/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်-ကူးစက်ခြင်းခံရပြီးသူများ-နောက်တစ်ကြိမ်

ကိုဗစ် ကူးစက်ခြင်းခံရပြီးသူများ နောက်တစ်ကြိမ် ထပ်ကူးစက်ခံရနိုင်သလား၊ ဒါမှမဟုတ် တစ်ကြိမ်ကူးစက်ခံရရုံဖြင့် ရောဂါကို ခုခံနိုင်စွမ်းရရှိမှာလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ် ကူးစက်ခံရသူဦးရေဟာ တစ်ကမ္ဘာလုံးနှင့်ချီရင် သန်းပေါင်း ၅၀ ကျော်နေပြီ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အသက်ပေးလိုက်ရသူတွေရှိသလို ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသူတွေလည်း အများကြီးရှိပါတယ်။
ဒီလိုပြန်လည်သက်သာလာသူဦးရေ များပြားခြင်းဟာ ထိုသူတွေအနေနှင့် ကိုဗစ် နောက်တစ်ကြိမ် မကူးစက်နိုင်တော့တာကို ပြသနေတယ်လို့တော့ မသတ်မှတ်နိုင်ဘူးလို့ ပညာရှင်များက သုံးသပ်ထားကြပါတယ်။
ဒီနေ့ထိဆိုရင် ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ တစ်သန်းကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ရဲ့ ပြောကြားချက်အရ ကိုဗစ် ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသူများရဲ့ကိုယ်ထဲမှာ နောက်တစ်ကြိမ် ကိုဗစ် ဝင်ရောက်လာရင် တိုက်ထုတ်နိုင်မယ့် ပဋိပစ္စည်း (antibodies) တွေ ရှိနေတာမျိုး မတွေ့ရဘူးလို့ ပြောကြားပါတယ်။
သြဂုတ်လအတွင်းက အမေရိကန်နိုင်ငံမှာ လေ့လာချက်တစ်ခု ပြုလုပ်ခဲ့တဲ့အခါမှာ အသက် ၂၅ နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦးဟာ ကိုဗစ် ကူးစက်ခံရပြီး ပြန်လည်သက်သာပြီးမှာ နောက်တစ်ကြိမ် ထပ်မံကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မှတ်တမ်းများအရ ထိုသူဟာ ဧပြီလအတွင်း ကိုဗစ် ကူးစက်ခံခဲ့ရပြီး သာမန်အအေးမိလက္ခဏာများသာ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့နောက် မေလတွင် နောက်တစ်ကြိမ် ကူးစက်ခံရပြီးနောက် ကိုဗစ် ရဲ့ ပိုမိုပြင်းထန်တဲ့လက္ခဏာတွေကို ခံစားလာရတယ်လို့ တင်ပြထားပါတယ်။ ဒီလေ့လာချက်အရ တစ်ကြိမ်ကူးစက်ပြီးသူများအနေနှင့် ထပ်မံကူးစက်ခံရဖို့ ဖြစ်နိုင်တယ်ဆိုတာ ပြသနေတာ တွေ့ရမှာပါ။
ကမ္ဘာ့ကူးစက်ရောဂါ တိုက်ဖျက်ကာကွယ်ရေးအဖွဲ့ကြီးဖြစ့်တဲ့ Centers for Disease Control and Preventation (CDC) ကတော့ ကိုဗစ်နှင့်ပတ်သက်တဲ့ ကိုယ်ခံအားတုံပြန်မှုဖြစ်စဉ်ကို လက်ရှိအချိန်ထိ ကောင်းစွာအဖြေရှာနိုင်ခြင်း မရှိသေးကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ကိုဗစ်ကူးစက်ခံလူနာတွေအနေနှင့် နောက်တစ်ကြိမ် ထပ်မံကူးစက်ခံရနိုင်ခြင်းအတွက် လေ့လာချက်များစွာ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ထို့ကြောင့် ကိုဗစ်ကူးစက်ခံဖူးသူများအနေနှင့် ပြန်လည်သက်သာပြီး နောက်ပိုင်းမှာလည်း မပေါ့ဆဘဲ ကျန်းမာရေးအလေ့အထကောင်းတွေကို ဆက်လက်လိုက်နာခြင်း၊ အပြင်သွားရင် mask တပ်ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းတို့ကို ဆက်လက်ပြုလုပ်ကြဖို့ အကြံပြုတင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)