/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်လက်လှုပ်ရှား-လေ့ကျင့်ခန်းတွေက-သွေးတိုးကျစေပါတယ်

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေက သွေးတိုးကျစေပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လေ့ကျင့်ခန်းက သွေးတိုးကျစေဖို့အတွက် ဆေးတစ်ပါးလိုပဲဆိုတာကို သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

          ပုံမှန်လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အလေးမခြင်း စတာတွေက သွေးတိုးကျဆေးတွေ သောက်သလိုပဲ သွေးတိုးကို ကျစေပါတယ်။ သွေးတိုးရောဂါက လူကြီး ၃ ယောက်မှာ တစ်ယောက်လောက် ခံစားနေရပါတယ်။ သွေးတိုးက နှလုံးတိုက်ခိုက်ခံရမှုနဲ့ လေဖြတ်ခြင်းတွေကို အဖြစ်များစေပါတယ်။ ဒါပေမဲ့လည်း အရမ်းနောက်ကျတဲ့အထိ လက္ခဏာမပြတဲ့အတွက်  လူအများစုက သတိမမူမိကြပါဘူး။

          သွေးတိုးတာကို ကောင်းကောင်း မထိန်းနိုင်တဲ့အတွက် လေဖြတ်ခြင်းနဲ့ နှလုံးတိုက်ခိုက်ခံရခြင်းကြောင့် နှစ်စဉ် လူပေါင်း ၆၂၀၀၀ လောက် သေဆုံးနေပါတယ်။ ဒါကြောင့်လည်း ဆရာဝန်တွေက ပိုမိုထိရောက်တဲ့ကုထုံးတွေကို ရှာဖွေနေပါတယ်။

          US မှာရှိတဲ့ တက္ကသိုလ်တစ်ခုက သုတေသီတွေက လူပေါင်း ၃၉၇၀၀ ပါဝင်တဲ့ စမ်းသပ်မှု ၃၉၁ ခုက ရလဒ်တွေကို စုစည်းခဲ့ပါတယ်။ ဒီအခါမှာ လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနဲ့ အလေးမခြင်း၊ ဒိုက်ထိုးခြင်း စတဲ့ လေ့ကျင့်ခန်းတွေလုပ်ခြင်းက သွေးတိုးရှိတဲ့သူတွေမှာ သွေးပေါင်ကို ပုံမှန်ပမာဏရောက်အောင် ထိန်းထားနိုင်တာကို တွေ့ရပါတယ်။ လူနာတွေအနေနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဖို့ လိုပါတယ်။

          ဒီလိုဆိုပြီးတော့ ဆရာဝန်ကို မတိုင်ပင်ဘဲနဲ့ သောက်နေကျဆေးတွေကိုတော့ မရပ်လိုက်သင့်ပါဘူး။  သမားတော်တွေကလည်း ဆေးပေးတာအပြင် လေ့ကျင့်ခန်းပါတွဲပြီးလုပ်ဖို့ အကြံပြုကြပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)