ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ကိုယ်ခံအားကောင်းစေပါတယ်
ကျွန်မတို့ကိုယ်ခန္ဓာတွင်းသို့ ရောဂါပိုးမွှားတွေ မဝင်ရောက်စေဖို့အတွက် ကိုယ်ခံအားစနစ်က ကာကွယ်တိုက်ထုတ်ပေးနေခြင်း ဖြစ်ပါတယ်။ ယခုလို ကိုဗစ်ကာလမှာဆိုရင် ကိုယ်ခံအားကောင်းနေဖို့က အဓိက အရေးကြီးလှပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်အောင်စားခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတို့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကလည်း လိုအပ်တဲ့အချက်တစ်ခုဖြစ်နေတာ တွေ့ရှိရပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကိုယ်ခန္ဓာကို ရေတိုဖိစီးမှုတစ်ခု သက်ရောက်စေပါတယ်။ ဒီလိုဖိအားသက်ရောက်ခြင်းဟာ မှန်ကန်တဲ့ပြင်းအားရှိမယ်ဆိုပါက ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ ဒီနည်းဖြင့် ကိုယ်ခံအားစနစ် တပ်သားတွေရဲ့ လုပ်ငန်းဆောင်တာတွေဟာ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်တာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ ကိုယ်ခံအားကို မြှင့်တင်နိုင်ဖို့ရာ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေကို ကြိုးစားလုပ်ဆောင်ကြည့်ကြပါလား။
● သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်းဆိုတာ ပြင်းအားအနေအထား ၁၀ တွင် ၅ လောက်ရှိတာမျိုးဖြစ်ပြီး သင့်ကို သွေးပူအောင် ပြုလုပ်ပေးနိုင်သော အနေအထားတွင် ရှိရပါမယ်။ သင့်တင့်သော လေ့ကျင့်ခန်းဆိုတာဟာ လေ့ကျင့်ခန်းလုပ်နေစဉ် သင် စကားကောင်းစွာပြောနိုင်ရမှာဖြစ်ပြီး သီချင်းတော့ ဆိုနိုင်လိမ့်မှာ မဟုတ်ပါဘူး။ ကိုဗစ်ကာလမှာ social distancing နည်းလမ်းများအရ ပြုလုပ်နိုင်မယ့် အသင့်အတင့် လေ့ကျင့်ခန်းတွေအနေနှင့် ခွေးကျောင်းထွက်ခြင်း၊ အိမ်တစ်ပတ်လမ်းလျှောက်ခြင်း စသဖြင့် မိမိနှင့်အဆင်ပြေရာ ရွေးချယ်နိုင်ပါတယ်။ တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် တစ်ဆက်တည်း ပြုလုပ်နိုင်သလို အချိန်ခွဲပြီးလည်း လုပ်ဆောင်နိုင်ပါတယ်။
● ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းတွေကတော့ ပြင်းအား ၁၀ တွင် ၇ လောက်ထိ ရှိနိုင်ပြီး ပြုလုပ်နေစဉ် စကားမပြောနိုင်လောက်အောင် မောပန်းနိုင်ပါတယ်။ ကိုဗစ်ကာလမှာ social distancing နည်းလမ်းများအရ ပြုလုပ်နိုင်မယ့် ပြင်းထန်လေ့ကျင့်ခန်းတွေအနေနှင့် ခပ်သွက်သွက် လမ်းလျှောက်ခြင်း ၊ Zumba ကခြင်း၊ လက်ဝှေ့ထိုးခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ တစ်နေ့ကို ပြင်းထန်လေ့ကျင့်ခန်း ၁၅ မိနစ်စာ သို့မဟုတ် အတန်သင့်လေ့ကျင့်ခန်း မိနစ် ၃၀ ပြုလုပ်သင့်ပါတယ်။
အခုဖော်ပြပေးသွားတဲ့ အသင့်အတင့်နှင့် ပြင်းထန်လေ့ကျင့်ခန်းတွေကို မှန်ကန်စွာ ပေါင်းစပ်လုပ်ဆောင်မယ်ဆိုရင်တော့ ကိုယ်ခံအားကို မြင့်တက်စေပြီး ကျန်းမာရေးကောင်းစေမှာ ဖြစ်တယ်နော်။ နောက်ပြီး စိတ်နှင့်ခန္ဓာကိုလည်း လန်းဆန်းတက်ကြွစေမှာဖြစ်လို့ နေ့စဉ်မှန်မှန်လေ့ကျင့်ခန်းများ ပြုလုပ်ကြည့်ဖို့ အကြုံပြုလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























