/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုလက်စထရော-စစ်ကြည့်ကြမယ်

ကိုလက်စထရော စစ်ကြည့်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုလက်စထရောပမာဏကို စစ်ဆေးခြင်းဟာ ကျန်းမာရေးအတွက် အရေးပါတဲ့စစ်ဆေးမှုတစ်ခုပါ။ ကိုလက်စထရောပမာဏ မြင့်တက်မှုဟာ သေဆုံးနှုန်းများစေတဲ့ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်လေဖြန်းရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း ဖြစ်နေနိုင်ပါတယ်။ ကဲဒီတော့ ကိုလက်စထရော စစ်ဆေးမှုဟာ ဘာကြောင့်အရေးကြီးတယ်ဆိုတာ အသေးစိတ် ကြည့်ကြည့်ရအောင်နော်။
ကိုလက်စထရောဆိုတာ ဖယောင်းလိုအဆီတစ်မျိုးဖြစ်ပြီး ဟော်မုန်းတွေတည်ဆောက်ဖိူ့နဲ့ အဆီတွေ ချေဖျက်ရာမှာ အရေးပါပါတယ်။ ကိုယ်ခန္ဓာက ကိုယ်တိုင် လိုအပ်တဲ့ကိုလက်စထရောကို တည်ဆောက်နိုင်ပြီး ကြက်ဥအနှစ်တို့၊ အသားအဆီတို့ကနေလည်း ကိုလက်စထရောကို ရရှိနိုင်ပါတယ်။ ကိုလက်စထရောပမာဏ များလာတဲ့အခါမှာတော့ သွေးကြောတွေထဲမှာ စုပုံလာပြီး နှလုံးသွေးကြောပိတ်ရောဂါတွေ၊ လေဖြတ်လေဖြန်းရောဂါတွေ ဖြစ်လာတတ်ပါတယ်။ ကိုလက်စထရောများနေပြီဆိုတဲ့ သီးသန့်လက္ခဏာရပ်ရယ်လို့ မရှိတာမို့ ကိုလက်စထရောပမာဏကို စစ်ဆေးကြည့်ဖို့က အရေးကြီးတာပါ။

>>  ဘယ်အသက်အရွယ်မှာစစ်သင့်သလဲ?
အသက် ၆-၁၉ နှစ်အရွယ် လူငယ် ၅ ယောက်မှာ ၁ ယောက်လောက်ဟာ ကိုလက်စထရောပမာဏ မြင့်တက်နေတတ်ပြီး အသက် ၂၀ ကျော် အမေရိကန်လူမျိုး ၉၅ မီလီယံလောက်ဟာ ကိုလက်စထရောပမာဏ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာရယ်လို့မရှိတာမို့ ကိုလက်စထရော မြင့်တက်လို့တက်နေမှန်း မသိကြပါဘူး။ ဒါကြောင့် အသက်ငယ်ပေမယ့်လည်း ကိုလက်စထရောပမာဏကို စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။
●  အသက် ၉-၁၁ နှစ်အတွင်းမှာ ၁ ကြိမ်
●  အသက် ၁၇-၂၁ နှစ်အတွင်းမှာ ၁ ကြိမ်
●  ဒီနောက်ပိုင်းမှာတော့ ၄-၆ နှစ်တစ်ခါလောက် စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။
မိသားစုထဲ နှလုံးရောဂါတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးဖောက်တာတွေရှိရင်၊ ကလေးမှာ ဆီးချိုတို့၊ အဝလွန်ရောဂါတို့ရှိရင် ဒီ့ထက်ပိုစစ်ဆေးသင့်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။

>>  ဒီလိုမစစ်ဆေးကြည့်ခင် သိထားသင့်တာတွေက -
ကိုလက်စရောစစ်တယ်ဆိုတာ ရိုးရိုးသွေးဖောက်စစ်တာပါပဲ။ ဒီလိုမစစ်ဆေးခင်မှာ ဆရာဝန်က ၉-၁၂ နာရီလောက် ရေကလွဲပြီး ဘာမှမစားမသောက်ဖို့ မှာပါလိမ့်မယ်။ စစ်ဆေးရာမှာ -
●  စုပေါင်းကိုလက်စထရောပမာဏ : ၂၀၀mg/dlအောက်ဆို ပုံမှန်လို့ ယူဆပါတယ်။
●  LDL ကိုလက်စထရောပမာဏ : ၁၀၀mg/dl အောက်ဆိုရင် ပုံမှန်လို့ယူဆပါတယ်။ ဒီကိုလက်စထရောဟာ သွေးကြောတွေမှာ စုပုံပိတ်ဆို့နိုင်ပြီး နှလုံးသွေးကြောပိတ်ခြင်းနဲ့ လေဖြတ်လေဖြန်းခြင်းတို့ကို ဖြစ်စေနိုင်တာမို့ မကောင်းတဲ့ကိုလက်စထရောလို့ ယူဆပါတယ်။
●  HDL ကိုလက်စထရော : ၄၀mg/dl အထက်ဆို ကောင်းပါတယ်။ သွေးကြောထဲမှာ ကိုလက်စထရောစုပုံခြင်းကို တားဆီးပေးတာမို့ ကောင်းတဲ့ကိုလက်စထရောလို့ ခေါ်ပါတယ်။
●  Triglyceride အဆီဓာတ် : သွေးထဲကအဆီတစ်မျိုးဖြစ်ပြီး ၁၅၀mg/dl အောက် ရှိရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)