/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ့်ကိုယ်ကို-ဂရုမစိုက်မိတဲ့အခါ

ကိုယ့်ကိုယ်ကို ဂရုမစိုက်မိတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယေဘုယျအားဖြင့် ရောဂါကြီးကြီးမားမားမရှိပေမယ့် ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းနေဖို့က မိမိကိုယ်ကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အရေးမကြီးပါဘူးဆိုပြီး လျစ်လျူရှုမိတဲ့ လက္ခဏာလေးတွေကလည်း ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ဖို့ ပြောနေတဲ့ အချက်ပေးခေါင်းလောင်းလေးတွေ ဖြစ်နေတတ်ပါတယ်။

>>  မေ့မေ့လျော့လျော့ ဖြစ်နေတတ်ခြင်း
အိပ်ရေးဝပေမယ့် အိပ်ရာနိုးချိန်မှာ ကြောင်တောင်တောင်ဖြစ်နေပြီး အမေ့မေ့အလျော့လျော့ဖြစ်နေမယ်ဆိုရင် အသက်ကြီးလို့ မေ့တတ်လာတာနေမှာပါလို့ လျစ်လျူမရှုလိုက်ပါနဲ့။ ဥပမာအားဖြင့် ဦးနှောက်အသိအာရုံကို ထိခိုက်တဲ့ ဟော်မုန်းမညီမျှတာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ဒီလိုမေ့လျော့တတ်တာဟာ သိုင်းရွိုက်ဟော်မုန်းပြဿနာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်းတွေ၊ သိုင်းရွိုက်စစ်ဆေးမှုတွေကို စစ်ဆေးကြည့်ပြီး အကြောင်းရင်းကို လိုက်ရှာဖို့ လိုပါတယ်။
အူလမ်းကြောင်းရှိ ပိုးမွှားလေးတွေကလည်း တစ်ကိုယ်ရည်ကျန်းမာရေးအတွက် အရေးပါတာမို့ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ပေးဖို့ကလည်း အံ့ဩဖို့ကောင်းလောက်အောင် အရေးကြီးပါတယ်နော်။ အူအကျိုးပြုပိုး probiotic တွေပါတဲ့ အစားအသောက်တွေကိုလည်း စားပေးသင့်ပါတယ်။

Enervon-C Adult 1

>>  စိတ်ဖိစီးမှု တအားများနေခြင်း
အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ မိသားစုကြောင့်ပဲဖြစ်ဖြစ်၊ တခြားအကြောင်းရင်းတွေကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ တောက်လျှောက်များနေတဲ့အခါ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဖိစီးမှုဟော်မုန်း ကော်တီစောတွေ တောက်လျှောက်တက်နေတဲ့အခါ စိတ်ခံစားချက်တွေ ပြောင်းလဲမြန်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်အာရုံ အသိဉာဏ်ကျတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ကော်တီစောဟော်မုန်းကြောင့် ရောင်ရမ်းမှုတွေဖြစ်နိုင်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းတာ၊ အင်အားတွေလျော့ပါးတာ၊ နေထိုင်မကောင်းတာတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဒီလိုစိတ်ဖိစိးမှုများလာတဲ့အခါ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချဖို့လိုပါတယ်။ ဒါမှ ကျန်းမာရေးကို ကောင်းစေနိုင်မှာပါ။

>>  တစ်ချိန်လုံး အိပ်ချင်နေခြင်း
လေ့ကျင့်ခန်းလုပ်ဖို့၊ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားဖို့ အချိန်ပေးလုပ်သင့်သလို ညဘက်မှာလည်း အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တာ၊ ခဏခဏနိုးတတ်တာ၊ အိပ်ပေမယ့် အိပ်ရေးမဝတာမျိုးရှိရင် ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ ဒါဟာ sleep apnoea လို့ ဆေးပညာမှာခေါ်တဲ့ ညဘက်အိပ်ချိန်မှာ အသက်ရှူလမ်းကြောင်းပိတ်၊ အသက်ရှူရပ်ရပ်သွားပြီး ဦးနှောက်က နိုးလာတဲ့ အခြေအနေတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ သွေးတိုး၊ နှလုံးနဲ့ အဝလွန်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ အိပ်ရေးဝမှသာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်း လည်ပတ်နိုင်မှာဖြစ်တာမို့ ဆရာဝန်နဲ့ ပြသအဖြေရှာဖို့က အရေးကြီးပါတယ်။

