ကိုယ်လက်လှုပ်ရှားရင်း ရုတ်တရက် နှလုံးရပ် သေဆုံးခြင်းမဖြစ်မီ နိမိတ်ပြလက္ခဏာများ
သရုပ်ဆောင် အဆိုတော် မင်းသွေး ဘောလုံးကစားနေရင်း ရုတ်တရက် သေဆုံးသွားတဲ့သတင်းကို ဖတ်ရင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနဲ့ နှလုံးရပ်သေဆုံးတာကို ဆင်ခြင်တွေးတောစရာ ဖြစ်လာပါပြီ။
>> လေ့ကျင့်ခန်းလုပ်ရင်း လူတွေ ဘာကြောင့် ကွယ်လွန်ကြတာလဲ?
လေ့ကျင့်ခန်းလုပ်ပြီး သိပ်မောပြီး ရေငတ်နေချိန်မှာ ရေတွေ အများကြီး သောက်ချလိုက်တာဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေပါ။ ခန္ဓာကိုယ်က အပူတွေတက်နေပြီး သိပ်မောနေမယ်၊ ရေသိပ်ငတ်နေချိန် ရေတွေ အလွန်အကျွံ မော့ချလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲက ဆားဓာတ်ဖြစ်တဲ့ ဆိုဒီယမ်ပမာဏ ရုတ်တရက် ထိုးကျသွားပြီး အသက်အန္တရာယ် ထိခိုက်သည်ထိ သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။
ရုတ်တရက် နုံးခွေလာတာ၊ သိပ်မောလာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်လာတာလေးတွေနဲ့ အရင်ဆုံး နိမိတ်ပြလေ့ရှိပါတယ်။
>> လေ့ကျင့်ခန်းလုပ်နေတုန်း နှလုံးခုန် မရပ်တန့်ခင် နှလုံးမထိခိုက်ခင် ဘယ်လိုနိမိတ်တွေ ပြတတ်ပါသလဲ?
● ခေါင်းတရိပ်ရိပ်နဲ့ မူးလာမယ် - ခေါင်းမူးလာတာဟာ နှလုံးသွေးစီးဆင်းမှု ကျဆင်းလာတဲ့လက္ခဏာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်း ခေါင်းတရိပ်ရိပ်နဲ့ မူးလာရင် ချက်ချင်းရပ်တန့် အနားယူလိုက်ပါ။
● ချွေးစီးတွေ ပြန်လာမယ် - ဒီနေရာမှာ ချွေးစီးပြန်တာနဲ့ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်တာနဲ့ သိပ်ကွာပါတယ်။ ချွေးစေးတွေက လက်တွေ၊ ခြေထောက်တွေမှာဖြစ်လာပြီး ခြေဖျားလက်ဖျားတွေပါ ရုတ်တရက် အေးစက်လာပါတယ်။
● ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ နေလို့မကောင်းခြင်း - ဥပမာ လည်ပင်း၊ ပခုံး၊ မေးရိုးနေရာတွေမှာ ထုံလာကျင်လာခြင်း၊ တဆစ်ဆစ် ကိုက်ခဲလာခြင်း၊ ဗိုက်ထဲမှာ တစ်မျိုးကြီး ခံစားလာရခြင်း စတာတွေ ဖြစ်လာရင် လေ့ကျင့်ခန်းကို ချက်ချင်းရပ်တန့်ပစ်လိုက်ပါ။
● ရင်ဘတ်ထဲမှာ နေမထိထိုင်မသာ ဖြစ်လာခြင်း၊ ရင်ဘတ်စူးအောင့်ခြင်း - နှလုံးသွေး မလုံလောက်တဲ့အခါ နှလုံးကြွက်သားတွေ ညောင်းညာလာပြီး ရင်ဘတ်အောင့်လာပါတယ်။ အောင့်တာက ပခုံးနဲ့မေးရိုးတွေပါ ကျင်တက်လာတတ်သလို ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်လာရင်လည်း လေ့ကျင့်ခန်းကို ချက်ချင်းရပ်တန့်ပြီး ဆေးခန်းပြသပါတော့။
● ရုတ်တရက် မောလာတာဟာ နှလုံးသွေးငတ်တာရဲ့ အဓိကလက္ခဏာပါ။ ခါတိုင်းထက် သိပ်မောနေပြီ မူမမှန်ဘူးလို့ ထင်နေခဲ့ရင် ချက်ချင်း ဆေးအကူအညီယူပါ။
● နှလုံးခုန်မြန်လာတာ ရင်တွေတလှပ်လှပ် ဖြစ်လာတာတွေက နှလုံးခုန် မမှန်ကန်တာ နောက်ဆက်တွဲ ပြဿနာဝင်မှာကို နိမိတ်ဖတ်နေပါပြီ။ ပုံမှန်ထက် မြန်နေပြီ၊ ရင်ထဲမှာ သိပ်ကို တလှပ်လှပ်ဖြစ်နေပြီဆိုရင် ရပ်တန့်ပြီး ဆေးကုသမှု ချက်ချင်းယူပါတော့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























