/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခံအားကို-မြှင့်တင်ပေးနိုင်သော-နည်းလမ်း-၉-မျိုး-0

ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သော နည်းလမ်း (၉) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လူအများစုအနေနဲ့ တစ်နှစ်မှာအနည်းဆုံးတစ်ကြိမ်လောက် ရာသီအကူးအပြောင်းကာမှာ အအေးမိဝေဒနာ ကို ခံစားရလေ့ရှိပါတယ်။ ဒါပေမဲ့ အာဟာရပြည့်၀ပြီး ကိုယ်ခံအားကောင်းနေရင်တော့ ဖျားနာမှာကို စိတ်မပူရတော့ပါဘူး။ ဒါကြောင့် ဖျားနာခြင်းကင်းဝေပြီး ကိုယ်ခံအားကောင်းစေတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

 

1.   အကောင်းမြင်ပါ

        ပျော်ပျော်နေတတ်တဲ့သူတွေဟာ အအေးမိဝေဒနာကို အခြားသောသူများထက်ပိုပြီး ခံနိုင်ရည်ရှိတယ်လို့ Carnegie Mellon University မှ စိတ်ကျန်းမာရေးဆိုင်ရာ Professor Sheldon Cohen က ဆိုပါတယ်။ သူ့ရဲ့လေ့လာချက်များအရ အအေးမိနိုင်ချေဟာ အကောင်းမြင်ပြီး ပျော်ပျော်နေတတ်တဲ့သူတွေမှာ အခြားသူများထက် လျော့နည်းနေတာကို တွေ့ရကြောင်း ပြောကြားထားပါတယ်။ အကောင်းမြင်ဝါဒ ရှိသူတွေမှာ ကိုယ်ခံစွမ်းအားစနစ်ဆဲလ်တွေကို စုစည်းပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ cytokine  (ပရိုတင်း) ပမာဏကို လုံလုံလောက်လောက် ထုတ်ပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

 

2.   လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

        အမေရိကန်ဆေးပညာမဂ္ဂဇင်းမှ လေ့လာမှုများအရ လေ့ကျင့်ခန်းမလုပ်သူတွေမှာ အအေးမိနိုင်ချေ ပိုမိုများပြားတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။ လေ့ကျင့်ခန်းတစ်ခါလုပ်ပြီးတိုင်း ရောဂါပိုးများကို တွန်းလှန်နိုင်တဲ့ ဆဲလ်ပမာဏလည်း တိုးလာတယ်လို့ လေ့လာသူများက ပြောကြားထားပါတယ်။

 

3.   လက်ဆေးပါ။

        ရိုးရှင်းပြီးထိရောက်တဲ့နည်းလမ်းဆိုပေမယ့် လိုက်နာသူနည်းပါးနေပါသေးတယ်။ အအေးမိ ခြင်းမှကာကွယ်နိုင်ဖို့ ဆပ်ပြာနဲ့ရေသုံးပြီးလက်ကို စက္ကန့် ၂၀ လောက် ပွတ်တိုက်ဆေးကြောပါ။ သုတေသီများကလည်း အစာမစားမီနှင့် အစာစားပြီးအချိန်၊ အိမ်သာတက်ပြီးအချိန်၊ ချောင်းဆိုးပြီးချိန်နဲ့ ဖျားနာနေသူ၏ အသုံးအဆောင်များကို ထိတွေ့ပြီးချိန်တို့မှာ လက်ဆေးသင့်တယ်လို့ အကြံပြုထားပါတယ်။

 

4.   ဒိန်ချဉ်သောက်ပေးပါ

        ဒိန်ချဉ်ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းပါ။ ဒိန်ချဉ်မှာပါ၀င်တဲ့ အကျိုးပြုဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်ရဲ့ခုခံအားကို တိုးတက်ကောင်းမွန်စေပါတယ်။

 

5.   အရောင်အသွေးတောက်ပသော ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများ စားပါ

