ကိုဗစ်ကပေးသော စိတ်ဖိစီးမှုများကို ဘယ်လိုရင်ဆိုင်အနိုင်ယူကြမလဲ
ကိုဗစ်လူနာအရေအတွက်ဟာ နေ့စဉ် အဆမတန် များပြားလာတဲ့အတွက် ကျွန်မတို့အားလုံး နေ့စဉ် စိုးရိမ်ပူပန်မှုကိုယ်စီနှင့် ရင်ဆိုင်နေကြရပါတယ်။
Social media ပေါ်မှာ သတင်းများကြောင့် စိတ်သောကရောက်ရတာကတစ်မျိုး၊ မိမိဆွေမျိုးသားချင်းများကို ပူပန်ရတာကတစ်ဖုံ၊ မိမိမှာ ကူးစက်နေပြီလားလို့ သံသယဝင်မိတာက တစ်ကြောင်းနှင့် စိတ်ဖိစီးမှုအမျိုးမျိုးကို ပိုင်ဆိုင်နေရမှာပါပဲ။
ဒီလိုစိတ်ဖိစီးခြင်းကြောင့် အိပ်ရေးပျက်ခြင်း၊ အစားပျက်ခြင်း၊ ကိုယ်ခံအားကျစေခြင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်ရနိုင်လို့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
>> ပိုမိုထိခိုက်ဖို့အလားအလာများတဲ့ အုပ်စုတွေကတော့ -
● သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကျန်းမာရေးမကောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နာတာရှည်ရောဂါရှိသူများ၊ အလုပ်ကြမ်းလုပ်ရသူများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ စသည်တို့ ဖြစ်ပါတယ်။
● ဒီစိတ်ဖိစီးများကို တွန်းလှန်နိုင်ဖို့ စာအုပ်ဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ မိတ်ဆွေများနှင့် စကားပြောဆိုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ အလွန်စိတ်ပူပန်မှုများနေရင်တော့ အကြောဆန့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ အရက်နှင့် ဆေးလိပ်လျှော့သောက်ခြင်းတို့ ပြုလုပ်ကြည့်ပါ။
● စိတ်ဖိစီးခြင်းကြောင့် အအိပ်ပျက်၊ အစားပျက်နှင့် မိမိလက်ရှိကျန်းမာရေး ထိခိုက်လာပြီဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
● စိတ်ပူပန်နေမယ့်အစား ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝအောင်စားခြင်း၊ ကောင်းစွာအနားယူခြင်းနှင့် စိတ်ကြည်လင်အောင်နေခြင်းတို့ကို ကြိုးစားပြုလုပ်သင့်ပါတယ်။
● ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သော သတင်းများကိုသာ ယုံကြည်သင့်ပြီး လူထုကို အကြောင်းမဲ့ကြောက်လန့်စေမယ့် သတင်းအမှားတွေကို တစ်ချိန်လုံးဖတ်နေတာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်။
● ပင်ကိုယ်က စိတ်ရောဂါပြဿနာများရှိသူများအနေနှင့်လည်း ကိုဗစ်ကြောင့် စိတ်ဖိစီးမှုများကို လျှော့ချသင့်ပြီး မိမိကိုယ်ခံအားကောင်းဖို့ကို ပိုမိုဂရုစိုက်သင့်ပါတယ်။
● အလွန်သောကများနေခြင်း၊ မိမိကိုယ်ကို သတ်သေလိုစိတ်များဖြစ်ခြင်းတို့ ရှိနေပါက ဆရာဝန်နှင့်ပြသတိုင်ပင်ဖို့ အရေးကြီးပါတယ်။
● လူတိုင်းလိုလိုဟာ မိမိနှင့်မိသားစုဝင်များ ကိုဗစ်ကူးစက်မှာ ကြောက်လန့်နေခြင်း၊ စီးပွားရေးကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရခြင်း၊ ကူးစက်ခံပြီးသူများအနေနှင့်လည်း တစ်ဖန် ပြန်ကူူးစက်ခံရမှာကြောက်ခြင်း စတဲ့ စိတ်ပူပင်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့လည်း သောကရောက်နေမယ့်အစား လိုအပ်တဲ့ ပြင်ဆင်မှုများကို ပြုလုပ်ခြင်း၊ မိမိကိုယ်ကို ကာကွယ်ခြင်း၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ခြင်း၊ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်များအတိုင်း လိုက်နာခြင်းတို့ကို ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























