ကိုလက်စထရောများစေတဲ့ အကြောင်းရင်းတွေ
လူနေမှုပုံစံ၊ တချို့ရောဂါတွေနဲ့ မိသားစုရာဇဝင်တွေက ကိုလက်စထရောကို မြင့်တက်စေနိုင်ပါတယ်။
● နှလုံးရောဂါနဲ့ ကိုလက်စထရောများတဲ့ မိသားစုရာဇဝင်ရှိခြင်း : မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ မိသားစုလူနေမှုပုံစံ တူလို့သော်လည်းကောင်း ကိုလက်စထရောများတဲ့ မိသားစုဝင်တွေရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ နောက် မျိုးရိုးလိုက် ကိုလက်စထရောများတဲ့ရောဂါ ရှိခဲ့ရင်လည်း မကောင်းတဲ့ကိုလက်စထရောလို့ခေါ်တဲ့ LDL ကိုလက်စထရောတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ များနေတတ်ပါတယ်။
● ဆီးချိုရှိခြင်း : ဆီးချိုအမျိုးအစား-၂ ဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို တက်စေပြီး ကောင်းတဲ့ HDL ကိုလက်စထရောကို ကျစေလို့ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။
● အသက်ကြီးခြင်း : အသက်ကြီးလာတာနဲ့အမျှ ကိုလက်စထရောကို အရင်လို မစွန့်ပစ်နိုင်တော့ပါဘူး။
● အမျိုးသားဖြစ်နေခြင်း : အမျိုးသားတွေဟာ မကောင်းတဲ့ LDL ကိုလက်စထရော ပိုများတတ်ပြီး ကောင်းတဲ့ HDL ကိုလက်စထရော ပိုနည်းတတ်ပါတယ်။ ဒါပေမဲ့ သွေးဆုံးပြီးချိန်မှာတော့ အမျိုးသမီးတွေမှာလည်း LDL ကိုလက်စထရော မြင့်တက်လာပါတယ်။
● အဝလွန်ခြင်း : အဝလွန်ခြင်း၊ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် မစားသောက်ခြင်း၊ ကိုလက်လှုပ်ရှားမှုမပြုခြင်း စတာတွေကြောင့် ကိုလက်စထရောပမာဏ မြင့်တက်တတ်ပါတယ်။
● ယခင် ကိုလက်စထရော တက်ဖူးခြင်း : အရင်ကတည်းက ကိုလက်စထရောပမာဏ မြင့်တက်တတ်ရင် မကြာမကြာ ပိုစစ်ဆေးကြည့်ဖို့လိုပါလိမ့်မယ်။
>> ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုလက်စထရောပမာဏကို ထိန်းသိမ်းနိုင်ဖို့ ...
ရောဂါဖြစ်နိုင်ခြေဟာ ကိုလက်စထရောပမာဏအပြင် တခြားအကြောင်းရင်းများစွာအပေါ်မှာလည်း မူတည်နေပါတယ်။ ကိုလက်စထရောပမာဏကို ပုံမှန်ဖြစ်စေဖို့ -
● ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်ပါ : ပြည့်ဝဆီ၊ ပြောင်းလဲဆီ၊ အချိုသကြားနဲ့ ဆားဓာတ်များတဲ့ အစားအသောက်တွေကို ရှောင်ရှားပါ။ အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ၊ မပြည့်ဝဆီတွေဖြစ်တဲ့ ထောပတ်သီး၊ အစေ့အဆံတွေ များများစားပေးပါ။
● လှုပ်လှုပ်ရှားရှားနေပါ : တစ်ပတ်ကို အနည်းဆုံး ၂ နာရီနဲ့ မိနစ် ၃၀ လောက် စက်ဘီးစီး၊ လမ်းလျှောက်တာလိုမျိုး အလတ်စားလေ့ကျင့်ခန်းမျိုး ပြုလုပ်ပေးပါ။
● ဆေးလိပ်မသောက်ပါနဲ့ : ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးနဲ့ လေဖြတ်လေဖြန်းရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်မသောက်တတ်ရင် လုံးဝမသောက်ပါနဲ့။ သောက်တတ်ရင်လည်း ဖြတ်ဖို့ ကြိုးစားပါ။
● လိုအပ်ရင် ဆေးသောက်ပါ : ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်မယ်၊ လှုပ်လှုပ်ရှားရှားနေမယ်ဆိုရင် ဆေးသောက်စရာမလိုဘဲ ကိုလက်စထရောပမာဏကို လျှော့ချနိုင်ပါတယ်။ တချို့မှာတော့ ဆေးသောက်ဖို့ လိုနိုင်တာမို့ ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ဖို့ အရေးကြီးပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























