/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်-၁၉-ကာကွယ်ဆေးဟာ-စိတ်ချရပါ့မလား

ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ စိတ်ချရပါ့မလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ ကာကွယ်ဆေးထွက်လာတယ်ဆိုတာ တကယ့်ကို အောင်မြင်မှုတစ်ရပ်လို့ ပြောလို့ရပါတယ်။ ကာကွယ်ဆေးဟာ လူအများကို ရောဂါကူးစက်ပြီး နေမကောင်းဖြစ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ လူတိုင်းနီးပါးသာ ကာကွယ်ဆေးထိုးခဲ့မယ်ဆိုရင် မိသားစုတွေ၊ လူ့အဖွဲ့အစည်းတွေဟာ အရင်လိုပဲ ပုံမှန်ပြန်လည်သွားလာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်တုန်းက ကာကွယ်ဆေးတွေထုတ်တဲ့အခါ နှစ်ပေါင်းများစွာကြာပြီးတော့ အခု ကိုဗစ် ကာကွယ်ဆေးကျမှ မြန်မြန်ထုတ်လုပ်လာနိုင်လို့ တချို့လူတွေက ကာကွယ်ဆေးထိုးတာဟာ စိတ်ချရပါ့မလားဆိုပြီး စိုးရိမ်မှုတွေ ရှိလာကြပါတယ်။

>>  ကိုဗစ် ကာကွယ်ဆေးကို ဘာကြောင့် ဒီလောက်မြန်မြန် ထုတ်လုပ်နိုင်တာလဲ?
ကာကွယ်ဆေး မြန်မြန်ထွက်လာတယ်ဆိုတိုင်း ကာကွယ်ဆေးထုတ်တဲ့အဆင့်တွေကို ကျော်ပစ်ပြီး ထုတ်လုပ်ထားတာမျိုး မဟုတ်ပါဘူး။ ကာကွယ်ဆေးထုတ်တဲ့ နည်းပညာဟာ နဂိုကတည်းက ရှိပြီးသားပါ။ ဒီနည်းပညာကိုပဲ ကာကွယ်ဆေးထုတ်သူတွေက ပေါင်းလုပ်လို့ရတဲ့အဆင့်တွေကို ပေါင်းပြီးတော့ မြန်မြန်ထုတ်နိုင်အောင်လို့ ကြိုးစားခဲ့ကြတာပါ။ တချို့ကာကွယ်ဆေးတွေဟာ mRNA ကို အခြေခံပြီး ထုတ်ထားတာပါ။ mRNA ကို အခြေခံပြီးထုတ်တဲ့ ကာကွယ်ဆေးတွေဟာ တခြားကာကွယ်ဆေးထုတ်တဲ့နည်းတွေနဲ့ယှဉ်ရင် ပိုမြန်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံကလည်း SARS-CoV 2 ကိုရိုနာဗိုင်းရပ်နဲ့ပတ်သက်တဲ့ မျိုးရိုးဗီဇအကြောင်းကို အသိပေးထားပြီးသားဖြစ်လို့ ကာကွယ်ဆေးထုတ်တဲ့အခါ ပိုလွယ်ကူလာရတာပါ။

>>  ကိုဗစ် ကာကွယ်ဆေးထိုးတဲ့အခါ စိတ်ချမှု ရှိ၊ မရှိ ဘယ်လိုသိနိုင်သလဲ?
ကိုဗစ် ကာကွယ်ဆေးမှ မဟုတ်ပါဘူး။ ကာကွယ်ဆေးတိုင်းဟာ အဆင့်ဆင့်စမ်းသပ်မှုတွေ ပြုလုပ်ပြီး စိတ်ချရမှုနဲ့ ထိရောက်မှုရှိမှသာ အသုံးပြုခွင့်ရကြတာပါ။ လက်ရှိသုံးနေတဲ့ ကိုဗစ် ကာကွယ်ဆေးတိုင်းဟာ Food and Drug Association (FDA) ကနေလည်း စိတ်ချရမှုနဲ့ပတ်သက်ပြီး အသိအမှတ်ပြုခံရပြီးသားဖြစ်လို့ အရေးပေါ်အသုံးပြုခွင့်ရထားတဲ့ ကာကွယ်ဆေးတွေပါ။ ဒါ့အပြင် စမ်းသပ်မှုလုပ်တုန်းက မရှိခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပြည်သူတွေကို ထိုးပေးတဲ့အခါမှာမှ ပေါ်လာမှာစိုးတာကြောင့် FDA နဲ့ Centres for Disease Control and Prevention (CDC) က ကာကွယ်ဆေးထိုးပြီးသူတွေကို ဆက်လက်စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