>>  ခြေထောက်ကြွက်တက်ခြင်း
တစ်နေကုန် အလုပ်စားပွဲမှာ ထိုင်နေရတာဖြစ်ဖြစ်၊ တီဗီရှေ့မှာ ထိုင်နေရတာဖြစ်ဖြစ် ခြေထောက်တစ်ချက်တစ်ချက် ကြွက်တက်တာကို သတိမမူမိတတ်ကြပါဘူး။ ဒီလို ခဏခဏကြွက်တက်တာဟာ မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။ ဒီချို့တဲ့မှုကနေတစ်ဆင့် နှလုံးခုန်မမှန်တာစတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တာမို့ မဂ္ဂနီစီယမ် ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ အဲမွန်စေ့၊ ဖရုံစေ့နဲ့ ငှက်ပျောသီးတွေ စားပေးပါ။ ဒီ့ထက်လိုအပ်တယ်လို့ ဆရာဝန်ကထင်ရင် ဖြည့်စွက်အားဆေးပါ သောက်ပေးဖို့ လိုပါလိမ့်မယ်။

Enervon-C Adult 2

>>  ခြေလက်တွေ ထုံထုံကျဉ်ကျဉ်ဖြစ်နေခြင်း
တစ်ချက်တစ်ချက် ထုံတာကျဉ်တာကိစ္စမရှိပေမယ့် မကြာမကြာ ဖြစ်နေမယ်ဆိုရင်တော့ ဗီတာမင်ဘီ12 ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ မကုဘဲထားမိရင် သွေးအားပါနည်းလာတတ်ပါတယ်။ ဥအမျိူးမျိုး၊ အသားတွေနဲ့ နို့ထွက်ပစ္စည်းတွေ စားပေးဖို့လိုပါတယ်။ အသားမှာ အဓိကပါတဲ့ဓာတ်မို့ သက်သတ်လွတ်စားမယ်ဆိုရင် ဗီတာမင်ဘီ12 အားဆေး ထည့်သောက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

>>  အသားအရေ ခြောက်သွေ့နေခြင်း
ဆောင်းရာသီလိုမျိုး ရာသီဥတုမှာ အသားအရေ ခြောက်သွေ့နိုင်ပေမယ့် ဒီလိုခြောက်သွေ့သွေ့ ယားတားတားအကွက်တွေဟာ အဆီနည်းအစားအစာတွေ စားတာများပြီး အဆီဓာတ်အားနည်းတာ ဖြစ်နိုင်ပါတယ်။ လိုးရှင်းလိမ်းပေးတာအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေဖြစ်တဲ့ ထောပတ်သီး၊ သစ်ချသီး၊ သံလွင်ဆီ စတာတွေကို စားပေးပါ။

>>  ဝက်ခြံတွေ ထွက်နေခြင်း
ဝက်ခြံဆိုတာ မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ ဟော်မုန်းတွေကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပေမယ့် မကြာမကြာ အပြုံလိုက်ပေါက်နေမယ်ဆိုရင် အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချိုတွေ၊ ကစီဓာတ်တွေ အများကြီးစားတဲ့အခါမှာလည်း သွေးတွင်းအချိုဓာတ်တွေ များလာပြီး ရောင်ရမ်းတာကို ပိုဆိုးစေနိုင်ပါတယ်။

>>  နေ့လယ်ခင်းမှာ အမြဲပင်ပန်းနွမ်းနယ်နေခြင်း
အလုပ်တွေရှုပ်၊ အစည်းအဝေးတွေ တောက်လျှောက်ထိုင်နေရရင် ပင်ပန်းနွမ်းနယ်နေမှာ ဖြစ်သင့်ပေမယ့် အမြဲတမ်းကို နုံးနေတယ်ဆိုရင် နေ့လယ်စာ အရွေးမှားတာ ဖြစ်နိုင်ပါတယ်။ ကစီဓာတ်များတဲ့ ပီဇာတို့၊ ဆန်းဒ်ဝစ်ချ်တို့၊ ထမင်းနဲ့ပေါင်မုန့်နဲ့ ပြုလုပ်ထားတဲ့ စားစရာမှန်သမျှတွေဟာ အချိုဓာတ်ကို အမြန်တက်၊ အမြန်ကျ ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းအချိုဓာတ်ကျချိန်မှာ နုံးတာ၊ အိပ်ချင်တာတွေ ဖြစ်လာတော့တာပေါ့။ ဒါကို ကာကွယ်ဖို့ အသီးအရွက်၊ အသားငါး မျှမျှတတ စုံစုံလင်လင် စားပေးပါ။

www.drmyanmar.com