ကိုဗစ်ကာလမှာ စိတ်ပူပန်မှုတွေ ပြေပျောက်ဖို့
ကြောက်စရာတစ်ခုခုနဲ့ ကြုံတွေ့လာရတဲ့အခါ လူတွေရဲ့ပုံမှန်တုံ့ပြန်မှုက စိတ်ပူပန်တာပါပဲ။ အထူးသဖြင့် မသေချာမရေရာတဲ့ အခြေအနေမျိုးတွေမှာပေါ့။
ဒါပေမဲ့ ဒီလိုကပ်ရောဂါကာလမှာ တီဗီတွေ၊ ရေဒီယိုတွေနဲ့ လူမှုကွန်ရက်တွေမှာ ပလူပြန်တက်နေတဲ့ သတင်းတွေကြောင့် လူတွေဟာ တကယ်ကြောက်သင့်တာထက် ပိုကြောက်နေကြပါတယ်။
လူတွေဆိုတာ မှားမှားမှန်မှန် မကြာမကြာ ကြားနေရတဲ့ အကြောင်းရာတွေကို ယုံကြည်လေ့ရှိကြပါတယ်။ နောက်ပြီး ကိုယ့်ကို စိတ်ထိခိုက်စေတဲ့သတင်းတွေဆို ပိုမှတ်မိတတ်ကြပါတယ်။ စိတ်ခံစားချက်ကလည်း ကိုယ်ကြားနေတဲ့သတင်းအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ဥပမာအားဖြင့် စိတ်ပူပန်နေတယ်ဆိုရင် စိတ်ပူစရာသတင်းတွေချည်း ရှာကြည့်နေတတ်ပြီး တကယ်ဖြစ်တာထက်ကို ပိုဖြစ်တယ်လို့ ထင်နေမိတတ်ကြပါတယ်။
>> ဒီလို စိတ်ပူပန်စရာတွေကို လျှော့ချပေးဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်ကြပါ။
၁။ သတင်းအချက်အလက်တွေကို နားထောင်ပါ။ ဒါပေမဲ့ အလွန်အကျူးတော့မဖြစ်ပါစေနဲ့။
ရောဂါအခြေအနေအကြောင်းကို တောက်လျှောက်စောင့်ကြည့်နေတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ၅ မိနစ်တစ်ခါလောက်ကို လူမှုကွန်ရက်တွေမှာ လိုက်လိုက်ရှာကြည့်နေတာတော့ အဆင်မပြေပါဘူး။ တခြားဝါသနာပါရာလေးတွေကိုလည်း လိုက်လုပ်ကြည့်ပြီး ဘဝကို ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားနေထိုင်ပါ။ တကယ်ယုံကြည်စိတ်ချရတဲ့ သတင်းဌာနက သတင်းတွေကိုသာ နားထောင်ပါ။
၂။ ကိုယ့်ကိုယ်ကို ကာကွယ်ပါ။
ရောဂါကိုကာကွယ်ဖို့ လက်ကို မကြာမကြာ ဆေးကြောတာ၊ လူအချင်းချင်း ထိတွေ့မှုနည်းအောင်နေတာ စတဲ့ အချက်တွေကို လိုက်နာခြင်းအားဖြင့် ရောဂါမကူးစက်အောင် ကာကွယ်ပါ။
Enervon-C Adult 1

၃။ ချစ်ခင်ရသူတွေနဲ့ ချိတ်ဆက်ပါ။
ကပ်ရောဂါဖြစ်လာတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် မထိတွေ့အောင် နေထိုင်လာရပေမယ့် ကိုယ်ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်မပျက်အောင် ခေတ်ပေါ်နည်းပညာတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ အမျိုးတွေပေါ့။
၄။ ကျန်းမာရေးကို ဂရုစိုက်ပါ။
ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဖို့ လိုပါတယ်။ စိတ်ပူပန်လာတဲ့အခါမျိုးမှာ အသက်ကိုပြင်းပြင်းရှူ၊ အကြောအချင် ဖြေလျော့ပြီး တရားထိုင်ပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်ကို စားပေးပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်၊ အိပ်ရေးဝဝအိပ်ပြီး အရက်ကို အသင့်အတင့်သာ သောက်သုံးပါ။
Enervon-C Adult 2

၅။ တရားထိုင်ပါ။ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ။ ဘာတွေ စိတ်ပူပန်နေတယ်ဆိုတာ ချရေးပါ။
အခုစိုးရိမ်နေတာတွေဟာ ပျောက်သွားမှာပါဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။ အသက်ကို ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူသွင်းရှူထုတ်ပြုလုပ်ခြင်းဖြင့် စိတ်ကိုပြေလျော့စေပြီး အစာခြေစနစ်ကိုလည်း အားကောင်းစေနိုင်ပါတယ်။ ကိုယ် ဘာတွေစိတ်ပူနေတယ်ဆိုတာကို ချရေးပေးခြင်းဖြင့် စိတ်ခံစားချက်နဲ့ တကယ်ဆက်စပ်တွေးခေါ်မှုရဲ့ ကွာခြားချက်တွေကို သိစေနိုင်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သိလာမှာပါ။
၆။ မျှော်လင့်ချက်ထားပါ။
အခုဆိုရင် ဗိုင်းရပ်စ်ပိုးအကြောင်းကို လေ့လာပြီးတော့ ကာကွယ်ဆေးတွေ၊ ကုသမှုတွေထုတ်ဖို့ ကြိုးစားနေပါတယ်။ လူအတော်များများကို ကူးတယ်ဆိုပေမယ့် ပြန်ကောင်းကြတာလည်း ရှိပါတယ်။ အရင်ကပ်ရောဂါဆိုးတွေလိုပဲ ဒီကပ်ရောဂါကြီးကလည်း အချိန်တန်ရင် ပျောက်သွားမှာပါဆိုတဲ့ မျှော်လင့်ချက်လေးထားဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























