ကိုယ်တိုင်လုပ် စွပ်ပြုတ်ပူပူလေးက ကျန်းမာရေးအတွက် အကောင်းဆုံးပါတဲ့
မိုးအေးအေးနဲ့ ကွေးနေရတဲ့ရက်တွေ၊ အေးမြတဲ့ ဆောင်းကာလတွေအတွက် ပူနွေးတဲ့ အငွေ့တထောင်းထောင်းထနေတဲ့ စွပ်ပြုတ်လေးတစ်ခွက်လောက်ထက် ကောင်းတာမရှိတော့ပါဘူး။
● ကြက်ရိုး၊ ဝက်ရိုးတွေကို ရေစင်စင်ဆေးပြီး အိုးထဲထည့်ပြုတ်ပါ၊ ချင်း၊ ကြက်သွန်ဖြူ ထောင်းထည့်ပါ။ အရိုးနူးလာတဲ့အထိ ကြာကြာပြုတ်ရပါမယ်။
● အရိုးစွပ်ပြုတ်ကို စားခါနီးကျမှ စိမ်းစိုလန်းဆန်းတဲ့ အသီးအရွက်လေးတွေ ခတ်ပြီး ငရုတ်ကောင်းလေးနဲ့ တရှူးရှူး မှုတ်သောက်နိုင်ပါပြီ။
● စွပ်ပြုတ်ကျဲကျဲကို ဘူးလေးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးပါ။ နောက်တစ်ရက်မှ ပြန်နွှေးပြီး သောက်တဲ့စွပ်ပြုတ်က ပိုမိုအရသာ ရှိနေတတ်တယ်လေ။
● ပန်းမုန်လာ၊ မုန်လာဥနီ၊ ခေါက်ဆွဲ၊ အမဲသား၊ ပဲတောင့်ရှည်လေးတွေ ထည့်လိုက်တဲ့အခါ ပိုမိုလေးပင် အရသာရှိတဲ့အပြင် အာဟာရလည်း ဖြစ်စေပြီပေါ့။
စွပ်ပြုတ်တစ်ပွဲဟာ အင်မတန်လွယ်ကူပါတယ်။ အရိုးလေးနူးအောင် အရင်ပြုတ်ရတာ တစ်ခုပါပဲ။ အရိုးမထည့်ချင်လည်း အသားလေးတွေကို ပါးပါးသေးသေးတုံးပြီး အသာလေး ပစ်ထည့်ထားလိုက်ရင် ချိုမြနေမှာပဲနော်။
စွပ်ပြုတ်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဓိကအစိတ်အပိုင်းက အချိုမှုန့်မလိုဘဲ အသားဓာတ်ကြောင့် ချိုမြလေးပင်တဲ့ အရသာရရှိတာရယ်၊ ဟင်းရည်ထဲကို ထည့်မယ့် လတ်လတ်ဆတ်ဆတ် အသီးအနှံတွေကို ချက်ချင်း ဆယ်ယူစားရတဲ့အတွက် ဗီတာမင် အပြည့်အဝနဲ့ အမျှင်ဓာတ်ပါ တစ်ပါတည်း ရရှိစေတာတွေ ဖြစ်ပါတယ်။
>> Wonder soup လို့ခေါ်တဲ့ ဝိတ်ကျစေတဲ့ စွပ်ပြုတ်မှာ ကြက်သားပြုတ်ရည်အပြင် ဘာတွေထည့်သင့်သလဲ?
● မုန်လာထုပ် တောက်တောက်စင်း
● ကြက်သွန်နီ လေးစိတ်
● မုန်လာဥနီစိတ် အနည်းငယ်
● ငရုတ်ပွတောင့်လှီးဖြတ်ပြီး သုံးစိတ်
● ကြက်သွန်ဖြူ နှစ်တက်ထောင်းပြီး
● ကြက်သားတုံးငယ် ငါးတုံးခန့်
● ခရမ်းချဉ်သီးလေးစိတ် တို့ဖြစ်ပါတယ်။
ကြက်သားပြုတ်ရည်လေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အာဟာရတန်ဖိုး မြင့်တက်လာပြီး အဆီနည်းတဲ့အပြင် ကျန်းမာရေးနဲ့ အလွန်ညီညွတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
အသီးအရွက် ခတ်ထားတဲ့ အရိုးစွပ်ပြုတ်လေးတွေ မိမိဉာဏ်ရှိသလို ဖန်တီးသောက်သုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေသလဲဆိုတော့ -
● အရိုးအဆစ်တွေကို ခိုင်မာစေပါတယ်။
● အူလမ်းကြောင်း သန့်ရှင်းစေပါတယ်။
● အစာကြေလွယ်စေပါတယ်။
● ကိုယ်ခံအားကို သိသိသာသာ တက်စေပါတယ်။
● ကိုယ်တွင်း အဆိပ်အတောက်တွေ ပြေစေပါတယ်။
● ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးပြီး ဆဲလ်အသစ်တွေ တိုးပွားစေပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























