ကိုယ်တိုင်ချုပ်တဲ့ အဝတ်နှာခေါင်းစည်းတွေက သင့်ကို Covid-19 ကနေ အမှန်တကယ် ကာကွယ်ပါသလား
Covid-19 ကို ကာကွယ်ဖို့ နှာခေါင်းစည်း (mask) တပ်ခြင်းက မဖြစ်မနေ အရေးကြီးကြောင်း ကျွန်မတို့ အကုန်သိကြပြီး ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ mask တွေကို အလုအယက်ဝယ်ယူကြတာမို့ ဈေးကွက်မှာ mask များ ပြတ်တောက်ခြင်း၊ ဈေးမတန်တဆတက်ခြင်းစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာမို့ အဝတ် mask တွေနဲ့ အိမ်ချုပ် mask တွေကို အသုံးပြုလာတဲ့ လူတွေကိုလည်း တွေ့ရပါတယ်။ ဒီအခါမှာ အဝတ် mask တွေက သင့်ကို အမှန်တကယ် ကာကွယ်မှုပေးနိုင်၊ မပေးနိုင်ဆိုတဲ့ အချက်ကလည်း လူတွေကြား အငြင်းပွားဖွယ် ဖြစ်လို့လာပါတယ်။
● အမေရိကန်နိုင်ငံရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) များရဲ့ အကြံပေးချက်အရ အမေရိကန်လူမျိုးများအနေနဲ့ ဈေးသက်သာသော ကုန်ကြမ်း/အဝတ်စများဖြင့် လက်လုပ် mask တွေကို တပ်ဆင်သင့်တယ်လို့ ဆိုပါတယ်။
● Mask တွေဟာ နည်းလမ်း (၂) မျိုးနဲ့ ကာကွယ်ပေးပါတယ်။
Mask တပ်ထားသူရဲ့ နှာခေါင်းနဲ့ပါးစပ်က အမှုန်တွေကို ပြင်ပသို့မရောက်အောင် ကာကွယ်ပေးသလို ပြင်ပက အမှုန်တွေကိုလည်း mask တပ်ထားသူရဲ့ နှာခေါင်းနဲ့ပါးစပ်ထဲသို မဝင်အောင် ကာကွယ်ပေးပါသေးတယ်။
တကယ်တမ်းကတော့ အဝတ် mask တွေကို တပ်ခြင်းဖြင့် အပြည့်အ၀ မကာကွယ်နိုင်ပေမယ့်လည်း CDC ရဲ့ ညွှန်ကြားချက်အရ အဝတ် mask တွေကို တပ်ဆင်နိုင်ပါတယ်။
● လက်ရှိတွေ့ရှိချက်များအရ အချို့သောဗိုင်းရပ်စ်ကူးစက်ခံထားရသောသူများဟာ ဘာရောဂါလက္ခဏာမှ မပြသနိုင်ဘဲ လူကောင်းအတိုင်း နေထိုင်ရင်းနဲ့ ဘေးနားကလူတွေကို ရောဂါဖြန့်ဝေသူတွေ ဖြစ်နေတတ်ပါတယ်။
● ကိုရိုနာဗိုင်းရပ်စ်အနေနဲ့ တစ်ဦးနဲ့တစ်ဦး စကားပြောခြင်း၊ ချောင်းဆိုးနှာချေခြင်းတို့ကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် social distancing နည်းတွေကို လိုက်နာရမယ့်အပြင် မျက်နှာကို အနည်းဆုံး အဝတ် mask လောက်နဲ့တော့ ကာကွယ်ထားသင့်တယ်လို့ CDC က အကြံပေးပါတယ်။
● N95 ကဲ့သို့ mask တွေကတော့ အမှုန်အမွှားနဲ့ ရောဂါပိုးကို ပိုမိုကာကွယ်နိုင်တာ မှန်ပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းများနဲ့ ရှေ့တန်းက ဆရာဝန်၊ သူနာပြုတွေအတွက်သာ ပိုမိုဦးစားပေးသင့်ပါတယ်လို့ CDC က အကြံပြုပါသေးတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























