ကောင်းတယ်ထင်ပြီး လုပ်နေမိတဲ့ အကျင့်ဆိုးတွေ
● ရေကူးကန်ထဲမှာ ရေကူးခြင်းဟာ အကြောတွေ ပြေလျော့စေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းလို့ လက်ခံထားကြပါတယ်။ ဒါပေမဲ့ ရေကူးတဲ့ကန်ရဲ့အပူချိန် မညီမျှတဲ့အခါ ရေရှည်မှာ နှလုံး ထိခိုက်စေပါတယ်။
● ဂလူတန် မပါဘူးဆိုတိုင်း အန္တရာယ် မကင်းပါဘူး။ ဓာတ်မတည့်သူတွေအတွက် အဆင်ပြေအောင် အကောင်းဆုံး ထုတ်ထားပေမယ့် သကြား၊ ထောပတ်နဲ့ အဆီတက်စေတဲ့ဓာတ်တွေ ပါဝင်နေပါသေးတယ်။ ဂလူတန်ဖရီးကွက်ကီးဆိုပြီး အများကြီး စားလိုက်လို့ အဆင်မပြေပါဘူး။
● ထောပတ်ဟာ ကျန်းမာရေးရဲ့ ရန်သူပါ။ ထောပတ် အစားထိုးအနေနဲ့ ထုတ်ထားတဲ့ မာဂျရင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာလည်း မမှန်ကန်ပါဘူး။ မာဂျရင်းဟာ ထောပတ်လိုပဲ ကျန်းမာရေးပြဿနာ ရှိနိုင်တာကြောင့် ချင့်ချိန်စားသုံးရမှာပါပဲ။
● နေမကောင်းဖြစ်တိုင်း ဆရာဝန်ဆီပြေးတာ သိပ်တော့လည်း မမှန်ပါဘူး။ ရိုးရိုးအအေးမိတာလောက်ကတော့ အိမ်မှာ စွပ်ပြုတ်လေးသောက် စောင်လေးခြုံ ပါရာစီတမောလေး သောက်ပြီး နားနေလိုက်ရင် အဆင်ပြေတာပဲလေ။
● ချောင်းဆိုးတိုင်း ပဋိဇီဝဆေး သောက်မယ်ဆိုသူတွေအနေနဲ့ သိဖို့က ချောင်းဆိုးတယ်ဆိုတာ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးဝင်လို့ ဖြစ်တာပါ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါကို ပဋိဇီဝဆေး သွားသောက်တာက အပိုဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ချွဲကြေဆေးလေး သောက်၊ အစားအစာ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်စားပြီး နားလိုက်ရင် ရပါပြီ။ မသက်သာမှ ဆရာ၀န်ပြပေါ့။
● လက်သန့်ဆေးရည်တွေ ခေတ်စားလာတာနဲ့အမျှ လူတိုင်းက လက်သန့်စင်တာကို ခေတ်မှီတဲ့ အကျင့်တစ်ခုလို လိုက်နာကျင့်သုံးလာကြပါတယ်။ ဒီမှာ တစ်ခုပြောစရာရှိတာက လက်သန့်ဆေးရည်တွေ ဂျယ်လ်တွေက လက်အရေပြားကို ခြောက်သွေ့စေပြီး တွန့်စေပါတယ်။ ဆပ်ပြာပေါပေါနဲ့ ရေများများသုံးပြီး သေချာဆေးကြောတာက ပိုးလည်းကင်း၊ လက်အရေပြားကိုလည်း အသားအရေ မတွန့်အောင် ကာကွယ်ပြီး ဖြစ်စေပါတယ်။
● စိတ်သက်သာရာအနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဘဝတစ်ခု ထူထောင်ပြီး အပြင်လောကနဲ့ ဆန့်ကျင်ဘက်အခြေအနေတွေကို ဖန်တီးမယူပါနဲ့။ လိုင်းပေါ်မှာ ပြုပြင်ဖန်တီးထားတဲ့ ပုံလှလှတွေတင်ပြီး အာရုံစိုက်မှု ရှာကြပါတယ်။ တကယ်တော့ ဒီလိုအာရုံစူးစိုက်မှု ရှာတဲ့အဖြစ်ဟာ စိတ်ပိုင်းဆိုင်ရာမှာ ဘာမှကောင်းကျိုးမပေးပါဘူးနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