>>  ကိုဗစ် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုခု ဖြစ်နိုင်သလား?
ကိုဗစ် ကာကွယ်ဆေးတွေရဲ့ စမ်းသပ်မှုအဆင့်တွေမှာတော့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးကို မတွေ့ခဲ့ရပါဘူး။ ပထမဆုံးထွက်တဲ့ ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ Pfizer နဲ့ Moderna ကာကွယ်ဆေးတွေကလည်း အပြည့်အဝစိတ်ချရတယ်လို့ အသိအမှတ်ပြုခံရပြီးသားပါ။ ဓာတ်မတည့်မှုနဲ့ ပတ်သက်ပြီးတော့ CDC အနေနဲ့ အစားအသောက်၊ အင်းဆက်၊ ရာဘာ စတာတွေနဲ့ ဓာတ်မတည့်တဲ့သူတွေလည်း ကိုဗစ် ကာကွယ်ဆေးကို ထိုးနိုင်ကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ အရင်က ထိုးဆေးတစ်မျိုးမျိုး၊ ဒါမှမဟုတ် ကာကွယ်ဆေးတစ်မျိုးမျိုးနဲ့ အပြင်းအထန် ဓာတ်မတည့်မှုဖြစ်ဖူးသူတွေဟာ ဆေးမထိုးခင် ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ကြောင်း၊ ကာကွယ်ဆေးမှာပါဝင်တဲ့ ပစ္စည်းတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်မှုရှိရင် ကာကွယ်ဆေးကိုမထိုးသင့်ကြောင်း ပြောထားပါတယ်။

>>  ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်နိုင်သလဲ?
ဆေးထိုးတဲ့နေရာ နာတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာနဲ့ နုံးချိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေဟာ တစ်ရက်၊ နှစ်ရက်လောက်ပဲ ကြာတတ်ပါတယ်။ အကယ်၍ ဒီ့ထက်ပိုကြာခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

>>  ဘေးထွက်ဆိုးကျိုးဖြစ်တာတွေဟာ မတူညီတဲ့လူအုပ်စုအပေါ် မူတည်ပြီး ပြောင်းလဲသွားတာမျိုးရော ရှိနိုင်ပါသလား?
ကိုဗစ် ကာကွယ်ဆေးကို စမ်းသပ်ခဲ့တုန်းက ကျန်းမာတဲ့သူတွေသာမက ရောဂါအခံရှိတဲ့သူတွေလည်း စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ စမ်းသပ်မှုတွေအရတော့ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ကျားမ မရွေး စိတ်ချရမှုနဲ့ ထိရောက်မှုချင်းကတော့ အတူတူဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုတွေမှာ ကိုယ်ဝန်ဆောင်တွေနဲ့ အသက် (၁၂) နှစ်အောက် ကလေးငယ်တွေတော့ မပါပါဘူး။

>>  ကာကွယ်ဆေးထိုးလိုက်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်သွားတာမျိုးရော ဖြစ်နိုင်သလား?
Pfizer နဲ့ Moderna ကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်တစ်ကောင်လုံးကို ထည့်ထားတာမဟုတ်ဘဲ ဗိုင်းရပ်စ်ရဲ့ အန္တရာယ်မပေးနိုင်တဲ့ mRNA ဆိုတဲ့ အစိတ်အပိုင်းကိုပဲ ပုံစံတူကူးယူပြီး ထည့်သွင်းထုတ်လုပ်ထားတာပါ။ ဒါကြောင့်မို့လို့ ကာကွယ်ဆေးထိုးခြင်းဟာ ကိုဗစ်-၁၉ ရောဂါကို မဖြစ်စေနိုင်ပါဘူး။

>>  ကိုဗစ်ကာကွယ်ဆေးတွေဟာ ဘယ်လောက်ထိ ထိရောက်မှုရှိသလဲ?
Pfizer ရော Moderna ရော နှစ်မျိုးလုံးဟာ ကိုဗစ်ရောဂါကို ကာကွယ်တဲ့နေရာမှာ ၉၅% လောက် ထိရောက်မှုရှိတယ်လို့ ပြောထားပါတယ်။

>>  ကာကွယ်ဆေးထိုးပြီးရင်ရော နှာခေါင်းစည်းတပ်ဖို့ လိုအပ်ပါသလား?
ကာကွယ်ဆေးရဲ့ထိရောက်မှုဟာ ၉၅% ပဲ ရှိလို့ ကျန်တဲ့ ၅% လောက်မှာ ဆေးထိုးထားပေမယ့် ကူးစက်နိုင်သေးပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးထိုးပြီးရင်တောင် နှာခေါင်းစည်းတပ်ဖို့ လိုအပ်ပါတယ်။ နှာခေါင်းစည်းတပ်တာအပြင် တခြားကာကွယ်မှုနည်းလမ်းတွေဖြစ်တဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာ၊ လက်ကို မကြာခဏဆေးတာ စတဲ့ စည်းကမ်းတွေကိုလည်း ဆက်လက်ပြီးတော့ လိုက်နာသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)