/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ့်ဟာကိုယ်-အလွယ်တကူ-သိနိုင်တဲ့-သံဓာတ်ချို့တဲ့သော-လက္ခဏာများ

ကိုယ့်ဟာကိုယ် အလွယ်တကူ သိနိုင်တဲ့ သံဓာတ်ချို့တဲ့သော လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သံဓာတ်ချို့တဲ့တာက အတော်အဖြစ်များပြီးတော့ မကုသဘဲထားရင် ပြင်းထန်လာနိုင်ပါတယ်။ ကိုယ့်မှာ သံဓာတ်ချို့တဲ့တဲ့လက္ခဏာတွေ တွေ့ပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီးတော့ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

          ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးနီဆဲလ်တွေထဲက hemoglobin လို့ခေါ်တဲ့ သွေးနီဥလေး ဖြစ်လာဖို့အတွက် သံဓာတ်ကို လိုအပ်ပါတယ်။ ဒီသွေးနီဆဲလ်တွေကမှ ခန္ဓာကိုယ်အနှံ့က တစ်သျှူးတွေကို အောက်ဆီဂျင်တွေ သယ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်နည်းပြီဆိုရင် တစ်သျှူးတွေဆီကို အောက်ဆီဂျင် ကောင်းကောင်း မရောက်တော့ဘဲနဲ့ စိတ်ခံစားချက်၊ မှတ်ဉာဏ်စွမ်းအား၊ လှုပ်ရှားနိုင်မှု စတာတွေမှာ ယိုယွင်းလာစေပါတယ်။ သံဓာတ်ချို့တဲ့တဲ့လက္ခဏာတွေက ခန္ဓာကိုယ်အနှံ့မှာ ဖြစ်နိုင်ပြီးတော့ အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။

●        ပင်ပန်းနွမ်းနယ် မောပန်းခြင်း

●        မူးဝေထိုင်းမှိုင်းခြင်း

●        ဂဏှာမငြိမ်ဖြစ်ခြင်း

●        အားနည်းခြင်း

●        ဆံပင်ကျွတ်ခြင်း

●        ဖြူဖပ်ဖြူလျော်ဖြစ်ခြင်း

●        ခြေထောက်များမငြိမ်သော ရောဂါလက္ခဏာစု

●        တွေ့ကရာ ကောက်စားခြင်း

●        လက်သည်း၊ ခြေသည်းများ ကြွတ်ဆတ်ပြီး ကျိုးလွယ်ခြင်း

 

>>    သံဓာတ်ချို့တဲ့စေတဲ့ အကြောင်းအရင်းတွေ

          ကမ်ဘာပေါ်မှာ အဖြစ်များဆုံး ချို့တဲ့မှုတစ်ခုဖြစ်တဲ့ သံဓာတ်ချို့တဲ့မှုဟာဆိုရင် အကြောင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ နာတာရှည် သွေးယိုစိမ့်မှုတွေ၊ အမျိုးသမီးတွေမှာ ရာသီတွေအရမ်းလာခြင်း၊ ကိုယ်တွင်းအင်္ဂါတွေမှာ သွေးယိုစိမ့်ခြင်း (အစာအိမ်အူလမ်းကြောင်းအနာတွေက သွေးထွက်ခြင်း စတာတွေ) နဲ့ တခြား သွေးအလွန်အကျွံ ထွက်တာတွေ အားလုံးကြောင့် သံဓာတ်ချို့တဲ့စေနိုင်ပါတယ်။ အာဟာရဓာတ်တွေကို စုပ်ယူမှုမကောင်းစေတဲ့ အခြေအနေတွေမှာလည်း သံဓာတ်ချို့တဲ့စေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရာသီလာနေတဲ့ အမျိုးသမီးတွေနဲ့ အားကစားသမားတွေက သံဓာတ်ချို့တဲ့နိုင်ချေ အရမ်းများပါတယ်။ အကြောင်းအရင်းတွေ အများကြီးထဲကမှ အဓိကအကြောင်းတစ်ခုကတော့ သံဓာတ်ကို အလုံအလောက် မစားတာပါ။

