ကိုယ်အလေးချိန်ထိန်းဖို့ လမ်းလျှောက်ကြရအောင်
ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းဖြင့် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။ အသိသာဆုံးအကျိုးကျေးဇူးတစ်ခုမှာ ကျန်းမာသက်ရှည်ခြင်းဖြစ် ပါသည်။ ပြေးခြင်းနှင့်ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်မလုပ်လိုသူတို့အဖို့ အချိန်နေရာမရွေး လုပ်ဆောင်နိုင်သော လမ်းလျှောက်ခြင်းကို လုပ်ဆောင်သင့်သည်။
1. လမ်းလျှောက်စဉ် လေ့ကျင့်ခန်းလုပ်ပေးခြင်း
လမ်းလျှောက်ရာတွင် ခေတ္တနားချိန်ထား၍ နားချိန်အတွင်း ဒိုက်ထိုးခြင်း (15) ကြိမ်၊ ထိုင်ထလေ့ကျင့်ခန်း အကြိမ် (40)နှင့် လက်ဆန့်ခုန်ခြင်း အကြိမ် (40) ပြုလုပ်ပေးခြင်းဖြင့် အပြေးလေ့ကျင့်ခန်းလုပ်ဆောင်ရန်မလိုဘဲ ကိုယ်တွင်းကယ်လိုရီစွမ်းအင်ဓာတ်များ ပိုမိုလောင်ကျွမ်းစေပါသည်။
2. လမ်းသွက်သွက်လျှောက်ခြင်း
ခပ်သွက်သွက်လမ်းလျှောက်ခြင်းက ကိုယ်အလေးချိန်လျော့ကျရေးကို ပိုမိုအထောက်အကူပြုပြီး လမ်းဝေးဝေးလျှောက်ခြင်းနည်းတူ လမ်းလျှောက်သည့်အရှိန်ကလည်းအရေးပါပါသည်။ တစ်ပတ်လျှင် 5 ရက်၊ 6 ရက်ခန့် (လိုအပ်လျှင် တစ်ပတ်လုံး) 45 မိနစ်မှ 1 နာရီခန့် လမ်းလျှောက်ပေးသင့်သည်။
3. စိတ်ပြေလက်ပျောက်လမ်းလျှောက်ခြင်း
ခန္ဓာကိုယ်သွယ်လျလှပရန်အတွက်သာမက စိတ်အပန်းဖြေလိုသူတို့အဖို့လည်း တစ်နေ့လျှင်နှစ်ကြိမ်ခန့် လမ်းကြာကြာလျှောက်သင့်သည်။ လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး စိတ်ကိုလန်းဆန်းကြည်လင်စေပါသည်။ ပန်းခြံ (သို့မဟုတ်) အိမ်အနီးပတ်ဝန်းကျင်တွင် လမ်းလျှောက်နိုင်ပြီး လမ်းလျှောက်ခြင်းဖြင့် နှလုံးကျန်းမာရေးကိုအထောက်အကူပြုသည့်အတွက် အသက်ပိုရှည်စေပါသည်။
4. လမ်းဝေးဝေးလျှောက်ခြင်း
ကိုယ်အလေးချိန်လျှော့ချလိုသူတို့အဖို့ တစ်ပတ်လျှင်အနည်းဆုံးနှစ်ကြိမ်ခန့် ပုံမှန်ထက်မိုင်အနည်းခန့်တိုး၍ လမ်းပိုဝေးဝေးလျှောက်ပေးသင့်သည်။ ဥပမာ - ပုံမှန် 3 မိုင်၊ 4 မိုင်ခန့်လျှောက်လေ့ရှိပါက 2 မိုင်၊ 3 မိုင် ထပ်မံတိုးလျှောက်ပေးလျှင် ကိုယ်အလေးချိန်မှာ ပိုမိုသိသိသာသာလျော့ကျမည်ဖြစ်သည်။
5. အစုအဖွဲ့နှင့်လမ်းလျှောက်ပေးခြင်း
မိမိ၏မိသားစုဝင်များ၊ ဆွေမျိုးများ၊ အိမ်နီးနားချင်းများနှင့်အတူ အုပ်စုဖွဲ့လမ်းလျှောက်ပေးခြင်းဖြင့် ပိုမိုပျော်ရွှင်ဖွယ်ကောင်းပြီး ကိုယ်ခန္ဓာအလေးချိန်အတူလျှော့ချဖြစ်သည့်နည်းတူ ပိုမိုရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကိုလည်းတည်ဆောက်နိုင်မည်ဖြစ်ရာ စိတ်အားပိုမိုတက်ကြွစေသည့် ထိရောက်သောနည်းလမ်းကောင်းပင်ဖြစ်သည်။
6. တောင်တက်ခြင်း
တောင်တက်လမ်းလျှောက်ခြင်းသည် အစဦးပိုင်းတွင်ခက်ခဲနိုင်သော်လည်း ကိုယ်အလေးချိန်လျော့ကျရန် အထိရောက်ဆုံးသော လမ်းလျှောက်နည်းတစ်မျိုးဖြစ်သည့်အတွက် အားထုတ်ရကျိုးနပ်မည်ဖြစ်သည်။ အနီးအနားတွင်ရှိသော တောင်တက်၍ကောင်းမည့်နေရာများကိုရှာဖွေပြီး မိမိကိုယ်ကို စိန်ခေါ်လေ့ကျင့်သင့်သည်။ ထို့ပြင်တောင်တက်ခြင်းသည် မိမိ မိသားစုအတွက် ရုံးပိတ်ရက်ပျော်ရွှင်စရာ လှုပ်ရှားမှုလေးတစ်ခုလည်း ဖြစ်နိုင်ပေသေးသည်။
လမ်းလျှောက်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး စိတ်ကိုလန်းဆန်းတက်ကြွစေသည့်အပြင် မှတ်ဉာဏ်နှင့်အာရုံစူးစိုက်မှုကိုလည်း တိုးပွားစေသည့်အလျောက် လူတိုင်းလုပ်ဆောင်နိုင်သည့် လမ်းလျှောက်ခြင်းကို ပုံမှန်လုပ်ဆောင်သွားဖို့ တိုက်တွန်းဖော်ပြအပ်ပါသည်။
Dr. Thanda Lin






























