/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကောင်းသလား-ဆိုးသလား-…-poke’mon

ကောင်းသလား ဆိုးသလား … Poke’mon

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         Poke’mon Go  ဂိမ်းဟာ စိတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိတယ်ဆိုတာ ဖြစ်နိုင်ခြေ ရှိပါတယ်လို့ ဆိုပါတယ်။ နာမည်ကြီးဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Nintendo က ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းကမှ ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ တယ်လီဖုန်းဂိမ်းတစ်ခုဖြစ်တဲ့ Poke’mon Go ဟာ ဗိုင်းရပ်စ်ပိုးလိုပဲ လျင်မြန်စွာပြန့်နှံ့နေပြီးတော့ ကမ်ဘာတစ်ဝန်းက ကစားသူပေါင်းများစွာအကြား ရေပန်းစားလျက်ရှိပါ တယ်။ Poke’mon Goကို နာရီများစွာကစားပြီးနောက်မှာ လူတော်တော်များများဟာ လမ်းလျှောက်ဖြစ်တာကြောင့် ကျန်းမာရေးလှုပ်ရှားမှုတစ်ခုလိုတောင်ဖြစ်ကြောင်း၊ အရင်ကထက် နေလို့ထိုင်လို့ကောင်းလာကြောင်းကို  ချီးမွမ်းပြောကြားလျက်ရှိပါတယ်။

         အသက် 26 နှစ် ရှိပြီဖြစ်တဲ့ HiRez David ဟာ စာအုပ်ကြီးသမားဖြစ်ပြီး လူတွေနဲ့ သိပ်အပေါင်း အသင်းလုပ်လေ့မရှိဘဲ လူများနဲ့ အပြင်ထွက်ကာနီးတိုင်း အချိန်ယူပြီး စိတ်ကိုပြင်ဆင်ရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း သူဟာစိတ်ပူပန်စိုးရွံ့လွန်လို့ ဆရာဝန်ပေးတဲ့ဆေးပုံမှန်သောက်ခဲ့ရပါတယ်။ ဒါပေမယ့် ယခုသီတင်းပတ်အဆုံးမှာ သူငယ်ချင်းတွေနဲ့အတူ Poke’mon Go ဆော့ရင်း အပြင်မှာ နာရီများစွာကုန်ဆုံးခဲ့ပါတယ်။ ယခုသီတင်းပတ်တွင် အိမ်မှာထက် အပြင်မှာ ပိုအနေများခဲ့သည်မှာ အံ့သြစရာဖြစ်ကြောင်း၊ တနင်္ဂနွေနေ့မှာ သမိုင်းဝင်ဗိမာန်နားတွင် လေး၊ ငါးနာရီခန့် လျှောက်သွားခဲ့ရာ ပုံမှန်နေ့များတွင်လုပ်ဆောင်သည့် လှုပ်ရှားမှုထက် 80 ရာခိုင်နှုန်း လေ့ကျင့်ခန်း ပိုလုပ်ဖြစ်ခဲ့တယ်လို့ David ကပြောကြားခဲ့ပါတယ်။

         ဂိမ်းအတွင်းမှာ ကစားသူဟာ လေ့ကျင့်ပေးသူ (Trainer) နေရာကနေပြီးတော့ ပိုကီမွန်လို့ ခေါ်တဲ့ ဂိမ်းတွင်းအကောင်လေးတွေကို အပြင်မှာလမ်းလျှောက်ပြီး လိုက်ဖမ်းရပါတယ်။ ဂိမ်းမှာ ဖုန်းရဲ့ နေရာပြစနစ် (GPS) နဲ့ ဖုန်းကင်မရာကို အသုံးပြုထားပြီးတော့ ကစားသူအပြင်မှာ လျှောက်သွားတဲ့ နေရာအလိုက် ဖုန်းမျက်နှာပြင်ပေါ်မှာ အကောင်ပေါ်လာပြီး ဖမ်းရတာဖြစ်ပါတယ်။ အကောင်ပေါ်လာ ကာနီးရင် ဖုန်းမှာအချက်ပြပြီးတော့ ကစားသူက အချက်ပြတဲ့နေရာကို လျှောက်သွားပြီးဖမ်းရပါတယ်။ ဂိမ်းကစားသူအများစုဟာ ဂိမ်းကို စွဲလန်းနေပြီလို့ပြောကြားခဲ့ကြပြီး ဂိမ်းအတွင်းခိုင်းစေချက်တွေကို လုပ်ဆောင်ပြီး အကောင်များစွာဖမ်းမိဖို့အတွက် တစ်ရက်ကို မိုင်ပေါင်းများစွာလမ်းလျှောက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ တချို့လူတွေမှာ လေ့ကျင့်ခန်းများလုပ်သလို ကြွက်သားတွေနာကျင်မှုကို ခံစားရ တယ်လို့ဆိုပါတယ်။

