ကိုယ်အလေးချိန်က အပြောင်းအလဲ မြန်တတ်သလား?
မေး - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို သေချာလိုက်နာပြီး လေ့ကျင့်ခန်းကိုလည်း သေချာလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နေ့လယ်ဘက် ပေါင်ချိန်ကြည့်တဲ့အခါ မနက်ကထက် ၁ ပေါင် ပိုတက်နေတယ်။ ဘာလို့ ဒီလိုဖြစ်ရသလဲ။
ဖြေ - ကိုယ်အလေးချိန်က တစ်နေ့ထဲမှာပဲ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေပမာဏ အပြောင်းအလဲကြောင့်ပါ။ ခန္ဓာကိုယ်ထဲက ရေပမာဏက အချိန်အမျိုးမျိုးမှာ မတူညီကြပါဘူး။ ဥပမာပြောရရင် ဘာမှမသောက်ဘဲ အကြာကြီးနေပြီး မနက်စောစော နိုးလာတဲ့အချိန် ပေါင်ချိန်ကြည့်လိုက်တဲ့အခါမှာ နေ့လယ်ဘက်တွေထက် ပေါင်ချိန် လျော့နေတတ်ပါတယ်။
ခန္ဓာကိုယ်ထဲက ရေဓာတ်ပမာဏနဲ့ ကိုယ်အလေးချိန်အပေါ်မှာ အကျိုးသက်ရောက်တဲ့ အခြားအကြောင်းအရင်း များစွာရှိပါသေးတယ်။ ဥပမာအားဖြင့် - အမျိုးသမီးတစ်ယောက်က သူမရဲ့ ရာသီစက်ဝန်းအချိန်အပေါ်မှာ မူတည်ပြီး ကိုယ်အလေးချိန် အပြောင်းအလဲရှိပါတယ်။ ဒါ့အပြင် အငန်တွေ စားပြီး နောက်နေ့ဆိုရင် ကိုယ်အလေးချိန် ပိုတက်တတ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























