/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ရည်ကိုယ်သွေးနှင့်-စိတ်ကျန်းမာမှုဟာ-ဖောက်ပြန်တာတွေနဲ့

ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ကျန်းမာမှုဟာ ဖောက်ပြန်တာတွေနဲ့ ဆိုင်နေမလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမေရိကန်က သုတေသနပညာရှင်တွေဟာ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်ပေါင်း ၄၉၅ ယောက်ကို မေးမြန်းသုတေသန ပြုထားကြပါတယ်။ ဖောက်ပြန်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး ဆက်စပ်မှုကို ဆက်စပ် အနှစ်ချုပ် ထုတ်ပြန်ခဲ့ပါတယ်။

 

>>    ဘာလို့ဖောက်ပြန်လဲ စစ်တမ်းကောက်ကြည့်တဲ့အခါ ...

●        အချစ်ခံရတယ်လို့ မခံစားရတော့လို့ ပါတဲ့။ ပထမရည်းစား၊ ချစ်သူ၊ ခင်ပွန်းရဲ့ အာရုံစိုက်မှု၊ ချစ်မြတ်နိုးမှု ပြသတာ နည်းပါးသွားတဲ့အခါ အချစ် မခံရတော့ဘူးလို့ ခံစားလာရလို့ နောက်တစ်ယောက် ရှာချင်လာပါတယ်။

●        စိတ်ဝင်စားမှု အထူးအဆန်း အသစ်တစ်ခုအဖြစ်၊ လိင်ဆက်ဆံရေးမှု ဘဝအသစ်တစ်ခုကို မတူညီတဲ့ အဖော်တစ်ယောက်နဲ့ ဖြစ်ဖို့တောင့်တလို့ပါတဲ့။

●        ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေး ယိုယွင်းလာပြီး အချင်းချင်း ရင်ဖွင့်တာတွေ မျှဝေတာတွေ နည်းပါးသွားလို့ပါတဲ့။

●        တချို့တွေက အရက် သိပ်မူးသွားလို့ပါတဲ့။ ကလပ်တက်၊ ပါတီတက်တာတွေ၊ ကေတီဗွီစင်တင်တွေ ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီအကြောင်းကို ယုံရခက်ကြမှာလား။

●        မိမိကိုယ်ကိုယ် ယုံကြည်မှု တက်လာစေဖို့ပါတဲ့။ လိမ္မာနေရတာကို ငြီးငွေ့လာပြီး စိတ်အင်အားတက်ဖို့ အသစ်ရှာခြင်းဖြင့် ပေါ်ပြူလာ ဖြစ်ချင်လာတာ ဖြစ်ပါတယ်။

●        ဒေါသထွက်လွန်းလို့ပါတဲ့။ မိန်းမအပေါ်၊ ရည်းစားအပေါ် စိတ်တိုဒေါသထွက်ရတာဟာ ဖောက်ပြန်ဖို့ အကြောင်းကောင်းတစ်ခုပါ။ ဖောက်ပြန်လိုက်ပြီး ကလဲ့စားချေလိုတာ ဖြစ်ပါတယ်။  စာရေးဆရာကြီး ရွှေဥဒေါင်းဟာ သူ့ရဲ့ဒုတိယဇနီးက  မိခင်၊ ဖခင်တွေအပေါ် မလေးမစားလုပ်မှုနဲ့ ဒေါသ အကြီးအကျယ်ထွက်ပြီး ဒုတိယဇနီးကို စွန့်ခွာထားရစ်ခဲ့တဲ့အကြောင်း တစ်သက်တာမှတ်တမ်းစာအုပ်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

●        အဲ ... သုံးပုံတစ်ပုံကတော့ ရှင်းပါတယ်။ လိင်ဆက်ဆံဖော် အသစ်လိုချင်လို့ပါတဲ့။ နောက်ပြီး လိင်ဆက်ဆံဖော် အသစ် လိုချင်လို့ပါလို့ ဖြေခဲ့တဲ့သူ အများစုက အမျိုးသားတွေချည်းပါပဲတဲ့။ ဒီတော့ အမျိုးသမီးတွေထက် အမျိုးသားတွေက ဖောက်ပြန်ဖို့ ပိုရာနှုန်းများနေတာလို့ ဝမ်းနည်းစွာပဲ ပြောရလေမလား။

 

          အဖြေတွေကို ကြည့်ခြင်းဖြင့်  အမျိုးသမီးတွေဟာ ဖောက်ပြန်ခံရဖို့ အလားအလာ အရှိဆုံးလူတွေ ဖြစ်နေတတ်ပါတယ်။ ဖောက်ပြန်တာတွေရဲ့ အကြောင်းရင်းကို လိုက်မယ်ဆိုရင် တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ ဖောက်လွဲဖောက်ပြန် ပြုမူတတ်တာတွေနဲ့ သက်ဆိုင်လျက် ရှိပါတယ်။ အဖြေ အတော်များများမှာ ကိုယ်ရည်ကိုယ်သွေးပြဿနာတွေကို ထင်ဟပ်ပြနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး နိမ့်ပါးတာ၊ ပြည့်ပြည့်၀၀ စိတ်မကျန်းမာတာတွေလို့ နာမည်တပ်ရပါမယ်။

●        ဒေါသကြီးတာ

●        ကလဲ့စားချေလိုစိတ် လွန်ကဲတာ

●        အချစ်ခံချင်တာ၊ ဂရုစိုက်မှု ဇွတ်တရွတ် တောင့်တတာမျိုး

●        စိတ်မလုံခြုံတာ

●        လျစ်လျူရှု ခံရတယ်လို့ ခံစားနေရတာ

●        ငြီးငွေ့လွယ်တာ

●        မပွင့်လင်းတာ

          တကယ်တော့ ပြဿနာ အတော်များများ ဖောက်ပြန်တဲ့ အကြောင်းအရင်း နောက်ကွယ်များ နောက်ကွယ်မှာ ဖောက်ပြန်သူရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးနဲ့ ပတ်သက်ဆက်စပ်နေတာ တွေ့ရမှာပါ။

          ဒါတွေက ကိုယ်ရည်ကိုယ်သွေး ပြဿနာတွေသာဖြစ်ပြီး ဖောက်ပြန်ဖို့ အကြောင်းတွေအတွက် တွန်းပို့ပေးလျက်ရှိပါကြောင်း သုတေသနလေးတစ်ခုကို အခြေပြုပြီး စိတ်ပိုင်းဆိုင်ရာ အသိပညာ မျှဝေလိုက်ရပါတယ်။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)