/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခံအားမြင့်တက်စေဖို့-ဗီတာမင်ဒီရဲ့အရေးပါပုံ

ကိုယ်ခံအားမြင့်တက်စေဖို့ ဗီတာမင်ဒီရဲ့အရေးပါပုံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးသားနိုင်ငံများတွင်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ဗီတာမင်ဒီ ချို့တဲ့ခြင်းက ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် နေရောင်ခြည်ကို နေ့စဉ်ရရှိတာတောင်မှ လူဦးရေရဲ့ ၅၀-၉၀ ရာနှုန်းဟာ ဗီတာမင်ဒီ ချို့တဲ့ခြင်းနှင့် ရင်ဆိုင်နေရတုန်းပါပဲ။
ဗီတာမင်ဒီဟာ ကျွန်မတို့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ဖို့ အရေးကြီးသောလုပ်ဆောင်ချက်တွေကို တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။ အရိုးတွေ သန်မာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဖော့စ်ဖရပ်စ်နှင့် ကယ်လ်စီယမ်ကို ခန္ဓာကိုယ်ကနေ စုပ်ယူနိုင်ဖို့ ဗီတာမင်ဒီက ကူညီပေးတာပါ။

Ultra D3 1

လေ့လာချက်များအရ လုံလောက်သော ဗီတာမင်ဒီ ရှိနေပါက ကိုယ်ခံအား မြင့်တက်နေပြီး အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေကို ကာကွယ်နိုင်တာ တွေ့ရပါတယ်။ ဗီတာမင်ဒီဟာ ကောင်းမွန်သော ကိုယ်ခံအားစနစ်ကိုရရှိဖို့ လိုအပ်တဲ့ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။
ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုကို လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကနေ ကိုယ်ထဲသို့ ဝင်ရောက်လာသော ရောဂါပိုးတွေကို ကောင်းစွာ ခုခံတိုက်ထုတ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ နည်းပါးနေသူများဟာ ရောဂါပိုးတွေကို ခုခံရာတွင် အားနည်းနေတတ်တဲ့အတွက် ရောဂါပိုးဝင်ခြင်းနှင့် ကူးစက်ရောဂါများ၊ ကိုယ်ခံအားနှင့်ပတ်သက်သော ရောဂါများဖြစ်ဖို့ အလားအလာ များတတ်ပါတယ်။

Ultra D3 2

ကောင်းမွန်သော ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်လိုသူများအနေနှင့် ဗီတာမင်ဒီပြည့်ဝစဖို့ အားဆေးများသောက်ခြင်း၊ ဗီတာမင်ဒီပါသော အစားအစာများစားခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ဗီတာမင်ဒီပါသော အစားအစာတွေဟာ နည်းပါးတာကြောင့် ဗီတာမင်ဒီ ဖြည့်စွက်ထားသော အားဖြည့်စားတွေကို စားသုံးနိုင်ပါတယ်။ နေ့စဉ် နေရောင်ခြည်အောက်တွင် ၁၀ မိနစ်ခန့်နေခြင်းဖြင့်လည်း ဗီတာမင်ဒီကို သဘာဝအတိုင်း ရရှိနိုင်ပါတယ်။
ဒီနေရာမှာတော့ အသားညိုမည်းသူတွေမှာ မယ်လနင်များတဲ့အတွက် ဗီတာမင်ဒီထုတ်လုပ်မှု နည်းပါးနိုင်ပြီး ဗီတာမင်ဒီချို့တဲ့မှု ဖြစ်ပေါ်နိုင်ပါတယ်။ နေရောင်ခံခြင်း၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စသော ဗီတာမင်ဒီပါသော အစားအစာတွေစားခြင်း ဗီတာမင်ဒီ အားဆေးပြားများ မှီဝဲခြင်း၊ ဗီတာမင်ဒီ ဖြည့်စွက်ထားသော အစာများစားခြင်းဖြင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)