/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ့်ကိုယ်ကို-အချိန်ပေးမှ-အသက်ရှည်မယ်နော်

ကိုယ့်ကိုယ်ကို အချိန်ပေးမှ အသက်ရှည်မယ်နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်နေ့တာရဲ့ များပြားလှတဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကို သီးသန့်ရော အချိန်ပေးဖြစ်ကြရဲ့လား။ မိမိကိုယ်ပိုင်အချိန်လေးရယ်လို့ ထားရှိပြီး သတိရှိရှိ ကိုယ့်ကိုယ်ကို သေသေချာချာ အနားပေးဖြစ်ရဲ့လား။ စိတ်ရောကိုယ်ပါ အနားရတဲ့ဖြစ်စဉ်ဆိုတာ အလျဉ်းသင့်သလို ရှိကိုရှိမှ သက်ရှည်ကျန်းမာ စိတ်ချမ်းသာရမယ်နော်။ အလုပ်ရှုပ်တဲ့ အိမ်ရှင်မတွေ၊ မိခင်တွေ၊ အလုပ်ကြိုးစားတဲ့ ညီမ၊ အစ်မတွေ၊ သင်တန်းတွေ မအားမလပ်အောင်တက်တဲ့ အမျိုးသမီးတွေမှာ ကိုယ်ပိုင်အချိန်လေး ထားရှိပေးမှ အမှန်တကယ် စိတ်ချမ်းသာ ပျော်ရွှင်ရပါသတဲ့။ ကိုယ်ပိုင်အချိန်လေးရဖို့ ဒါလေးတွေ ဖတ်ကြည့် လိုက်နာကြည့်ပါဦး။

●        ကိုယ့်ကိုယ်ကို ခဏခဏ ပြောကြည့်ပါ။ ငါ ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ လိုနေပြီ။ သူများတွေ တခြားလူတွေကို အရေးပေးတာ၊ အလေးထားတာတွေ သိပ်များနေပြီလို့ပေါ့။

●        မနက်စောစော ဆယ်မိနစ်ခန့် တရားထိုင်ပါ။ အိပ်ရာထဲမှာ မှိုင်တွေနေတာ၊ ငိုက်မျဉ်းနေတာတွေ လုပ်မယ့်အစား မျက်နှာ သွက်သွက်လက်လက်သစ်၊ ကိုယ်လက်သန့်စင်လိုက်ပြီး ကိုယ့်အိပ်ရာပေါ်မှာတင် ကိုယ် တရားထိုင်ကြည့်ပါ။ နေ့စဉ်လုပ်ကြည့်ရင်း စိတ်ရောကိုယ်ပါ ကြည်လင်လာပြီး စိတ်အနေအထား ပိုမိုကောင်းမွန်လာပါလိမ့်မယ်။

●        ဝေယျာဝစ္စလုပ်ရင်း အချိန်ကုန်မခံပါနဲ့။ မနက်စာကို အရသာရှိရှိ ပြင်ဆင်ပြီး ကျကျနန အချိန်ပေး ထိုင်စားပါ။ အဝစားပါ။ ဗိုက်ပြည့်အောင် စားပါ။

●        ကိုယ်အကြိုက်ဆုံး တေးဂီတကို နားဆင်ပါ။ အနှစ်သက်ဆုံးဂီတကို နားဆင်တဲ့အခါ တခြားဘာမှလုပ်မနေဘဲ ဆိုဖာပေါ်မှာ လှဲချတာပဲဖြစ်ဖြစ်၊ အိပ်ရာပေါ်မှာ ခေါင်းအုံးလေးနဲ့ မှီနေတာပဲဖြစ်ဖြစ်၊ မျက်လုံးလေးမှိတ် စည်းချက်လေးလိုက်လို့ စိတ်သက်သက်သာသာနဲ့ နားထောင်စေချင်ပါတယ်။

●        ဘဝမှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရတာလောက် စိတ်သက်သာစေတာ မရှိပါဘူး။ ဈေးဝယ်ထွက်ပါ။ အလှပြင်ဆိုင် သွားပါ။ သေသပ်လှပတဲ့အကျႌလေးတွေ ဝတ်ဆင်ပြီး လျှောက်လည်ပါ။ ပန်းခြံတွေမှာ လမ်းလျှောက်ပါ။ အနှိပ်ခံပါ။ အနီးနားကို ခရီးတိုလေးတွေ ထွက်ပါ။

●        လှေကားတက်တာက အသက်ရှည် ကျန်းမာစေတယ်ဆို အံ့သြကြမလား။ လှေကားထစ်လေးတွေကနေ တက်လိုက်၊ ဆင်းလိုက်လုပ်တာက ချွေးထွက်စေသလို ပေါ့ပါးနေကောင်းစေပါသတဲ့။

●        မှန်ကြည့်ပြီး ပြုံးပါ။ အားရပါးရ ရယ်မောပါ။ ပြုံးနေ ရယ်နေတဲ့ မိမိကိုယ်ကို မြင်ရတာလောက် စိတ်ချမ်းသာစရာကောင်းတာ မရှိတော့ပါဘူး။ မနက်၊ ည၊ တစ်ရက်ကို နှစ်ကြိမ်ကနေ သုံးကြိမ်လောက်တော့ မှန်ကြည့်ပြီး ပြုံးကြည့်၊ ရယ်ကြည့်ဖို့ ကြိုးစားကြည့်ပါဦး။

●        အချိန်ဇယား ထားပါ။ တကယ်တော့ အချိန်ဇယားဆိုတာ လူတွေကို ချုပ်နှောင်ဖို့ မပာုတ်ပါဘူး။ စည်းကမ်းနဲ့နေတာက တကယ်စနစ်ကျစေပြီး အလုပ်လည်းပြီး မိမိနဲ့ သူတစ်ပါးတွေအတွက် အချိန်တွေ ကောင်းကောင်းရစေပါတယ်။ တစ်နေ့တာရဲ့ အချိန်တွေထဲမှာ မိမိအတွက် သီးသန့်အချိန်ရယ်လို့ ထည့်ထားပေးပါ။ အဲဒီအချိန်လေးကို အကျိုးရှိရှိ အသုံးချပြီး ကိုယ်ပျော်ဖို့ ကျေနပ်ဖို့ အဆင်ပြေတာလေးတွေ လုပ်ကြရအောင်လေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)