ကိုလက်စထရော ကျစေဖို့ ...
သွေးတွင်းကိုလက်စထရော များလာခြင်းဟာ နှလုံးရောဂါနဲ့ ဆက်နွယ်နေပါတယ်။ ဆေးတွေ သောက်တာကလည်း သွေးတွင်းကိုလက်စထရောကို ကျစေပေမယ့် လူနေမှုပုံစံကို ပြောင်းလဲတာက ပိုကောင်းတယ်နော်။ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်ရုံနဲ့တင် သွေးတွင်းကိုလက်စထရောကို ချပေးနိုင်တယ်နော်။ ပြီးတော့ ကိုလက်စထရော ကျစေတဲ့ဆေးတွေကိုလည်း ပိုပြီးအစွမ်းထက်စေပါတယ်။
>> ဘယ်လိုပြောင်းလဲရမလဲဆိုရင် -
၁။ နှလုံးအတွက်ကောင်းတဲ့ အစားအစာတွေကို စားပေးပါ။
စားသောက်ပုံလေး နည်းနည်းပြောင်းလိုက်ရုံနဲ့ ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်နှုန်းကို နည်းစေနိုင်တယ်နော်။
● ပြည့်ဝဆီတွေကို ရှောင်ပါ : အသားနဲ့ အဆီပြည့်နို့တွေမှာပါတဲ့ ပြည့်ဝဆီတွေဟာ သွေးတွင်းကိုလက်စထရောကို တက်စေနိုင်တယ်။ ဒီလိုအဆီပြည့်နို့တွေကို လျှော့စားပေးတာက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျသွားစေလိမ့်မယ်နော်။
● ပြောင်းလဲဆီတွေကို ရှောင်ပါ : မာဂျရင်းတွေ၊ စတိုးဆိုင်မှာရောင်းတဲ့ ကွတ်ကီးတွေ၊ ကရက်ကာတွေ၊ ကိတ်တွေမှာပါတတ်တဲ့ ပြောင်းလဲဆီတွေဟာ ကိုလက်စထရောဓာတ်ကို တက်စေနိုင်တယ်။
● အိုမီဂါ ၃ အဆီဓာတ်များတဲ့ အစားအသောက်တွေကို များများစားပေးပါ : အိုမီဂါ ၃ အဆီဓာတ်ဟာ LDL ကိုလက်စထရောအမျိုးအစားကို မကျစေနိုင်ပေမယ့် သွေးပေါင်ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ အိုမီဂါ ၃ အဆီဓာတ်ဟာ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ငါးသလောက်၊ သစ်ကြားသီးနဲ့ နှမ်းကြတ်စေ့တွေမှာ ပါတယ်နော်။
● အမျှင်ဓာတ်များတဲ့ အစားအသောက်တွေကို စားပေးပါ : အမျှင်ဓာတ်များတဲ့ အစားအသောက်တွေဟာ သွေးထဲ ကိုလက်စထရော စုပ်ယူမှုကို ဟန့်တားပေးလို့ အမျှင်ဓာတ်များတဲ့ အုတ်ဂျုံ၊ ပဲလိပ်ပြာ၊ ပဲပင်ပေါက်၊ ပန်းသီး၊ သစ်တော်သီးတွေကို များများစားပေးပါ။
● ဒိန်ရည်ပရိုတင်း ထည့်စားပေးနော် : နို့နဲ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ပရိုတင်းတစ်မျိုးကို ထည့်စားပေးတာက LDL ကိုလက်စထရောရော၊ စုစုပေါင်း ကိုလက်စထရောကိုပါ ကျစေနိုင်တဲ့အပြင် သွေးတိုးပါ ကျစေနိုင်တယ်နော်။
၂။ လေ့ကျင့်ခန်းလေး လုပ်ပေးပြီး လှုပ်လှုပ်ရှားရှားနေပါ။
လေ့ကျင့်ခန်း လုပ်တာက ကိုလက်စထရောကို ကျစေနိုင်တယ်နော်။ ဒါ့အပြင် လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးတာက ကောင်းတဲ့ ကိုလက်စထရောဖြစ်တဲ့ HDL ကိုလက်စထရောကိုလည်း တက်စေနိုင်တယ်နော်။ ပုံမှန်လေ့ကျင့်ခန်းမျိုးကို တစ်ပတ် ၅ ရက် တစ်နေ့မိနစ် ၃၀ လောက်ကို ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့်ခန်မျိုးကို တစ်ပတ် ၃ ရက် တစ်နေ့ မိနစ် ၂၀ လောက် လုပ်ပေးပါ။
