ကိုယ်ရည်ကိုယ်သွေးရောဂါ
ဒီလူကတော့ လူ့ခွစာ၊ သူကတော့ ပုံမှန်မဟုတ်ဘူး စသည်ဖြင့် အရပ်ထဲမှာ ပြောလေ့ပြောထ ရှိကြပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ရောဂါလို့ သတ်မှတ်နိုင်မလဲ။
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် မူတည်ပြီး ကိုယ်ရည်ကိုယ်သွေးဆိုင်ရာရောဂါဆိုတာ ဖြစ်ပေါ်လာပါတယ်။
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာရောဂါတွေကို စိတ်ပိုင်းဆိုင်ရာပြဿနာစုများအနက် တစ်ခုအဖြစ် သတ်မှတ်ပြီး ကုသမှုခံယူပါက ပြန်လည်ကောင်းမွန်နိုင်ပါတယ်။
>> ရောဂါလက္ခဏာများ
● ချစ်ခင်ရင်းနှီးပြီး အပြန်အလှန်လေးစားသော ပေါင်းသင်းဆက်ဆံရေး/စုံတွဲဆက်ဆံရေးများကို ကြာရှည်မထိန်းသိမ်းနိုင်ခြင်း
● မိမိဖြစ်တည်မှု၊ မိမိ၏အတွင်းသဘောများကို သိရှိနိုင်စွမ်းမရှိခြင်း
● စိတ်တိုလွယ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း
● အကြမ်းဖက်ခြင်း၊ သူတပါးအားခိုင်းခြင်း၊ ထိန်းချုပ်လွှမ်းမိုးလိုခြင်း၊
● ကြောက်လန့်ခြင်း၊ သူများနှင့် ဆန့်ကျင်ဘက်အပြုအမူရှိခြင်း
● မူးယစ်ဆေးနှင့်အရက် နှစ်သက်ခြင်း
● စိတ်ဖိစီးပါက အထက်ပါလက္ခဏာများ ပိုဆိုးလာခြင်း
● လူအများနှင့် မရောထွေးဘဲ တစ်ကိုယ်တည်းနေရတာကြိုက်ခြင်း
● အစားစားခြင်းဆိုင်ရာ ပြဿနာများ၊ စိတ်ပူပန်မှု၊ စိတ်ကျခြင်းစသော စိတ်ပိုင်းဆိုင်ရာပြဿနာများရှိခြင်း
● လိင်မှုဆိုင်ရာပြဿနာများ
● သတ်သေဖို့ကြိုးပမ်းခြင်း စသည်တို့ ဖြစ်ပါတယ်။
>> ကုသနည်း
● အခြားသောစိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်တဲ့ စိတ်ပူပန်မှုများခြင်း၊ စိတ်ကျခြင်း စသည်တို့ကို အဖြေရှာရင်းကနေ ကိုယ်ရည်ကိုယ်သွေးရောဂါကို အဖြေရှာတွေ့တတ်ပါတယ်။
● ကိုယ်ရည်ကိုယ်သွေးရောဂါကို A, B, C ဆိုပြီး အုပ်စုသုံးခု ခွဲထားပါတယ်။
** A အုပ်စုကတော့ Paranoid Personality Disorder (PPD) ဖြစ်ပြီး ဒီအုပ်စုဝင်များဟာ သူတပါးအပေါ် သံသယကြီးခြင်း၊ မယုံကြည်ခြင်း၊ အငြိုးကြီးခြင်း၊ ဝေဖန်မှုမခံနိုင်ခြင်းစတဲ့ လက္ခဏာများစွာ ပိုင်ဆိုင်တတ်ကြပါတယ်။
** B အုပ်စုကတော့ အလွန်စိတ်အတက်အကျမြန်သူများဖြစ်ပြီး ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း မရှိကြပါဘူး။
** C အုပ်စုကတော့ ကြောက်လန့်စိုးရိမ်စိတ်ကြီးခြင်း၊ တစ်ကိုယ်တည်းနေလိုခြင်းနှင့် မိမိကိုယ်ကို လေးစားခြင်း ပျောက်ဆုံးနေကြသူများ ဖြစ်ပါတယ်။
● ကိုယ်ရည်ကိုယ်သွေးရောဂါ အနုစားနှင့် အလယ်အလတ်အဆင့်များကို စိတ်ရောဂါဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် ပြန်လည်သက်သာစေနိုင်ပါတယ်။ လိုအပ်ပါက စိတ်ငြိမ်သက်စေမယ့် ဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်ဖြင့် သောက်သုံးရမှာ ဖြစ်ပါတယ်။
● ကိုယ်ရည်ကိုယ်သွေးရောဂါများဟာ မျိုးရိုးဗီဇ၊ ဘဝဖြတ်သန်းပုံနှင့် သူတပါးတို့နှင့် ဆက်ဆံရေး မပြေလည်မှုတွေကနေ စတင်အခြေခံခဲ့တာဖြစ်ပြီး နုနယ်သောအဆင့်မှာ လိုအပ်သော ကုသမှုခံယူပါက ပျောက်ကင်းနိုင်ပြီး ပျော်ရွှင်အောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























