုချင်တဲ့-အိမ်ထောင်ရှင်တို့အတွက်-မျှော်လင့်ချက်-သို့

ကလေးအရမ်းလိုချင်တဲ့ အိမ်ထောင်ရှင်တို့အတွက် မျှော်လင့်ချက် (သို့) ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေအောင်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မျိုးပွားခြင်းဆိုင်ရာ နည်းပညာတစ်ခုဖြစ်တဲ့ In Vitro Fertilization (IVF) ဆိုတာကတော့ အမျိုးသမီးရဲ့ သားဥအိမ်က မမျိုးဥကို ရယူပြီး အမျိုးသားရဲ့သုတ်ပိုးနဲ့ ခန္ဓာကိုယ်ပြင်ပမှာ ပေါင်းစပ်ပြီး သန္ဓေအောင်စေခြင်း ဖြစ်ပါတယ်။ ဒီသန္ဓေအောင်ပြီးသား ဥလေးကိုတော့ သန္ဓေသားလေးလို့ ခေါ်ပါတယ်။ ပြီးရင် ဒီသန္ဓေသားလေးကို အေးခဲပြီး သိမ်းထားတယ် (သို့) အမျိုးသမီးရဲ့ သားအိမ်ထဲကို လွှဲပြောင်းထည့်ပေးနိုင်ပါတယ်။

ကိုယ့်ရဲ့အခြေအနေအပေါ်မှာ မူတည်ပြီးတော့ နည်းအမျိုးမျိုးနဲ့ IVF လုပ်လို့ ရပါတယ်။
● ကိုယ့်ရဲ့ မမျိုးဥနဲ့ အိမ်ထောင်ဘက်ရဲ့ သုတ်ပိုး
● ကိုယ့်ရဲ့ မမျိုးဥနဲ့ အလှူရှင်ရဲ့ သုတ်ပိုး
● အလှူရှင်ရဲ့ မမျိုးဥနဲ့ ကိုယ့်အိမ်ထောင်ဘက်ရဲ့ သုတ်ပိုး
● အလှူရှင်ရဲ့ မမျိုးဥနဲ့ အလှူရှင်ရဲ့သုတ်ပိုး
● လှူဒါန်းထားသော သန္ဓေသားများ
ဒီသန္ဓေအောင်ပြီးသား သန္ဓေသားလေးတွေကို အငှားကိုယ်ဝန်ဆောင်ပေးမယ့် အမျိုးသမီးရဲ့ သားအိမ်ထဲမှာလည်း ထည့်ပေးလို့ ရပါတယ်။

IVF ရဲ့ အောင်မြင်မှုနှုန်းတွေကတော့ မတူညီကြပါဘူး။ အမေရိကန် ကိုယ်ဝန်ဆောင် မိခင်များဆိုင်ရာအဖွဲ့ရဲ့ အဆိုအရ IVF လုပ်တဲ့ အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေရဲ့ အရှင်မွေးနှုန်းက 41-43% ရှိပြီး ဒီနှုန်းက အသက် 40 အထက် အမျိုးသမီးတွေမှာဆိုရင် 13-18% လောက် လျော့ကျသွားပါတယ်။

» ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်ခြင်း IVF ဘာကြောင့် လုပ်ကြတာလဲ ?
ကလေးလိုချင်ပြီး မရနိုင်တဲ့ စုံတွဲတွေမှာ ကလေးရဖို့အတွက် IVF က ကူညီပေးပါတယ်။ ဒါပေမဲ့ ဒီနည်းက အကုန်အကျများပြီး ပိုအတွင်းကျတဲ့ ကုထုံးဖြစ်တဲ့အတွက် အရင်ဆုံးတော့ အခြားကုထုံးတွေကို ကြိုးစားကြည့်ကြပါတယ်။ ဒီကုထုံးတွေကတော့ သန္ဓေအောင်ခြင်းကို အားပေးသောဆေးဝါးများ သောက်သုံးခြင်းနဲ့ အမျိုးသမီးရဲ့ သားအိမ်ထဲကို သုတ်ပိုးတိုက်ရိုက် ထိုးထည့်ခြင်းတို့ ဖြစ်ကြပါတယ်။

» ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်တဲ့နည်းကို သုံးနိုင်တဲ့ အခြေအနေတွေကတော့
● အသက် ၄၀ ကျော် အမျိုးသမီးများတွင် ကလေးရနိုင်ခြေ ကျဆင်းလာခြင်း
● သားဥပြွန်များ ပျက်စီးနေခြင်း (သို့) ပိတ်ဆို့နေခြင်း
● သားဥအိမ် စွမ်းဆောင်ရည် ကျဆင်းနေခြင်း
● Endometriosis
● သားအိမ်တွင် အသားလုံးများရှိခြင်း
● အမျိုးသားများတွင် သုတ်ပိုးအရေအတွက်နည်းခြင်း (သို့) သုတ်ပိုးပုံသဏ္ဌာန် ပုံမမှန်ခြင်း
● အကြောင်းအရင်းမသိဘဲ ကလေးမရခြင်း

မိဘကနေပြီးတော့ သားသမီးကို မျိုးရိုးဗီဇနဲ့ ဆက်စပ်တဲ့ရောဂါတွေ မျိုးရိုးမလိုက်စေဖို့အတွက်လည်း IVF ကို ရွေးချယ်နိုင်ပါတယ်။ သန္ဓေသားလေးမှာ မျိုးရိုးဗီဇပြဿနာတွေ ရှိ မရှိ ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်ပါတယ်။ ပြီးနောက်မှာတော့ မျိုးရိုးဗီဇပြဿနာမရှိတဲ့ သန္ဓေသားကိုပဲ သားအိမ်ထဲကို ထည့်ပေးပါတယ်။

» IVF လုပ်ဖို့အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ ?
IVF မလုပ်မီမှာ ဆရာဝန်က ဟော်မုန်း၊ မမျိုးဥအရွယ်နဲ့ အရည်အသွေး စတာတွေကို ကြည့်ဖို့အတွက် သွေးစစ်ဆေးခြင်း၊ သားအိမ်ကို ကြည့်ဖို့အတွက် အာထရာဆောင်းရိုက်ခြင်း၊ မွေးလမ်းကြောင်းကနေ မှန်ပြောင်းထည့်ပြီး သားအိမ်အတွင်းထဲကို ကြည့်ရှုစစ်ဆေးခြင်း စတာတွေကို လုပ်ပြီး သားအိမ်ကျန်းမာရေးအခြေအနေနဲ့ သန္ဓေသားလေးကို ထည့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေကို စမ်းစစ်ပါလိမ့်မယ်။

အမျိုးသားတွေမှာဆိုရင်တော့ သုတ်ပိုးယူပြီးတော့ သုတ်ပိုးအရေအတွက်၊ အရွယ်အစား၊ ပုံစံ စတာတွေကို ကြည့်ရှုစစ်ဆေးရပါမယ်။ သုတ်ပိုးက အားနည်းနေရင် (သို့) ထိခိုက်နေရင် သုတ်ပိုးကို မမျိုးဥထဲကို တိုက်ရိုက်ထိုးထည့်တဲ့နည်းကို သုံးရပါမယ်။ IVF လုပ်မလား မလုပ်ဘူးလား ဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှုပါပဲ။ ဒီနည်းလမ်းရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားစရာတွေ အများကြီး ရှိပါတယ်။