          ဘာကြောင့် သံဓာတ်ချို့တဲ့ရတယ်ဆိုတာကို သိဖို့ အရမ်းအရေးကြီးလို့ ဆရာဝန်နဲ့ပြပြီးတော့ အဖြေရှာဖို့ လိုပါတယ်။ သံဓာတ်ချို့တဲ့တဲ့လက္ခဏာနဲ့ သွေးအားနည်းတဲ့လက္ခဏာတွေက အရမ်းတူပါတယ်။ ဒါပေမဲ့လည်း သွေးအားနည်းတယ်ဆိုတာက သံဓာတ်ချို့တဲ့တာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ သံဓာတ်ချို့တဲ့လို့ပဲထင်ပြီး ကိုယ့်ဟာကို သံဓာတ်တွေ သွားသောက်နေလည်း အကျိုးမထူးပါဘူး။ သံံဓာတ်ပမာဏကို သွေးစစ်ကြည့်ရုံနဲ့ အလွယ်တကူ သိနိုင်ပါတယ်။ သွေးထဲမှာရှိတဲ့ ferritin နဲ့ hemoglobin ပမာဏကို သေချာစစ်ဖို့ လိုပါတယ်။

 

>>    သံဓာတ်များများ စားကြမယ်

          သံဓာတ်ချို့တဲ့နေတယ်ဆိုရင် သံဓာတ်များလာအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်လို့ရပါတယ်။ အခြေခံအကျဆုံးကတော့ အစားအစာကနေပြီးတော့ ရယူပါ။ သံဓာတ်ကို အသား၊ ငါး၊ ပင်လယ်စာတွေကနေ ရပြီးတော့ ဒါကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်ပါတယ်။ ကောက်ပဲသီးနှံတွေ၊ ဥ၊ ပဲ၊ ပဲတောင့်ရှည် စတာတွေကနေလည်း ရနိုင်ပါတယ်။

          သံဓာတ်ကြွယ်ဝစွာရဖို့ဆိုရင် စားတဲ့အစားအစာ အကုန်ကို ထည့်စဉ်းစားရပါမယ်။ တချို့အစားအစာတွေက သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး တချို့ကကျတော့ နှောင့်ယှက်တာတွေ ရှိပါတယ်။ သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။

1.       အနီရောင်အသား များများစားပါ။ အနည်းဆုံး တစ်နေ့ကို အသား၊ ငါး နှစ်ခွက်လောက် စားသင့်ပါတယ်။

2.       အသီးအရွက်၊ ပဲ စားတဲ့သူဆိုရင် ပြုပြင်မထားတဲ့ ကောက်ပဲသီးနှံတွေ၊ ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်စတဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပါ။ ဒီအစားအစာတွေကို အနည်းဆုံး တစ်နေ့ ၄ ခွက်စားပါ။

3.       သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့အတွက် ဗီတာမင် C နဲ့ တွဲစားပါ။ ဗီတာမင် C က သံဓာတ်စုပ်ယူမှုကို အားပေးတဲ့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဖျော်ရည်တွေ များများစားပေးပါ။

4.       သံဓာတ်စုပ်ယူမှုကို နှောင့်နှေးစေမယ့်အရာတွေကို ရှောင်ပါ။ ကယ်ဆီယမ်၊ အမျှင်ဓာတ်၊ phytic acid, polyphenols, ကော်ဖီ၊ အရက် စတာတွေက သံဓာတ်စုပ်ယူမှုကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဒါတွေနဲ့ လုံးဝတွဲပြီး မစားပါနဲ့။

5.       အစာစားတဲ့အချိန်ကိုလည်း သေချာချိန်ကိုက်ပါ။ သံဓာတ်စုပ်ယူမှုကို အားကောင်းစေတဲ့ အစားအစာတွေကို အစာစားချိန်မှာ စားပြီးတော့ နှောင့်ယှက်တဲ့အစားအစာတွေကို အစာတစ်ခုနဲ့တစ်ခုကြား အချိန်တွေမှာပဲ စားပါ။

6.       Cast iron pots တွေနဲ့ ချက်ပါ။ ဒါကတော့ အစားအစာ ပြောင်းစားဖို့မလိုဘဲနဲ့ ချက်တဲ့အိုးပဲ ပြောင်းရုံပါပဲ။

 

>>    သံဓာတ်အားဆေး

          သံဓာတ်အားဆေးတွေက ပျို့ခြင်း၊ အစာအိမ်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့အတွက်ကြောင့် အာဟာရပြည့်ဝစွာ စားသုံးဖို့နဲ့ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ပထမဦးစားပေးအနေနဲ့ စားသင့်ပါတယ်။

          ဒါပေမဲ့လည်း တချို့အခြေအနေတွေကျတော့ သံဓာတ်အားဆေးတွေက ရောဂါလက္ခဏာတွေကို သက်သာစေဖို့ အထောက်အကူပြုပါတယ်။ အထူးသဖြင့်တော့ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်ရင် ဆေးသောက်ဖို့ ညွှန်ပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)