ကိုယ့်ရဲ့ချစ်ရသူတွေကို ကိုယ်အလေးချိန်ကျအောင် ဘယ်လိုကူညီကြမလဲ
ကိုယ့်ချစ်ရတဲ့သူကို ပိုကျန်းမာပြီးတော့ ကိုယ်အလေးချိန် ကျစေချင်ပေမယ့် ဘယ်လိုကူညီရမှန်းမသိ ဖြစ်နေနိုင်ပါတယ်။ ကူကလည်း ကူညီချင်တယ်၊ ဒါပေမဲ့ နည်းလမ်းအမှားတွေလည်း ဖြစ်နေမှာ ကြောက်တယ်ဆိုရင် ကိုယ့်ရဲ့ချစ်ရသူတွေကို အရှက်ရစေတာ၊ ရှုံ့ချတာမျိုးမရှိဘဲနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမူအကျင့်တွေကို ရရှိစေနိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။
ကိုယ်ချစ်ရတဲ့သူကို ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ နည်းလမ်း (၅) ချက်ကို မျှဝေပေးချင်ပါတယ်။
1. ကိုယ်က စံပြဖြစ်အောင်နေပါ။ ကိုယ်ကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမူအကျင့်တွေကို ကျင့်သုံးပြီးတော့ နမူနာကောင်း ဖြစ်ပါစေ။ ပြီးတော့ အတူတူလိုက်လုပ်ဖို့ အကြံပေးကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီးတော့ အတုယူ လိုက်လုပ်တာက စိတ်တက်ကြွစေပြီးတော့ ပိုပြီးလည်း စွဲမြဲစေပါတယ်။
2. အဖွဲ့တစ်ခုအနေနဲ့ အလုပ်လုပ်ပါ။ ဆိုလိုတာက အတူတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု အစီအစဉ်ဆွဲတာ၊ ပြင်ဆင်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေ လုပ်ပါ။ အတူတွေ့တဲ့အခါမှာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ gym အတူသွားတာက ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တဲ့ နေထိုင်မှုပုံစံပါ။ ပြီးတော့ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို အတူချက်ပြုတ်စားသောက်ပါ။
3. ဝိတ်ချဖို့လို့ပြောနေမယ့်အစား ကျန်းမာရေးကောင်းဖို့အပေါ်မှာ ပိုပြီးအာရုံစိုက်ပါ။ စကားလုံးရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ အစားအသောက်ရွေးတဲ့အပေါ်မှာ လိုက်ပြီးတော့ ဝေဖန်မယ့်အစား အားပေးတဲ့ စိတ်တက်ကြွပြီးတော့ ဂရုတစိုက်ရှိမယ့် စကားလုံးတွေကို ရွေးချယ်ပါ။ ဥပမာ- အချိုပွဲအတွက် ရေခဲမုန့်မစားသင့်ဘူးလို့ ပြောမယ့်အစား - ဒီနေ့ညတော့ အသစ်အဆန်းလေး ဖြစ်သွားအောင် သစ်သီးသုပ်လေး လုပ်စားကြရအောင်လို့ ပြောပေးပါ။
4. ဒါကို စိန်ခေါ်မှုတစ်ခုအနေနဲ့ သဘောထားပါ။ လူအများစုက ပြိုင်ဆိုင်ရတာ စိတ်ဝင်စားတတ်ကြပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမူအကျင့်တွေကို လိုက်နာနိုင်မယ့်နည်းလမ်းတွေကို တီထွင်ဖန်တီးပြီးတော့ ဂိမ်းတစ်ခုအနေနဲ့ ကစားကြည့်ပါ။ အချိန်တိုအတွင်းမှာ ပြီးနိုင်မယ့် တကယ်ရနိုင်မယ့် ပန်းတိုင်ဖြစ်ဖို့တော့ လိုပါတယ်။
5. ကိုယ့်ရဲ့စိတ်အားထက်သန်မှုကို မလျော့ကျပါစေနဲ့။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