● တကယ်လို့ သန္ဓေသားလေးတွေက အသုံးပြုလို့ မရဘူးဆိုရင် ဘာလုပ်မှာလဲ
● သန္ဓေသား ဘယ်လောက်ထည့်မှာလဲ။ သန္ဓေသားထည့်တဲ့ အရေအတွက်များရင် အမြွှာကိုယ်ဝန်တွေ ဖြစ်နိုင်ခြေ များပါတယ်။ ဆရာဝန်တွေကတော့ သန္ဓေသား ၂ ဦးထက်ပိုပြီးတော့ ထည့်ပေးမှာ မဟုတ်ပါဘူး။
● နှစ်မြွှာ၊ သုံးမြွှာနဲ့ ဒီထက်ပိုတဲ့ အမြွှာကိုယ်ဝန်တွေအပေါ် ဘယ်လိုခံစားချက်ရှိလဲ
● လှူထားတဲ့ မမျိုးဥတွေ၊ သုတ်ပိုးတွေနဲ့ သန္ဓေသားတွေကို အသုံးပြုခြင်း (သို့) အငှားကိုယ်ဝန်ဆောင်တာနဲ့ပတ်သက်ပြီး ဥပဒေဆိုင်ရာပြဿနာတွေ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာပြဿနာတွေ ဘာတွေရှိနိုင်သလဲ
● ဒီနည်းလမ်းနဲ့ပတ်သက်ပြီး ငွေကြေးပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ဖိစီးမှုတွေ ဘာတွေရှိမလဲ

» ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်တာကို ဘယ်လိုလုပ်လဲ ?
ဒီနည်းလမ်းမှာ အဆင့် ၅ ဆင့် ရှိပါတယ်။
၁။ လှုံဆော်ခြင်း
၂။ မမျိုးဥ ရယူခြင်း
၃။ သုတ်ပိုးထည့်ခြင်း
၄။ သန္ဓေသား ရအောင်မွေးခြင်း
၅။ သန္ဓေသားကို သားအိမ်ထဲထည့်ခြင်း

၁။ လှုံ့ဆော်ခြင်း
အမျိုးသမီးတစ်ယောက်က ရာသီစက်ဝန်းတစ်ကြိမ်မှာ မမျိုးဥတစ်ဥ ထုတ်လွှတ်ပါတယ်။ ဒါပေမဲ့လည်း IVF လုပ်ဖို့တော့ မမျိုးဥတွေ အများကြီး လိုပါတယ်။ အများကြီးသုံးမှသာ အောင်မြင်တဲ့သန္ဓေသားလေး ဖွံ့ဖြိုးနိုင်မယ့်အခွင့်အရေး များမှာပါ။ ဒီတော့ မမျိုးဥထွက်တာများဖို့အတွက် မျိုးအောင်ခြင်းကို လှုံ့ဆော်တဲ့ဆေးတွေ သောက်ရပါမယ်။ ဒီအချိန်အတွင်းမှာ မမျိုးဥထုတ်လုပ်မှုကို စောင့်ကြည့်ဖို့အတွက် အာထရာဆောင်းတွေ ရိုက်နေ၊ သွေးတွေ စစ်နေရပါမယ်။

၂။ မမျိုးဥ ထုတ်ယူခြင်း
ဒါက မေ့ဆေးသုံးပြီးလုပ်ရတဲ့ ခွဲစိတ်မှုတစ်ခုပါ။ မိန်းမကိုယ်ကနေပြီးတော့မှ အာထရာဆောင်းနဲ့ တွဲထားတဲ့အပ်ကို သားဥအိမ်ထဲ၊ မမျိုးဥရှိတဲ့ follicle ထဲကို ထည့်ပြီးတော့ မမျိုးဥနဲ့ အရည်တွေကို စုပ်ယူရပါတယ်။

၃။ သုတ်ပိုးထည့်ခြင်း
အမျိုးသားဆီကနေပြီးတော့ သုတ်ပိုးနမူနာယူကာ သုတ်ပိုးနဲ့ မမျိုးဥကို စမ်းသပ်ပြီး ရောထားကြည့်ရပါတယ်။ ဒါက အလုပ်မဖြစ်ဘူးဆိုရင်တော့ သုတ်ပိုးကို မမျိုးဥထဲကို တိုက်ရိုက်ထိုးသွင်းပေးရပါတယ်။