        ကစားသူတွေညွှန်းဆိုနေတဲ့ စိတ်ကျန်းမာရေးအကျိုးကျေးဇူးတွေဟာ အံ့သြစရာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်တက်ကြွလန်းဆန်းစေတယ်ဆိုတာ အချိန်ကြာမြင့်စွာသိရှိထားပြီးဖြစ်ပါတယ်။ Poke’mon Go ဂိမ်းနဲ့ပတ်သက်ပြီး နှစ်သက်စရာတွေ အများကြီးရှိပါတယ်။ လူမှုရေးထိတွေ့ဆက်ဆံမှုနဲ့ လှုပ်ရှားသွားလာမှုတွေရရှိတဲ့အပြင် အဲဒီအပြုအမူ နှစ်မျိုးကနေ စိတ်တက်ကြွကောင်းမွန်ခြင်း၊ စိတ်လှုပ်ရှားမှုနဲ့ စိတ်ဓာတ်ကျမှုလျော့နည်းခြင်း၊ ကိုယ်ခံအားကောင်းမွန်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိပြီး နေရောင်နဲ့ထိတွေ့သွားလာရတဲ့အတွက် ဗီတာမင်ဒီဓာတ်ရဲ့အကျိုးကျေးဇူးများကိုလည်း ရရှိမှာဖြစ်ပါတယ်လို့ မီဒီယာစိတ်ပညာသုတေသနဗဟို မှ Pamela Rutledge ကပြောကြားခဲ့ပါတယ်။ ဂိမ်းထဲမှာ ဒေသဆိုင်ရာ အထိမ်းအမှတ်အဆောက် အအုံနဲ့နေရာတွေကို ဂိမ်းရမှတ်တွေရရှိနိုင်တဲ့နေရာ PokeStops တွေအနေနဲ့ သတ်မှတ်ထားတဲ့ အတွက် ဂိမ်းကစားသူတွေကို မိမိဒေသဆိုင်ရာပတ်ဝန်းကျင်ဗဟုသုတတွေကို လေ့လာမိစေမှာ ဖြစ်ပါတယ်။

        ဒါပေမယ့် ဖုန်းနဲ့ ဂိမ်းဆော့ရင်း ပိုကီမွန်အကောင်လိုက်ဖမ်းတာမှာ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဂိမ်းကစားရင်း မိမိဘယ်နေရာရောက်နေလဲဆိုတာကို အာရုံမရှိတာ ဖြစ်နိုင်လို့ပါ။ လူ 2 ယောက်ဆိုရင် ချောက်ကမ်းပါးထဲပြုတ်ကျတဲ့အထိတောင် ဖြစ်ခဲ့ကြပါတယ်။ အသက်မသေလို့ သာ တော်သေးတာပါ။ Poke’mon Go ဂိမ်းကို အလွန်အကျွံဆော့ကစားခြင်းအားဖြင့် တခြားလုပ်သင့်တဲ့အလုပ်တွေကို မလုပ်နိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ လုံခြုံရေးအန္တရာယ်လည်း ရှိနိုင်ပြီး တော့ မစ်ဆူရီနဲ့ ပန်ဆိုင်ဗန်းနီးယားမှာရှိတဲ့ နည်းပညာကျွမ်းကျင်သူသူခိုးအချို့ဟာ ဂိမ်းထဲကအင်္ဂါရပ် တချို့ကို အသုံးချပြီးတော့ အကြောင်းမသိတဲ့ဂိမ်းကစားသူတွေကို မက်လုံးပေးဆွဲဆောင်ပြီးနောက် လုယက်မှုတွေကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ ဂိမ်းကို လမ်းလျှောက်ပြီး ကစားဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် အချို့ကစားသူတွေဟာ ကားမောင်းရင်းပါ ကစားကြတာကြောင့် လမ်းပေါ်မှာ မတော်တဆမှုတွေ ဖြစ်တာပါ တွေ့ရပါတယ်။

          Poke’mon Go ဂိမ်းကို အန္တရာယ်ကင်းကင်းနဲ့ကစားနိုင်ဖို့အတွက် St. George Utah ရဲဌာနက ထုတ်ပြန်ထားတဲ့ အောက်ပါဆောင်ရန်ရှောင်ရန်တွေကို လိုက်နာဖို့လိုပါတယ်။

၁။ ပုဂ္ဂလိကပိုင်နက်မြေ (သူများပိုင်နက်မြေ) ကို မကျူးကျော်ပါနဲ့။ ပိုကီမွန်တစ်ကောင် ပေါ်တိုင်း အဲ့ဒီနေရာကို ဝင်သွားလို့မရပါဘူး။ သူများပိုင်နက်မြေကို ခွင့်မတောင်းဘဲ ဝင်ရောက်ခွင့်မရှိပါ။

၂။ လုယက်မှုကျူးလွန်ဖို့ လုပ်ဆောင်ထားတဲ့ မသမာသူတွေရဲ့ မက်လုံးပေးဂိမ်းကစားခန်းတွေကို သတိပြုပါ။ ဖြစ်နိုင်လျှင် ဂိမ်းကစားရာတွင် တစ်ယောက်တည်း လုံးဝလျှောက်မသွားသင့်ပါ။

၃။ ကားမောင်းနေစဉ်တွင်း ဂိမ်းမကစားပါနဲ့။

၄။ ဂိမ်းကစားရင်းလမ်းလျှောက်နေစဉ်တွင် မိမိပတ်ဝန်းကျင်ကို ဂရုပြုသတိရှိပါ။

 

Dr. Thanda Lin

www.drmyanmar.com