ကိုယ်ခံစွမ်းအားစနစ်ကောင်းအောင် ဘာတွေဆင်ခြင်ရမလဲ
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဘာတွေနဲ့ ဆက်စပ်နေသလဲ။ ကိုယ်ခံစွမ်းအားကောင်းဖို့အတွက် ဆင်ခြင်သင့်တဲ့အချက်တွေဖြစ်တဲ့ နေထိုင်စားသောက်မှု၊ ကိုယ်လက်လှုပ်ရှား စသဖြင့် သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
>> အိပ်ရေးပျက်ခြင်း
အိပ်ရေးဝဝအိပ်မယ်ဆိုရင် ခန္ဓာကိုယ်က အနားရပြီး ရောဂါပိုးတွေကို ပြန်တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်ထားနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်း စတဲ့ အခြေအနေအမျိုးမျိုး ကြုံတွေ့လာရနိုင်ခြေ များပါတယ်။ လူတိုင်းလိုအပ်တဲ့ အိပ်ချိန်ပမာဏ မတူကြပေမယ့် အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် တစ်ညလျှင် ပျမ်းမျှအိပ်ချိန် 7-9 နာရီခန့် လိုအပ်ပါတယ်။
>> စိတ်ဖိစီးခြင်း
စိတ်ဖိစီးမှုတွေ၊ ဖိအားတွေက ကိုယ်ခံအားကျစေပြီး အအေးမိ၊ တုပ်ကွေး အလွယ်တကူ ဝင်ရောက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပြီး ကျန်းမာစေဖို့အတွက် တစ်နေ့ကို နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။
Immunace 1
>> ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပုံစံရှိခြင်း
သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေ အလွန်အကျွံစားခြင်း၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် လုံလောက်စွာ မစားခြင်းတွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်ပြီး ခုခံအားစနစ်ကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုစားသောက်မှုပုံစံက အဝလွန်ခြင်းကိုဖြစ်စေပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့စဉ်စားသောက်မှုပုံစံမှာဆိုရင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် များများစားခြင်း၊ ပြုပြင်မထားသော အစေ့အဆံများ စားသုံးခြင်းနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့သောက်သုံးခြင်းတို့ ပါဝင်ပါတယ်။
>> ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့လာမှုတွေအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက ခန္ဓာကိုယ်ကနေ ပဋိပစ္စည်းနဲ့ ကိုယ်ခံအားဆဲလ်တွေ များများထွက်စေခြင်းအားဖြင့် ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ တစ်ပတ်ကို 5 ရက် တစ်နေ့လျှင် မိနစ် 20 ခန့် လမ်းလျှောက်မယ်ဆိုရင်တောင် ခုခံအားစနစ်ကို အကောင်းဆုံး ဆောင်ရွက်နေစေနိုင်ပါတယ်။
Immunace 2
>> အန္တရာယ်များသော လိင်မှုဆိုင်ရာ အမူအကျင့်များရှိခြင်း
အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုတွေကြောင့် HIV ပိုး ကူးစက်နိုင်ပြီး ခုခံအား ကျဆင်းစေနိုင်ပါတယ်။ လိင်ဆက်ဆံဖက်များခြင်း၊ ကွန်ဒုံးအသုံးမပြုဘဲ လိင်ဆက်ဆံခြင်းတွေက HIV ပိုး ကူးစက်နိုင်ခြေ များပါတယ်။
>> ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက ကိုယ်ခံအားကို လျော့ကျစေပြီး အအေးမိတုပ်ကွေးရောဂါ ဖြစ်လွယ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းကြောင့် ခုခံအားစနစ်က ကိုယ့်ရဲ့ အဆုတ်တစ်သျှူးတွေကို ပြန်တိုက်ခိုက်စေတဲ့အတွက် နာတာရှည်အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါတွေကို ပိုဆိုးစေပါတယ်။
>> အရက်အလွန်အကျွံ သောက်သုံးခြင်း
အရက်အလွန်အကျွံ သောက်သုံးခြင်းဖြင့် ပါးစပ်နဲ့ အစာပြွန်နံရံတွေကို တိုက်စားမှုတွေဖြစ်စေပြီး ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ဝင်ရောက်စေပြီး အအေးမိ၊ တုပ်ကွေးရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ အမျိုးသမီးတွေက တစ်နေ့ကို အရက် တစ်ခွက်ထက် ပိုမသောက်သင့်သလို အမျိုးသားတွေဆိုရင် 2 ခွက်ထက် ပိုမသောက်သင့်ပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