        သုတေသီများရဲ့ လေ့လာချက်အရ အရောင်အသွေးတောက်ပတဲ့ ဟင်းသီးဟင်းရွက် သစ်သီး၀လံ များဟာ ကိုယ်ခံအားကို မြှင့်တင်ရာမှာ အရေးပါတယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အသုပ်လုပ်စားတာအပြင် ဖျော်ရည်အဖြစ် ဖျော်သောက်ရင်လည်း ရေဓာတ်နှင့် အင်တီအောက်စီဒင့်ဂုဏ်သတ္တိ (ကင်ဆာကာကွယ်နိုင်ခြင်း၊ အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်ခြင်း)လည်း ရရှိစေပါတယ်။

 

6.   ဂျင်ဆင်းနှင့် စပီရူလိုင်းနားမှီ၀ဲပါ။

        ဆေးဘက်၀င်ဂျင်ဆင်းမြစ်ဟာ အအေးမိခြင်းအတွက် ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားကောင်းအောင် နေ့စဉ်အားဆေးအနေနဲ့လည်း သောက်သုံးကြပါတယ်။

       စိမ်းပြာရေညှိလို့ခေါ်တဲ့ Spirulina မှာ ဇင့် (သွပ်) ဓာတ်နှင့် ဗီတာမင်စီတို့ ကြွယ်၀စွာ ပါ၀င်ပါတယ်။ ဇင့် (သွပ်) က အအေးမိဝေဒနာကို သက်သာလျော့ပါးစေပါတယ်။ ဗီတာမင်စီက အအေးမိဝေဒနာဖြစ်တဲ့ကာလကို တိုတောင်းစေပါတယ်။ Spirulina ကို ရေရှည်စွဲသောက်ရင် ကိုယ်ခံစွမ်းအားကောင်းလာမယ်လို့ ယုံကြည်ကြပါတယ်။ သိပ္ပံနည်းကျစမ်းသပ်တာတွေကိုတော့ လုပ်ဆောင်ဆဲဖြစ်ပါတယ်။

 

7.   Vitamin  D ဓာတ်မှီ၀ဲပါ

        လေ့လာမှုများအရ ဗီတာမင် D ဓာတ်ချို့တဲ့မှုဟာ ပန်းနာရင်ကြပ်ရောဂါနဲ့ အအေးမိခြင်းစတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဗီတာမင် D ကို တစ်နေ့လျှင် 1,000 IU မှ 2,000 IU ကြားမှီ၀ဲပေးပါ။

 

8.   ဗီတာမင် B12 ကြွယ်၀စွာပါ၀င်သော အစားအစာများကို စားသုံးပါ။

        ဗီတာမင် B12ဟာ ကိုယ်ခံစွမ်းအားစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေတဲ့ အင်တီအောက်ဆီးဒင့် ဖြစ်ပါတယ်။ ဒါကြောင့် အအေးမိခြင်းမှ ကာကွယ်နိုင်အောင် ဗီတာမင် B12 ကြွယ်၀စွာပါ၀င်တဲ့  ဥအမျိုးမျိုး၊ အသား၊ ငါး၊ နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးပေးပါ။

 

9.  ကာကွယ်ဆေးထိုးထားပါ။

        တုပ်ကွေးမိတာအတွက် လိုအပ်သော ကာကွယ်ဆေးကို ကြိုတင်ထိုးထားပါ။ လူတစ်ယောက်ဟာ ကျန်းမာနေရင်တောင်မှ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများက အအေးမိဝေဒနာ ခံစားနေရမယ်ဆိုရင် ကိုယ်ကကာကွယ်ဆေး ကြိုမထိုးထားဘူးဆိုရင်တော့ တခြားလူများထံမှ အအေးမိဝေဒနာ ကူးစက်ခံရနိုင်ခြေပိုများပါတယ်။ ကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ပြန်ထိုးပေးဖို့တော့ လိုအပ်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)