၄။ သန္ဓေသားမွေးခြင်း
သန္ဓေအောင်ပြီးသားဥက ကောင်းကောင်းကွဲပြီး ဖွံ့ဖြိုးနေလားဆိုတာကို ဆရာဝန်က စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီအချိန်မှာပဲ သန္ဓေသားလေးမှာ မျိုးရိုးဗီဇပြဿနာတွေ ရှိ မရှိ စစ်ဆေးပါတယ်။

၅။ သန္ဓေသားကို သားအိမ်ထဲထည့်ခြင်း
သန္ဓေသားလေး လုံလောက်အောင် ကြီးထွားလာပြီဆိုရင် သားအိမ်ထဲထည့်ဖို့ ပြင်ဆင်ရပါမယ်။ ဒါက ပုံမှန်အားဖြင့် သန္ဓေအောင်ပြီး ၃-၅ ရက်လောက် ကြာပါတယ်။ ထည့်တဲ့အခါမှာ မိန်းမကိုယ်ထဲကနေပြီးတော့ ပြွန်သေးသေးလေးတစ်ခုထည့်ကာ သားအိမ်ခေါင်း၊ သားအိမ်ထဲတွေကို ဖြတ်စေပါတယ်။ ပြီးရင်တော့ သန္ဓေသားလေးကို သားအိမ်ထဲကို လွှတ်ထုတ်လိုက်ပါတယ်။ ၆-၁၀ ရက်လောက်ကြာရင် သန္ဓေသားက သားအိမ်နံရံမှာတွယ်ပြီးတော့ ကိုယ်ဝန်ဆောင်လာစေပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း ရှိ မရှိကို သွေးဖောက်စစ်ဆေးနိုင်ပါတယ်။

» နောက်ဆက်တွဲဆိုးကျိုးများ
ဘယ်လိုဆေးကုထုံးမှာမဆို နောက်ဆက်တွဲဆိုးကျိုးဆိုတာ ရှိပါတယ်။ IVF ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့
● အမြွှာကိုယ်ဝန်ဆိုရင် ပေါင်မပြည့်၊ လမစေ့တဲ့ကလေး မွေးနိုင်ခြေ များပါတယ်။
● ကိုယ်ဝန်ပျက်ခြင်း
● သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း
● သားဥအိမ်ကို လှုံ့ဆော်မှုများသော ရောဂါလက္ခဏာစု (ဝမ်းဗိုက်နဲ့ ရင်ဘတ်ထဲတွင် အရည်ပိုများစုနေတဲ့ ရှားပါးအခြေအနေတစ်ခု ဖြစ်ပါတယ်။)
● သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အူနှင့် ဆီးအိမ်များကို ထိခိုက်ခြင်း (အဖြစ်နည်းပါတယ်။)

» နောက်ပိုင်း ရေရှည်အတွက် ဘာတွေ သိထားသင့်သလဲ ?
IVF လုပ်မလား မလုပ်ဘူးလား။ တကယ်လို့ ပထမတစ်ကြိမ်နဲ့ မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဦးမလားဆိုတာက ဆုံးဖြတ်ရခက်တဲ့ ရွေးချယ်မှုပါ။ ဒါက ငွေရေးကြေးရေး၊ ကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အားလုံးနဲ့ပတ်သက်နေပြီး ခက်ခဲပါတယ်။ ဒီတော့ တခြားနည်းလမ်းတွေ ရှိသေးလား။ ဒီ IVF ကပဲ အမှန်ကန်ဆုံး နည်းလမ်းလားဆိုတာကို ဆရာဝန်နဲ့ သေချာ လေးလေးနက်နက် တိုင်ပင်ဆွေးနွေးပါ။ ဒီနည်းလမ်းလုပ်နေစဉ်မှာ ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဘက်အတွက် အားပေးမယ့် နှစ်သိမ့်ဆွေးနွေးမှုပေးမယ့် အုပ်စုလေးတွေကို ရှာဖွေထားပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)