တစ်နေ့ နည်းနည်းစီ ခဏခဏလုပ်ပေးရင်လည်း ကိုယ်အလေးချိန်ကို ကျစေနိုင်တယ်။
● နေ့လယ်စာစားချိန် လမ်းအမြန်လျှောက်ပေးတာ
● အလုပ်ကို စက်ဘီးစီးသွားတာ
● ကိုယ်ကြိုက်တဲ့ အားကစားတစ်ခုခု လုပ်တာမျိုး လုပ်ပေးပါ။
စိတ်အားတက်ကြွဖို့အတွက်ကတော့ လေ့ကျင့်ခန်းလုပ်ဖော်ရှာတာ၊ လေ့ကျင့်ခန်းအဖွဲ့ဝင်တာမျိုး လုပ်သင့်ပါတယ်။
၃။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ဖြတ်တာဟာ ကောင်းတဲ့ကိုလက်စထရော HDL ကိုလက်စထရောကို တက်စေနိုင်တယ်။
● ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ အတွင်းမှာ ဆေးလိပ်ကြောင့် ထိခိုက်နေတဲ့ သွေးပေါင်နဲ့ နှလုံးခုန်နှုန်းတွေ သက်သာသွားတတ်တယ်။
● ဆေးလိပ်ဖြတ်ပြီး ၃ လအတွင်းမှာ သွေးလည်ပတ်မှုနဲ့ အဆုတ်လုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာတတ်တယ်။
● တစ်နှစ်အကြာမှာတော့ နှလုံးရောဂါဖြစ်နှုန်းဟာ ဆေးလိပ်သောက်တဲ့သူတွေထက် တစ်ဝက်လျော့သွားပါတယ်။
၄။ ကိုယ်အလေးချိန် ချပေးပါ။
ကိုယ်အလေးချိန် တက်နေခြင်းက သွေးတွင်းကိုလက်စထရောကို များစေနိုင်တယ်။ တကယ်လို့ အချိုရည်တွေ ကြိုက်တတ်တယ်ဆိုရင် ရေပြောင်းသောက်ပါ။ ပြောငး်ဖူးပေါက်ပေါက်တွေ၊ အချိုမုန့်တွေ စားချင်စားပါ။ ဒါပေမဲ့ ကယ်လိုရီကိုတော့ ပြန်တွက်သင့်တယ်နော်။ အချိုကြိုက်တတ်တယ်ဆိုရင် နွယ်ချိုဖြစ်ဖြစ်၊ အဆီမပါတဲ့ ချိုချဉ်မျိုးဖြစ်ဖြစ် စားပေးပါ။
နေ့စဉ်ဘဝမှာ လှုပ်ရှားမှုလေးတွေ ရှိပါစေ။ ဓာတ်လှေကား စီးမယ့်အစား လှေကားနဲ့ အတက်အဆင်း လုပ်တာမျိုး၊ ရုံးနဲ့ဝေးဝေးမှာ ကားရပ်တာမျိုး လုပ်ပေးပါ။ အလုပ် ခဏနားချိန်မှာ လမ်းလျှောက်ပေးပါ။ ချက်ပြုတ်တာမျိုး၊ ခြံရှင်းတာလိုမျိုး ရပ်ရတဲ့အလုပ်မျိုးကို လုပ်ပေးပါ။
၅။ အရက်ကို မျှတရုံလောက်ပဲ သောက်ပါ။
အရက်ကို သင့်တင့်ရုံလောက်ပဲ သောက်ပေးရင် HDL ကိုလက်စထရောကို များစေနိုင်တယ်။ ဒါပေမဲ့ အရက် မသောက်တတ်တဲ့သူတွေကိုပါ သောက်ခိုင်းရလောက်တဲ့အထိတော့ အကျိုးမထူးလှပါဘူး။
အရက်သောက်တတ်တဲ့သူတွေအတွက်တေ့ာ မျှတရုံလောက်သာ သောက်စေချင်တယ်။ သာမန်လူတစ်ယောက်အတွက်ဆိုရင် အမျိုးသမီးတွေနဲ့ အသက် ၆၅ နှစ်ကျော် အမျိုသားတွေက တစ်နေ့ ၁ ခွက်၊ အသက် ၆၅ နှစ်အောက် အမျိုးသားတွေ တစ်နေ့ ၂ ခွက်လောက် သောက်ပေးလို့ရတယ်။
အရက် အရမ်းသောက်ရင်လည်း သွေးတိုးတာ၊ နှလုံးအားနည်းတာ၊ လေဖြတ်လေဖြန်းတာတွေအထိ ဖြစ်နို်င်တယ်။
>> နေ့စဉ်နေထိုင်မှုပုံစံတွေကို ပြောင်းလဲရုံလောက်နဲ့ မရဘူးဆိုရင်
ဒီလိုအချိန်မျိုးမှာတော့ ဆေးသောက်ဖို့ လိုလာပြီနော်။ ဘယ်လိုပဲဖြစ်ဖြစ် နေထိုင်စားသောက်ပုံ ပြောင်းသူတွေမှာ ဆေးပမာဏ အနည်းဆုံး သောက်လို့ရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























